လက်သည်းခြေသည်းတွေပေါ်မှာ အလျားလိုက်အစင်းပေါ်ရင်
မျက်လုံးဆိုတာ စိတ်ရဲ့ပြတင်းပေါက်ဖြစ်တယ်ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ လူရဲ့စိတ်ရင်း အကောင်းအဆိုး အယုတ်အညံ့ကို မျက်လုံးအစုံရဲ့ အရိပ်အရောင်ကို သေချာကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ အဲဒီလိုပဲ လက်သည်းခြေသည်းရဲ့ အရောင်အဆင်း၊ ပုံပန်းသဏ္ဌာန်၊ အပျော့အမာ စတာတွေကလည်း လက်သည်းရဲ့ အခြေအနေကိုသာမက ခန္ဓာကိုယ်ကျန်းမာရေးကိုပါ တစ်စိတ်တစ်ဒေသကနေ ရောဂါ အတော်များများအထိ အတိတ်စိမ်းအဖြစ်ဖော်ပြပေးနေပါတယ်။ ဒါတွေကို အထင်းသားအလွယ်သိမြင် စစ်ဆေးနိုင်စေဖို့ ခြေသည်းလက်သည်း ကို ဆေးဆိုးတာ၊ အရုပ်ရေးခြယ်တာတွေနဲ့ ဖုံးကွယ်မပစ်ဖို့ အရေးကြီးပါတယ်။ အများစုတွေ့ရတတ်တာကတော့ လက်သည်းခြေသည်းမှာ မှိုစွဲတာ၊ ပိုး၀င်တာ၊ ခိုက်မိတိုက်မိတာတွေဖြစ်ပြီး အချိန်မီမကုရင် နာတာရှည်ဖြစ်ကာ လက်သည်းခြေသည်းတွေကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေပါတယ်။ နောက်ထပ်တွေ့ရတတ်တာတွေက လက်သည်းခြေသည်းတွေ ပုံပြောင်း၊ အရောင်အသွေးပြောင်းလာတာကို ထင်သာမြင်သာ ဖော်ပြတတ်ပြီး လက်သည်းခြေသည်းတွေခုံးကွေးကာ ပုံပြောင်းလာခြင်းက အဆုတ်နဲ့နှလုံးမှာ ရောဂါကြီးကြီးမားမားများ ရှိနေတာကို ဖော်ပြနေသည်။
လက်သည်းခြေသည်းတွေရဲ့ မျက်နှာပြင်မှာ ကန့်လန့်ဖြတ်လိုင်းတွေ (Beau’s Line) ပေါ်လာတတ်တယ်။ အဲဒါတွေက ခပ်နက်နက်လိုင်းတွေဖြစ်ပြီး လက်နဲ့စမ်းကြည့်ရင် သိသာတဲ့လှိုင်းအဖြစ်စမ်းမိနိုင်တယ်။ အချိုင့်ဖြစ်နေတဲ့ ကန့်လန့်ဖြတ်အစင်းအဖြစ် စမ်းတွေ့လို့ရနိုင်တယ်။
ကန့်လန့်ဖြတ် လိုင်းတွေပေါ်လာတာက မပေါ့သင့်ပါဘူး။ လက်သည်းခြေသည်းတွေရဲ့ကြီးထွားမှုဟာ အခိုက်အတန့်အားဖြင့် ဆဲလ်တွေထုတ်တာ၊ တစ်ရက် သို့မဟုတ် တစ်ရက်ထက်ပိုပြီး ရပ်သွားလို့အဲဒီလို အစင်းတွေပေါ်လာတာ ဖြစ်ပါတယ်။ ဆဲလ်တွေထုတ်လုပ်မှုပြန်ဖြစ်လာရင် လက်သည်းခြေသည်းတွေက ဆက်လက်ပြီးမူလနှုန်းအတိုင်း ပြန်ရှည်ထွက်လာမှာဖြစ်တယ်။
အဲဒီလိုင်းတွေ ဖြစ်ပေါ်လာတတ်စေတဲ့ ရောဂါတွေကတော့ ခန္ဓာကိုယ်မှာ အာဟာရချို့တဲ့နေရင်ဖြစ်စေ၊ နှလုံးရောဂါအကြီးအကျယ်တိုက်ခိုက်ခံရခြင်း Heart Attack၊ အသည်းရောဂါ၊ ပါးချိတ်ရောင်၊ ၀က်သက်၊ နမိုးနီးယား စတဲ့ရောဂါတွေခံစားရရင်ဖြစ်စေ၊ ဇီ၀ကမ္မစနစ်ပျက်ယွင်းတဲ့ရောဂါတွေ ဥပမာ- ထိန်းလို့မရတဲ့ဆီးချိုသွေးချိုရောဂါ ခံစားနေရရင်ဖြစ်စေ၊ လက်သည်းခြေသည်းတွေမှာ အစင်းကြောင်းတွေ အထင်းသားပေါ်လာတာတွေ့မြင်ရတယ်။
လက်သည်းခြေသည်းတွေမှာ ထိခိုက်ဒဏ်ရာရတဲ့အခါနဲ့ ကင်ဆာဆေးတွေ သုံးစွဲနေရတဲ့အခါတွေမှာလည်း အဲဒီလိုပေါ်လာစေတယ်။ ကျောက်ကပ်ရောဂါတွေ၊ အရေပြားနဲ့သိုင်းရွိုက်ဂလင်းရောဂါတွေ၊ အရေပြားကင်ဆာနဲ့ ခွဲစိတ်ကုသမှုတွေကြောင့်လည်း ကန့်လန့်ဖြတ်အစင်းတွေပေါ်လာစေတယ်။ ရောဂါမျိုးစုံကြောင့် အဲဒီအစင်းကြောင်းတွေ ပေါ်လာစေတာမို့ မိမိခြေသည်းလက်သည်းကို အမြဲလိုစစ်ဆေးနေသင့်တယ်။ ထူးခြားချက်ရှိရင်လည်း အလွယ်မြင်နိုင်အောင် မိမိခြေသည်းလက်သည်းတွေကို အချိန်ပြည့်ဆေးဆိုးပန်းရိုက် လုပ်မနေသင့်ဘူး။ အမြဲတမ်း ဆေးဆိုးနေရင် ဓာတုဆိုးဆေးတွေကြောင့် ခြေသည်းလက်သည်းတွေ ဝါကျင်လာပြီး ခြေသည်းလက်သည်းတွေရဲ့ ကျန်းမာရေးတောင် ထိခိုက်စေပါသေးတယ်။
ဒါကြောင့် ကန့်လန့်စင်းတွေပေါ်လာရင် နားလည်တတ်ကျွမ်းသူဆရာ၀န်များဆီသို့ အမြန်သွားပြသင့်ပါတယ်။ ဒါမှသာ ဖြစ်နိုင်ခြေရှိတဲ့ဆက်စပ်ရောဂါတွေ စမ်းသပ်စဉ်းစားပြီးလိုအပ်တဲ့ ဆီး၊ သွေး၊ ဓာတ်မှတ်တွေ စစ်ဆေးကာ လိုအပ်သလို ထိရောက်စွာကုသပေးနိုင်မှာဖြစ်ပါတယ်။ ပြသနေတဲ့ လက္ခဏာက ခြေသည်း၊ လက်သည်းမှာဖြစ်ပေမယ့် အသက်အန္တရာယ်ပေးနိုင်တဲ့ရောဂါတွေက ခန္ဓာကိုယ်မှာ အများကြီးဆိုတော့သေချာရှာဖွေ ကုသပါမှ နောက်မကျမှာ၊ ရောဂါမရင့်မှာဖြစ်ပါတယ်။
ဆရာ၀န်ဆီကို အောက်ပါလက္ခဏာတွေတွေ့ရင် အချိန်မဆိုင်းဘဲ သွားပြသင့်တယ်။
- လက်သည်းခြေသည်းပေါ်မှာ ထူခြားပြောင်းလဲမှု၊ ဥပမာ အနက်ရောင်အစင်းကြောင်းရှိနေပြီ နေရာ ကြီးမားကျယ်ပြန့်လာရင်ဖြစ်ဖြစ်၊ အသစ်ပေါ်လာရင်ဖြစ်ဖြစ်
- လက်သည်းခြေသည်းမှာ ခုံးကွေးလာပြီး သို့မဟုတ ်ဇွန်းခွက်ပုံ ပုံမမှန်ခွက်နေခဲ့ရင်ဖြစ်ဖြစ် (ဒါဟာ နှလုံးရောဂါနဲ့ သံဓာတ်ချို့တဲ့ သွေးအားနည်းတဲ့ရောဂါဖြစ်နိုင်ပါတယ်။)
- ခြေသည်းလက်သည်းတွေ ညိုမည်းလာရင် (နှလုံးရောဂါကြောင့် အောက်စီဂျင်အရနည်းလို့၊ လက်သည်းခြေသည်းတွေ ပြာလာတာမို့ အလွန်အရေးပါတဲ့လက္ခဏာဖြစ်တယ်)
- လက်သည်းတွေပေါ်မှာ တွင်းလေးတွေအစက်အပြောက်လေးတွေ ပေါ်လာရင်ဖြစ်ဖြစ်
- လက်သည်းခြေသည်းတွေရဲ့ အောက်ခံမျက်နှာပြင်မှာ အဖြူကွက်တွေ့နေရင်၊ လက်သည်းခြေသည်းတွေ ဖွေဖြူးနေရင်လည်း သွေးလည်ပတ်မှုမကောင်းလို့ သို့မဟုတ် သွေးအားနည်းလွန်းလို့ဖြစ်နိုင်ပါတယ်။
- ခြေသည်းလက်သည်းတွေ၊ ဝါကြန့်ကြန့်ဖြစ်လာပြီး အောက်ခြေမျက်နှာပြင်ကနေ ကြွတက်လာကာ၊ အထပ်လိုက်၊ အဖတ်လိုက် ကြမ်းတမ်းတဲ့မျက်နှာပြင်ဖြစ်လာရင်ဖြစ်စေ ဒါဟာ ခြေ၊ လက်သည်း မှိုစွဲတဲ့ရောဂါဖြစ်နိုင်ပြီး ဆေးပတ်စေ့အောင်၊ ကြာရှည်ဆေးစားဖို့လိုအပ်တယ်။ ခြေသည်းမှိုစွဲတာက လက်သည်းမှာဖြစ်တာထက် ပိုကြာရှည်မှိုစွဲနေတတ်ပြီး ကုရတာလက်သိပ်၀င်ပါတယ်။ အခုနောက်ပိုင်း ဆေးစွမ်းထက်တာတွေပေါ်လာလို့ အဲဒါကို 12 ပတ်လောက်အချိန်ယူဆေးစားဖို့ လိုတယ်။ အဲဒီဆေးတွေကလည်း ဘေးထွက်ဆိုးကျိုးတွေရှိတဲ့အတွက် ဆရာ၀န်ညွှန်ကြားချက်နဲ့အညီသာ သုံးစွဲသင့်တယ်။
အထက်ပါ လက္ခဏာတွေတွေ့ရင် ပေါ့ဆမနေဘဲ သက်ဆိုင်ရာဆရာ၀န်ကြီးများထံ အမြန်ဆုံးပြသကာ ရောဂါကိုရှာဖွေပြီး ကုသသင့်ပါတယ်။ လက်သည်းခြေသည်းမှာ ဒီလိုလက္ခဏာလေးပြရုံပဲဆိုပြီး မပေါ့ဆသင့်ပါဘူး။ အမှိုက်ကစ ပြာသာဒ်မီးမလောင်ခင် လက်ဦးမှုယူကာ ကုသသင့်ပါကြောင်း အကြံပြု တိုက်တွန်းလိုက်ပါတယ်။
Credit: ဒေါက်တာအေးမြချယ်
Health Digest Journal
Vol: 13, No: 49, 14 - 9 - 2016