ဆရာ၀န်စုံထောက် (7) မြန်မာနိ်ုင်ငံမှာ ရှာဖွေတွေ့ရှိတဲ့ပိုး
နိုင်ငံခြားဆေးရုံမှာ အလုပ်လုပ်စဉ် အချို့ဆရာ၀န်တွေက ကိုယ်ဘယ်တိုင်းပြည်ကလာသလဲမေးလို့ “မြန်မာနိုင်ငံကလာတာပါ” လို့ ဖြေရင် “မြန်မာနိုင်ငံဆိုတာ ဘယ်နေရာမှာရှိသလဲ” လို့ ပြန်မေးတတ် ကြပါတယ်။ မြန်မာ (Myanmar) ကို ယခင်က ဗမာ (Burma) လို့ခေါ်တဲ့အကြောင်းပြန်ရှင်းပြလိုက်တော့ “အို …. ဒါ Melioidosis ဖြစ်စေတဲ့ပိုးကို စတင်တွေ့ရှိတဲ့ တိုင်းပြည်ပဲ” ဆိုပြီး သူတို့ ကျောင်းတက်စဉ်က ကျက်ခဲ့ရတဲ့စာကို အမှတ်ရပြီးပြန်ဖြေတာ ကြုံခဲ့ရဖူးပါတယ်။ ဒီပိုးအကြောင်းကို ကျွန်မတို့မြန်မာနိုင်ငံက ဆရာ၀န်တွေထဲမှာ သိတာဘယ်နှယောက်ရှိသလဲလို့ မေးလာရင် သိတဲ့သူ တော်တော်လေးနည်းမှာ သေချာပါတယ်။
ဒီရောဂါကိုဖြစ်စေတဲ့ ဘတ်ခ်ခိုဒယ်ရီးယား ဆူဒိုမယ်လီရိုင် (Burkholdreia Pseudomallei) ပိုးဟာ မြန်မာနိုင်ငံ ရဲ့ ရန်ကုန်ဆေးရုံကြီးမှာ 1911 ခုနှစ်က ဒေါက်တာဟွစ်တ်မိုး (Dr.Whitmore) နဲ့ သူ့ရဲ့တပည့် ဒေါက်ခရစ်ရှနားဆွာမ် (Dr.Krishnaswani) တို့က ရင်ခွဲရုံမှာ အဆုတ်ရောင်အဖျားကြီးပြီး သေဆုံးသွားကြတဲ့ ဘိန်းစားတွေကို စစ်ဆေးကြည့်ရာ မှာ စတင်တွေ့ရှိတဲ့ ဗက်တီးရီးယားပိုးတစ်မျိုးပဲဖြစ်ပါတယ်။ ဒီပိုးဟာ အလွန်ပြင်းထန်ပြီး သွေးဆိပ်တက်ခြင်း (septicaemia) ဖြစ်ကာ အသေအပျောက်များတဲ့ မီလွိုက်ဒိုးစစ် (Melioidosis) ဆိုတဲ့ရောဂါကို ဖြစ်စေတဲ့ ပိုးတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီဘိန်းစားတွေမှာ အဆုတ်ပြည်တည်ပြီး ဂလိုင်ပေါက်တွေဖြစ်နေတာ တွေ့ခဲ့ရပါတယ်။ အခြားကလီစာ အနှံ့မှာလည်း ပြည်တည်တာတွေ့ခဲ့ရပါ တယ်။ ရောဂါခုခံနိုင်စွမ်း (Immunity) နည်းတဲ့သူတွေ အထူးသဖြင့် ဆီးချို သွေးချိုရောဂါရှိသူတွေမှာ ပိုပြီးဖြစ်တတ်ပါတယ်။ ပိုးက ရွှံနွံတွေမှာရှိနေတာမို့ လယ်ယာလုပ်သူတွေ ဖြစ်နိုင်ခြေပိုရှိပါတယ်။ အချို့ရွှံ့နွံထဲ မသွားပေမဲ့ မသန့်တဲ့ရေကို သောက်သုံးမိရာကလည်း ဒီရောဂါကို ဖြစ်စေတတ်ပါတယ်။
ဒီ Burkholderia Pseudomallei ကို ဆူဒိုမိုးနပ်စ် ဆူဒိုမယ်လီရိုင် (Pseudomonas pseudomallei) လို့ ယခင်က ခေါ်ပါတယ်။ ဒီရောဂါပိုးကို မြန်မာနိုင်ငံမှာ တွေ့ရှိရပြီးတဲ့နောက်ပိုင်းမှာ ဒီရောဂါမြန်မာနိုင်ငံမှာဖြစ်တဲ့သူတွေ အကြောင်းဖော်ပြထားတဲ့ ဆေးစာတွေသိပ်မတွေ့ရှိရပါဘူး။ အဓိကအကြောင်းရင်းကတော့ ဒီရောဂါဖြစ်နေမှန်း ထူးခြားတဲ့သီးသန့်ရောဂါလက္ခဏာရယ်လို့ မရှိဘဲ သာမန်အပြင်းဖျားတဲ့ရောဂါတွေနဲ့တူနေလို့ မသိလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီရောဂါဖြစ်နေမှန်း သက်သေပြနိုင်တဲ့ အဓိကစစ်ဆေးချက်တစ်ခုကတော့ သွေး (သို့မဟုတ်) သလိပ်နဲ့ ပြည်တွေကို သေချာစွာ ပိုးမွေးစစ်ဆေးမှသာ ဖော်ထုတ်နိုင်မှာဖြစ်ပါတယ်။ ပိုးမမွေးဘဲ ပိုးသတ်ဆေးထိုးနေရင် သို့မဟုတ် ဓာတ်ခွဲခန်း ကောင်းကောင်းမရှိရင် ဒီရောဂါကိုမျက်စိလျှမ်းပြီး ရှာမတွေ့ရတာဖြစ်တတ်ပါတယ်။ တိကျတဲ့ ကုထုံးမရရှိနိုင်ရင်လည်း အသက်အန္တရာယ်အလွန်များပါတယ်။ တိကျတဲ့ ပိုးသတ်ဆေးတွေကို ပမာဏများများနဲ့ အချိန်သုံးလခန့်ထိ ကြာမြင့်စွာဆက်တိုက်ပေးထားနိုင်ပါမှသာ ကုသအောင်မြင်မှာ ဖြစ်ပါတယ်။ ပိုးရှာမတွေ့ခဲ့ရင် ပိုးသတ်ဆေး သုံးလထိ ပေးဖြစ်မည်မဟုတ်ဘဲ အဖျားကျတာနဲ့ ဆေးဖြတ်လိုက်ကြစမြဲမို့ရောဂါပျောက်ကင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ပိုးကို အရင်ဦးဆုံးရှာတွေ့ဖို့ အလွန်အရေးကြီးလှပါတယ်။
ဒီရောဂါတွေဟာ မြန်မာနိုင်ငံမှာ စတင်တွေ့ရှိဖူးတာမို့ မြန်မာနိုင်ငံမှာ သိပ်ရှားမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီရောဂါမျိုးဖြစ်နေတဲ့ လူနာမှတ်တမ်း (Case report) များ တင်ပြထားတာ သိပ်မများပါဘူး။ တကယ်ပဲ သိပ်မများတာလား၊ ပိုးရှိပေမဲ့ ခံနိုင်ရည်ရှိကြဖို့ သိပ်မဖြစ်တာလား၊ ဖြစ်နေမှန်းမသိရှိတာလားဆိုတာ စဉ်းစားစရာဖြစ်နေပါတယ်။
Melioidosis ရောဂါဖြစ်နေမှန်း ခက်ခဲစွာဖော်ထုတ်ခဲ့ရဖူးတဲ့ လူနာတစ်ဦးအကြောင်းကို တင်ပြလိုက်ရပါတယ်။
အသက် 35 နှစ်ခန့် အမျိုးသမီးလူနာတစ်ဦးကို သူမရဲ့ မောင်ဖြစ်သူက ခေါ်ဆောင်လာခဲ့ပါတယ်။ လူနာ၏အမည်မှာ ဒေါ်သူဇာဖြစ်ပြီး မောင်ဖြစ်သူမှာ ဦးသူရဖြစ်ပါတယ်။
ကိုသူရ
ဆရာမရေ …. ကျွန်တော့်အစ်မ အပြင်းဖျားပြီး မျက်စိတွေဝါးနေလို့ ကြည့်ပေးပါဦး။
ဆရာမ
ဖျားတာ ဘယ်နှရက်ရှိပြီလဲ။ မျက်စိဝါးနေတာလား၊ မမြင်လို့ မှုန်နေတာလား၊ တခြားရောဘာတွေဖြစ်သေးလဲ။
ဒေါ်သူဇာ
ဖျားနေတာ 3 ရက်ရှိပါပြီ။ မျက်စိက ပုံရိပ်နှစ်ထပ်ဖြစ်နေတယ်။ ခေါင်းတွေလည်း အရမ်းကိုက်တယ်။
ဦးသူရ
မိသားစုဆရာ၀န်က ပိုသတ်ဆေးပေးထားတာ မျက်စိဝါးလို့ပြန်သွားပြောတော့ မျက်စိဆရာ၀န်ဆီပဲ သွားခိုင်းလိုက်တယ်။ ကျွန်တော်တို့က သူ့ပုံစံမကြိုက်တာနဲ့ ဆရာမဆီခေါ်လာတာ။
ဆရာမ
အဖျားလည်းကြီးပြီး ခေါင်းကိုက်ရင် ဆေးရုံတက်ဖို့ လိုအပ်လိမ့်မယ်။ ပိုးသတ်ဆေးလည်း ထိုးဖို့လိုမယ်။
ဆေးရုံမှာတော့ သူ့ကိုဖြစ်နိုင်တဲ့အဖျားရောဂါတွေ အားလုံးရှာကြည့့်ပါတယ်။ ငှက်ဖျားပိုးလည်းမရှိ။ ဆီးပိုး၊ သွေးထဲရောက်ရှိနေတဲ့ ပိုးတွေမွေးထားပါတယ်။ သွေးဖြူဥတွေ စစ်ကြည့်တော့လည်း အနည်းငယ်သာ မြင့်တက်နေတာတွေ့ရပါတယ်။ အဆုတ်ကို ဓာတ်မှန်ရိုက်တာ (Chest X’ray) နဲ့ ၀မ်းဗိုက်ကို Ultrasound ရိုက်ကြည့်တော့လည်း ကလီစာတွေမှာ ထူးခြားချက်မတွေ့ရပါဘူး။ ဒါကြောင့်တိုက်ဖွိုက်ရောဂါ (Typhoid) ဖြစ်နိုင်ခြေများလို့ တိုက်ဖွိုက်ပိုးကိုသတ်တဲ့ ပိုးသတ်ဆေး (IV Ceftriaxone) ထိုးရန် ညွှန်ကြားလိုက်ပါတယ်။
ဆေးရုံတက်ပြီး နောက်နေ့မှာတော့ လူနာရဲ့အခြေအနေက ပိုဆိုးလာပါတယ်။ ခေါင်းကိုက်တဲ့အပြင် မျက်စိသူငယ်အိမ်စောင်းလာတယ်။ ဘေးကိုလိုက်ကြည့်ရင် ပုံရိပ်နှစ်ထပ် (Ophthalmoplegia) ဖြစ်နေတယ်။ သတိသိပ်မရချင်တော့ဘူး (Pre-coma) ဖြစ်နေတယ်။ အစာစားရင်သီးပြီး မောလာတယ် (Choking)။ သူမရဲ့ရောဂါလက္ခဏာတွေက တိုက်ဖွိုက်ရောဂါ (Typhoid) နဲ့ မတူတော့ဘဲ ဦးနှောက်ရောင်တဲ့ရောဂါတစ်ခုခုနဲ့ တူလာပါတယ်။ ဦးနှောက်မှာပိုး ၀င်ပြီး ရောင်တာအမျိုးမျိုးရှိပါတယ်။ ဦးနှောက်အမြှေးပါးရောင်တာနဲ့ ဦးနှောက်အသားထဲက ရောင်တာဆိုပြီး ခွဲခြား ထားပါတယ်။
ဦးနှောက်အမြှေးရောင် (Meningitis) ဖြစ်ရင် ခေါင်းကိုက်တာက ဇက်ကနေ ပိုကိုက်ပါတယ်။ ဇက်ကိုချိုးကြည့်ရင်လည်း တောင့်ခံ (Neck stiffness) နေတာ တွေ့ရတတ်ပါတယ်။ ပေါင်နဲ့ ဒူးခေါက်ကွေးကြောတွေကိုလည်း ဆွဲဆန့် ကြည့်ရင် တောင့်ခံနေပြီး နာကျင်တဲ့လက္ခဏာ (Kernig’s sign) တွေရှိတတ်ပါတယ်။ ဒေါ်သူဇာမှာ ဒီလိုလက္ခဏာ မတွေ့ရပါဘူး။
ဦးနှောက်အသားက ရောင်ရင်တော့ တစ်ခေါင်းလုံးကိုက်တတ်တယ်။ ဦးနှောက်မှာ ထိခိုက်တဲ့နေရာပေါ်မူတည်ပြီး ရောဂါလက္ခဏာပိုပြတတ်ပါတယ်။ ဦးနှောက်နေရာအားလုံး ခြုံပြီးဖြစ် ရင်တော့ ခေါင်းကိုက်ပြီးအန်ပါတယ်။ သတိလစ်တာ၊ တက်တာလည်း ပိုဖြစ်တတ်ပါတယ်။ ဒေါ်သူဇာဖြစ်တဲ့ ပုံစံကတော့ ဦးနှောက်အသားရောင် (Encephalitis) ဖြစ်တာနဲ့ ပိုတူပါတယ်။ မျက်စိလှုပ်ရှားမှုကို ထိန်းတဲ့အာရုံကြောစင်တာ၊ အစာမျိုတဲ့ အာရုံကြောစင်တာတွေ ထိခိုက်တာ ရှိနေတဲ့အတွက် (Brain stem) ဦးနှောက်အညှာတိုင်းမှာ အဓိကထိခိုက်နေပုံရပါတယ်။ ဦးနှောက်အညှာတိုင်းမှာ အသက်ရှူတာထိန်းတဲ့ အာရုံကြောစင်တာ (Respiratory center) လည်းရှိနေတော့ အသက်ရှူလည်း ရပ်တန့်သွားနိုင်ပါတယ်။ ဦးနှောက်ရောင်တာ အများအားဖြင့် (Viral Encephalitis) ဗိုင်းရပ်စ်ကြောင့် အဖြစ်များပါတယ်။ ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese Encephalitis) ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကတော့ အဖြစ်အများဆုံးနဲ့ အဆိုးဆုံးပါပဲ။ ဒါဆို ဘာတွေဆက်လုပ်ရမလဲ။ ဦးနှောက်အာရုံကြောအထူးကုနှင့်လည်း လွှဲ၍တွဲဖက်ကြည့်ရပါတယ်။ ဦးနှောက်ကို CT (ကွန်ပျူတာဓာတ်မှန်) ရိုက်ပါတယ်။ ဘာထူးခြားချက်မှမတွေ့လို့ CSF ခေါ် ဦးနှောက်ပြင်ပမှာ ၀ိုင်းရံထားတဲ့အရည်ကို ခါးဆစ်ရိုးကြားမှ အပ်ဖြင့်ထုတ်ယူ (Lumbar puncture) ပြီး စစ်ဆေးကြည့်ရာမှာ သိသာတဲ့ထူးခြားချက်မတွေ့ရပါ။ အဖျားကလည်းမကျနိုင်သေးဘဲ ပိုပြီးသတိလစ်ပါတယ်။ အသက်ရှူတာလည်း မမှန်တော့ပါဘူး။
ဦးသူရ
ကျွန်တော့်အစ်မအတွက် အရမ်းစိတ်ပူနေလို့ လိုတာတစ်ခုခုတော့ ထပ်စစ်ပေးပါဦး။
ဆရာမ
ဒါဆို CT scan ရိုက်တာထက်ပိုထင်ရှားသော MRI (သံလိုက်ဓာတ်နဲ့ ပုံရိပ်ဖော်တဲ့) သံလိုက်ဓာတ်မှန် ရိုက်ကြည့်ကြတာပေါ့။
သံလိုက်ဓာတ်မှတ်အဖြေရရှိလာတော့ CT scan တုန်းကလို မဟုတ်ဘဲ ဦးနှောက်အနှံ့အပြားမှာ အရိပ်များ၊ အကွက်များ ပြည့်နှက်နေတာတွေ့ရပါတယ်။ CT scan မှာ မတွေ့ရဘဲ ဦးနှောက်အသားရောင်ရမ်းတာကို သံလိုက်ဓာတ်မှန်ကျမှ ပုံပေါ်ပါတယ်။ CT (ကွန်ပျူတာဓာတ်မှန်) က ဦးနှောက်ပြည်တည်တာ၊ အကျိတ်ဖြစ်တာ၊ သွေးယိုနေတာ၊ သွေးမလျှောက်လို့ ပုပ်သွားတာ၊ လေဖြတ်တာတွေကို မြင်စေပြီး၊ MRI သံလိုက်ဓာတ်မှန်ကတော့ အထက်ပါပုံရိပ်တွေအပြင် ဦးနှောက်အသားထဲမှာ ဖြစ်နေတဲ့ပြောင်းလဲ မှု၊ ရောင်ရမ်းနေတဲ့ နေရာတွေကို ပိုပြီးထင်ထင်ရှားရှား မြင်စေတဲ့ အားသာချက်ရှိပါတယ်။ ဒါဆိုအဖြေက ဦးနှောက်တစ်ခုလုံးရောင်တာဆိုရင် ဗက်တီးရီးယားပိုးလည်း ဖြစ်နိုင်တယ်၊ ဗိုင်းရပ်စ်ပိုးလည်း ဖြစ်နိုင်ပါတယ်။ ဓာတ်မှန်ဆရာ၀န်ကြီးရဲ့ မှတ်ချက်မှာတော့ ဦးနှောက်မှာ ပြည်တည်တာကိုလည်း ဖော်ပြထားပါတယ်။ ပြည်တည် ရင်တော့ ဗက်တီးရီးယားပိုးတွေ ပိုဖြစ်နိုင်ပါတယ်။ ဒေါ်သူဇာတစ်ယောက် အသက်မရှူနိုင်တော့လို့ အသက်ရှူလမ်းကြောင်းထဲ ပိုက်ထည့်ပြီး အသက်ရှူစက်တပ်လိုက်ရပါပြီ။ အသက်ရှူရပ် မသွားအောင် စက်ဖြင့် ပံ့ပိုးပေးထားတာဖြစ်ပါတယ်။ ဦးနှောက်အရောင်ကျအောင် ဒက်ဆာမီသာစုန်း (Dexamethasone) ကိုလည်းအကြောမှ ထိုးနေရပါတယ်။ နောက်ဆုံး ပိုးသတ်ဆေးကို အထိရောက်ဆုံးဖြစ်အောင် Fortum လ်ို့ ခေါ်တဲ့ ceftazidime ကို ပြောင်းပြီး ထိုးကြည့်ခဲ့ပါတယ်။
ဦးသူရ
ကျွန်တော်တော့ အစ်မကို လက်မလွှတ်နိုင်ဘူး ဆရာမ။ ကျွန်တော် တတ်နိုင်ပါတယ်။ ဖြစ်နိုင်ရင် နိုင်ငံခြားကို ခေါ်သွားချင်တယ်။ ဒီမှာ ခုထိတိတိကျကျအဖြေလည်း မသိရသေးဘူး။
ဆရာမ
သူ့အခြေအနေက တော်တော်လေးဆိုးနေတာ။ အသက်ရှူစက်လွတ်သွားရင်တော့ အောက်ဆီဂျင် ရှူပြီး ခေါ်သွားလို့ရမှာပါ။
ဒေါ်သူဇာရဲ့ အခြေအနေ အနည်းငယ်သက်သာလာပြီး စက်မပါဘဲ အသက်ရှူနိုင်ပါပြီ။ အထူးလေယာဉ်နဲ့ စင်ကာပူသို့ ထွက်ခွာသွားနိုင်ခဲ့ပါတယ်။
ဒေါ်သူဇာသတင်းကို နောက်ထပ် 3 ပတ်ကြာတဲ့အထိ ပြန်မကြားရတော့ပါ။ လူနာ တစ်စုံတစ်ခုများ ဖြစ်သွားပြီလားဟု စိတ်ပူခဲ့ရပါတယ်။ သုံးပတ်ကျော် လေးပတ်ကြာတဲ့တစ်နေ့မှာ ဦးသူရ ဆေးခန်းသို့ရောက်ရှိလာပါတယ်။
ဆရာမ
ဒေါ်သူဇာ ပြန်ရောက်လာပြီလား။ အခြေအနေ ဘယ်လိုနေလဲ။
ဦးသူရ
ကျွန်တော်တို့ စင်ကာပူရောက်တော့ အထူးကြပ်မတ်ခန်း (ICU) ထဲတန်းပြီး ထည့်ထားရတယ်။ ဟိုရောက်တော့ ဒီကထိုးထားတဲ့ ဆေးနဲ့ပဲ အဖျားကလည်း စကျလာပြီး သတိတွေလည်း ပြန်ရလာလို့ သူ့ကို ဒီ Fortum ဆေးပဲ ဆေးပတ်လည်အောင် ဆက်ထိုးထားတယ်။
ဆရာမ
ဘာတွေ ထပ်စစ်ပေးသေးလဲ။ ဘာရောဂါဖြစ်တယ်လို့ ပြောလဲဟင်။
ဦးသူရ
ဟိုရောက်တော့ MRI (သံလိုက်ဓာတ်မှန်) ပြန်ရိုက်တယ်၊ ပြီးတော့ ဦးနှောက်ကို အသားစယူ (Brain Biopsy) ပြီး စစ်သေးတယ်။ ဒါနဲ့တောင် အဖြေကလည်း တိတိကျကျမထွက်ဘဲ ဦးနှောက်ရောင်တာလောက်ပဲသိရတယ်။ ဒါနဲ့ လူနာက အဖျားလည်းကျပြီး သတိနည်းနည်း ပြန်ကောင်းလာတော့ ကျွန်တော့်ကို ခေါ်ပြောပါတယ်။ လူနာကို ပြန်ခေါ်သွားလို့ရပြီ။ ဘာရောဂါလဲဆိုတာ တိတိကျကျတော့ မသိဘူးလို့ ပြောတယ်။
ဆရာမ
Brain Biopsy ထိလုပ်ကြည့်တာ အဖြေမထွက်ဘူးလား။
ဦးသူရ
ဟုတ်ပါတယ်။ နောက်ဆုံး ကျွန်တော်လည်း ပြန်ဖို့ပြင်နေတုန်း သူတို့လည်း အဖြေတွေ့ပြီဆိုပြီး ၀မ်းသာအားရလာပြောပါတယ်။ ထိုင်းနိုင်ငံဓာတ်ခွဲခန်းကို ပို့လိုက်တဲ့ အသားစကနေ ပိုးမွေးတာ အခုဒီပိုးကို တွေ့ရတယ်။ ရှားရှားပါးပါးဆိုတော့ ကျွန်တော့်အစ်မကိုလာကြည့်ပြီး လေ့လာတဲ့ ဆရာ၀န်လေးတွေ ၀ိုင်းနေတာပဲ။
ဆရာမ
အို ….. ဒါက Burkholderia pseudomallei ဆိုတဲ့ ဗက်တီးရီးယားအုပ်စုက ပိုးပဲ။ အဖြေ သိပြီးဆိုတော့ ကံကောင်းသွားတာပေါ့။
ဦးသူရ
ကျေးဇူးတင်ပါတယ်။ သူ့ကို ဒီကပေးတဲ့ Fortum ကို 2 ဆတိုးပြီး နောက်ထပ် 1 လဆက်ထိုးရမယ်။ အခြားသောက်ဆေးနှစ်မျိုးနဲ့ ပေါင်းပြီး 3 လထိကုရမယ်။ အဲဒါဆရာမတို့လက်ပဲ ပြန်အပ်ပါတယ်။ ဆက်ကုပေးပါဦး။
ဆရာမ
အခုကို ပြန်ကောင်းလာပါတယ်။ ဒီဟာ ဘာမှန်းမသိပေမဲ့ (Empirical) မှန်းပြီးပေးလိုက်တဲ့ဆေးက နောက်ဆုံး တကယ်တွေ့ရတဲ့ပိုးအတွက် ကုရမယ့်ဆေးနဲ့ သွားပြီးထပ်တူကျသွားတာက ကံကောင်းသွားတာပေါ့။
ဦးသူရ
ကျွန်တော်လည်း ရောဂါပိုးရှာတွေ့ပြီဆိုတော့ ဆေးအသစ်ပြောင်းထိုးရမယ် ထင်မိတာ။ ဒီဆေးကိုပဲ Dose တိုးပြီး ဆက်ထိုးရတော့ အံ့သြသွားမိသေးတယ်။ ဒါကျွန်တော့်အစ်မ သေကံမရောက်သေးလို့ပေါ့ ဆရာမရယ်။
ဆရာမ
ဟုတ်တာပေါ့။ အခုတော့ သူတဖြည်းဖြည်းပြန်ပြီး လှုပ်ရှားနိုင်အောင် လေ့ကျင့်ခန်း (Physiotherapy) လည်း လုပ်ရမယ်။
လူနာမှာ ယနေ့ထိ အသက်ရှင်ကျန်းမာလျက်ရှိပါတယ်။ ဦးနှောက်အာရုံကြောအားနည်းတာ ကျန်ရှိနေပါသေးတယ်။ ဒီလူနာရဲ့ ဖြစ်စဉ်က လွန်ခဲ့တဲ့ 15 နှစ်ကျော်လောက်က ဖြစ်စဉ်လေးဖြစ်ပေမဲ့ ယခုထက်တိုင် မှတ်မိနေပါသေးတယ်။ ဒေါ်သူဇာကို ကုခဲ့ရတာ ရှားပါးတဲ့အတွေ့အကြုံနဲ့ သင်ခန်းစာတွေလည်းရခဲ့ပါတယ်။ ဦးသူရရဲ့ အစ်မအပေါ်ထားတဲ့မေတ္တာနဲ့ သူ့ရဲ့နောက်ဆုံးထိမလျှော့တဲ့ ဇွဲလုံ့လကို ချီးကျူးဂုဏ်ပြုမိပါတယ်။
မှတ်ချက်
1) ဦးနှောက် CT ကွန်ပျူတာဓာတ်မှန်မှာ ဘာမှမတွေ့ပေမဲ့ MRI သံလိုက်ဓာတ်မှန်ရိုက်ရင် ဦးနှောက်အတွင်းထဲမှာ ပြောင်းလဲနေတဲ့ရောဂါအခြေအနေတွေ တွေ့နိုင်ပါသေးတယ်။ လိုအပ်လာလျှင် အကုန်ကျခံသင့်ပါတယ်။
2) အဖျားရောဂါတိုင်းမှာ ပိုးသတ်ဆေး မစမီသွေးကို ပိုးမွေးရန် အရေးကြီးပါတယ်။ ဒေါ်သူဇာရဲ့သွေးကို ပိုးမမွေးခဲ့လို့ အခုလို စင်ကာပူနိုင်ငံရောက်တဲ့ထိ ဇာတ်ရည်မလည်ဘဲ ရောဂါအဖြေရှာမရတာဖြစ်ခဲ့ရပါတယ်။
3) အချို့ရောဂါတွေ ဘယ်လောက်ပင် အသည်းအသန်ဖြစ်ပါစေ။ ဇွဲရှိရင် အသက်ရှင်တဲ့အတွက် ဆုံးခန်းမတိုင်ခင် လက်မလျှော့သင့်ပါဘူး။
4) မြန်မာနိုင်ငံမှာ စတင်တွေ့ရှိခဲ့တဲ့ Melioidosis ရောဂါဖြစ်စေတဲ့ Burkholderia pseudomallei ဆိုတဲ့ပိုးကို မြန်မာနိုင်ငံရှိ ဆရာ၀န်များအားလုံး သိသင့်ပါတယ်။ ရှာဖွေတွေ့ရှိလျှင်လည်း case report ထူးခြားလူနာမှတ်တမ်းများ ရေးသင့်ပါတယ်။
Credit; ပါမောက္ခဒေါ်သန်းသန်းအေး
ဇီ၀က (ကျန်းမာရေး၊ အလှအပ၊ သုတ၊ ရသ) မဂ္ဂဇင်း
No. 241, February 2015
















