ဆီးလမ်းကြောင်းပြဿနာကင်းရန် ရေသောက်ပါ
ဒီဃ ။ ။ ကိုဇီ၀ရေ - ခုတလောမိတ်ဆွေတွေ ဆေးသွားစစ်ကြတာ အများစုမှာ ဆီးနဲ့ကျောက်ကပ် ကျန်းမာရေးပြဿနာ တစ်ခု မဟုတ်တစ်ခု ကြားကြားနေရလို့ ကျွန်တော်တောင် လန့်လာတယ်။ အမျိုးသားတွေရော၊ အမျိုးသမီးတွေမှာပါ ဆီးကျောက်တည်တဲ့ ပြဿနာတွေ ပိုများလာသလိုပဲဗျာ
ဇီ၀ ။ ။ အင်း - ကျွန်တော်လည်း ကျန်းမာရေးသတင်းတွေဖတ်မိတာ၊ အမျိုးသားဆီးချိုသွေးချို၊ အစာအိမ်၊ အူလမ်းကြောင်းနှင့် ကျောက်ကပ်ရောဂါဆိုင်ရာ အင်စတီကျုထဲမှာ ဖော်ပြတာလေး ပြောပြမလို့ပဲ ကိုဒီဃ။ သူတို့ဆီမှာ နှစ်စဉ် နှစ်တိုင်း ဆီးနဲ့ကျောက်ကပ်ဆိုင်ရာ ပြဿနာတွေကြောင့် ဆရာ၀န်တွေ ကြည့်ပေးရတာ 9 သန်းမကရှိတယ် ဆိုပါလား။
ဒီဃ ။ ။ သြော် - များလှချည်လားဗျာ။ ဘယ်လိုရောဂါတွေလဲဟင်
ဇီ၀ ။ ။ အဖြစ်အများဆုံး ဆီးနဲ့ကျောက်ကပ်ပြဿနာတွေကတော့ ဆီးလမ်းကြောင်း ပိုးတွယ်တဲ့ ပြဿနာ (UTIs)၊ ကျောက်ကပ်၊ ဆီးပြွန်နဲ့ ဆီးအိမ်စသည်တို့မှာ ကျောက်တည်တဲ့ ပြဿနာတွေ၊ ဆီးအိမ်ထဲ ပိုးတွယ်တဲ့ပြဿနာတွေနဲ့ ဆီးမထိန်း နိုင်တဲ့ပြဿနာတွေပေါ့ဗျာ။
ဒီဃ ။ ။ ငယ်ငယ်တုန်းက အဖေတို့ပြောဖူးတာ၊ ယောကျာ်းနဲ့ ဆီးကျောက်ရောဂါဆိုတာ တွဲလျက်ရှိတယ်၊ ဖြစ်တတ်တယ်ဆိုတာ ဟုတ်လား ဟင်။ ခုတော့ မိန်းမတွေလည်း ဖြစ်တာပါပဲလား
ဇီ၀ ။ ။ ဆီးရောဂါတွေဖြစ်လာရတဲ့အကြောင်းရင်းတွေက အများကြီးရှိတယ်။ ကိုယ့်ရဲ့အပြုအမူ၊ အနေအထိုင်၊ အစားအသောက်၊ တစ်ကိုယ်ရေကျန်းမာရေး စတဲ့ အချက်အလက်တွေနဲ့ အများကြီး ပတ်သက်တယ်ဗျ။
ဒီဃ ။ ။ ပြောပါဦးဗျာ။ ရောဂါပြဿနာတွေဖြစ်စေတဲ့ အကြောင်းရင်းအချက်အလက်တွေကို ကြိုတင်သိရှိ နားလည်သဘော ပေါက်ထားရင် ရှောင်နိုင်၊ ကာကွယ်နိုင်တာပေါ့နော်
ဇီ၀ ။ ။ မှန်တယ်ဗျ။ လူတွေဟာ ကိုယ့်ရဲ့ကျန်းမာရေးကို အလေးထားသတိပြုလိုက်မယ် ဆိုရင် တော်ရုံရောဂါကို ကြိုတင်ကာကွယ်နိုင်ပါလိမ့်မယ်။ ဒီနေရာမှာ မိမိရဲ့ ခံယူချက်သဘောထားလေး မှန်မှန်ကန်ကန် ပြုပြင်နေထိုင် လိုက်ရုံပါပဲဗျာ။ ဥပမာ - လူတစ်ယောက်ဟာ ဆီးသွားချင်နေပေမယ့် သွားရမှာ အိမ်သာ သို့မဟုတ် သန့်စင်ခန်းက ေ၀းလို့၊ ဒါမှမဟုတ် ညစ်ပတ်နေလို့ အကြာကြီး အောင့်ထားတာမျိုး။ ဒါကြောင့်မဟုတ်ရင်တောင်ရှက်နေလို့၊ သူများက ကိုယ့်ကိုခဏခဏ အိမ်သာသွားလှချည်လား လို့ ထင်မှားစိုးရိမ်တာစတဲ့ ဘာမှမဟုတ်တဲ့ ကိုယ့်ဘာသာကိုယ် ရမ်းသန်းအထင်မှားပြီး ဆီးကိုအောင့်ထားတာကြာရင် ဆီးအိမ်ထဲမှာ ဆီးပိုးတွေပွားများလာတတ်တယ်ဗျ။ ဆီးပိုးတွေများလာတာနဲ့အတူ ရောင်ရမ်းပြီး ဆီးပူ၊ ဆီးအောင့်၊ ဖျားစတဲ့ မကောင်းတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဆက်တိုက်ခံလာရတာပါ။
ဒီဃ ။ ။ ဆီးအောင့်ထားတာ အတော်ခံရခက်တာဗျ။ ဟိုးတုန်းကဆို ရန်ကုန်နဲ့ မန္တလေး ခရီးရှည်ကားစီးရတာပဲဖြစ်ဖြစ်၊ မီးရထားစီးရတာပဲဖြစ်ဖြစ် လူကြပ်အောင်တင်တော့ ရထားမှာ အိမ်သာပါပေမယ့် အတော်သွားရ၊ လှမ်းရ ခက်သလားမမေးနဲ့၊ ကျောင်းတက်ဖို့ မန္တလေးအမြန်ရထားစီးရင် ဆီးဒုက္ခအတော်ခံရတယ်။ အသက်ရလာချိန်တော့ အဲဒီလိုမျိုး တစ်နေကုန် ရထားစီး သို့မဟုတ် ကားစီးရရင် အခက်လို့ စဉ်းစားမိတယ်။ မိန်းကလေးတွေဆိုပိုဆိုးမပေါ့ဗျာ
ဇီ၀ ။ ။ အဲဒီလို ဆီးသွားချင်ရက်နဲ့ မသွားရဲလို့ ကြာရှည်ဆီးထိန်းထားခြင်းဟာ ဆီးအိမ်ပေါ်ကို ဖိအားပေးထားသလိုဖြစ်တာမို့ ဆီးအိမ်ထဲ ဆီးတွေစုတာကြာပြီး ဗက်တီးရီးယားပိုးတွေ ပွားများစေတာပေါ့။
ဒီဃ ။ ။ ဆီးပိုးပွားလာ/တွယ်လာပြီဆိုရင် ဆီးသွားပြီးနောက် တစ်စက်၊ နှစ်စက်လောက်မှာ တအားခံရခက်၊ နာလည်းနာသတဲ့။ မျက်ရည်တောင်ကျလောက်အောင် ခံစားရတယ်လို့ မိတ်ဆွေတစ်ယောက်က ပြောပြတယ်ဗျ
ဇီ၀ ။ ။ ဟုတ်တယ် - နောက်တစ်ချက်ကတော့ တစ်ကိုယ်ရေကျန်းမာသန့်ရှင်းရေး အထူးအလေးပေးဖို့ လိုတယ်ဗျ။ တချို့က ဆပ်ပြာအကြမ်းစားကြီးတွေကို အဲဒီနေရာတစ်၀ိုက် အားရပါးရ ပွတ်တိုက်ဆေးကြောပစ်လိုက်တာတို့ကြောင့် ဆီးသွားလမ်း ကြောင်းထိပ်နားတစ်၀ိုက် အရေပြားစုတ်ပြဲပြီး အနာဖြစ်တာတို့၊ ဒါမှမဟုတ် လုံး၀သန့်ရှင်းရေးမလုပ်ဘဲထားလို့ ချေးတွေကတစ်ဆင့် ပိုး၀င်တာမျိုးလည်းရှိသလို၊ တွေ့ကရာ ကန်တွေ၊ ချောင်းတွေမှာ ရေဆင်းချိုး၊ ရေကူးရာကနေပြဿနာတက်ရတာမျိုး လည်း ရှိဖူးတယ်။ တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် သတိထားရှောင်ပေးသင့်တာပေါ့ဗျာ။
ဒီဃ ။ ။ ဟုတ်ပါ့ဗျာ။ ကျောင်းသားဘ၀ ခရီးထွက်တော့မယ်ဆို်ရင် ရေတောင် သိပ်မသောက်ရဲခဲ့ဘူး။ ကာဗွန်ထည့်ထားတဲ့ အချိုရည်တွေ၊ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုကာကိုလာ စတဲ့ ကဖင်းပါတဲ့ အချိုရည်တွေ၊ ဘီယာစတဲ့ အယ်လ်ကိုဟော လုံး၀မတို့ ရဲဘူးဗျာ။ လမ်းမှာ ဆီးခဏခဏသွားရမှာစိုးလို့။ အခုတော့လည်း အသက်ရလာလို့လားမသိဘူး၊ ဆီးသွားရတာ ရှက်စရာ မဟုတ်ဘူးဆို်တာ နားလည်သဘောပေါက် လာတယ်၊ ရေလည်းသောက်တာပဲ၊ ဆီးလည်း သွားလိုက်တာပဲ။ ကြာရှည်အောင့် မထားတော့ဘူး။ ဒီခေတ်မှာ လမ်းမှာလည်း အိမ်သာတွေ အဆင်ပြေအောင် ဆောက်ထားပေးတော့ ဒီပြဿနာ သိပ်မရှိလှဘူး ထင်တယ်။ ဒါပေမယ့် ငယ်ရွယ်သူတွေမှာ စိတ်ကိုနားလည်ပြင်ဆင်ထားမှ ဆီးအောင့်ထားတာ မရှိမှာပေါ့နော်။
ဇီ၀ ။ ။ တချို့ကတော့ သူများနဲ့မတူ၊ ဆီးကို မကြာခဏ ထွက်တတ်တာဗျ။ ဒီတော့ ခရီးထွက်ရင် အရည်နဲ့ အရည်ရွှမ်း သစ်သီးများများစားသောက်ခြင်းကို ဆင်ခြင်ပေ့ါ။ ကိုယ့်လစ်မစ်နဲ့ ကိုယ်ပေါ့လေ။ ဆီးအောင့်ထားတာများရင်တော့ မကောင်းတာ အမှန်ပဲ။
ဒီဃ ။ ။ အခုလိုပူပြင်းတဲ့ရာသီမှာ ရေမသောက်ဘဲ မနေနိုင်ဘူးဗျ။ ချေွးတအားထွက်၊ လှုပ်တာနဲ့ ပူပြီး ချေွးတွေနဲ့နေလို့ မကောင်းတော့ ရေသောက်လိုက်မှ နေသာထိုင်သာရှိသွားတာကလား
ဇီ၀ ။ ။ မှန်တယ်ကိုဒီဃ။ ရေဓာတ်ပြည့်အောင်တော့ သောက်ကိုသောက်ထားရမယ်။ ရေသောက်နည်းရင် ဆီးတွေ အရောင်ရင့်လာတာ တွေ့ရသလို၊ ဆီးလည်းနည်းသွားတာမဟုတ်လားဗျာ။ လူတစ်ယောက်ဟာ တစ်နေ့တာအတွက် ရေလုံလောက်အောင် သောက်သင့်တယ်။ ရေချည်းမသောက်ချင်ရင် အရည်ရွှမ်းတဲ့ သစ်သီးတွေ၊ ဖရဲသီး၊ သရက်သီး၊ နာနတ်သီး စတဲ့ ရာသီစာတွေလည်း အလျဉ်းသင့်သလို စားပေးသင့်တယ်။ မဟုတ်ရင် ဆီးထဲမှာ အနည်းအမှုန်တွေများလာပြီး ကျောက်ဖြစ် လာနိုင်တယ်။
ဒီဃ ။ ။ ဒါနဲ့ကျောက်ဖြစ်စေတဲ့ အစားအစာတွေကို ရှောင်ရမှာပေါ့နော်
ဇီ၀ ။ ။ ကျောက်ဖြစ်စေတဲ့ သတ္တုဓာတ်ဆားတွေက ထုံး (ကယ်လ်စီယမ်)၊ အောက်ဇားလိတ်နဲ့ ယူရစ်အက်စစ်ဆိုတဲ့ ဟာတွေဗျ။ ဥပမာ - ခင်ဗျားသောက်တဲ့ ရေထဲမှာကယ်လ်စီယမ် သတ္တုဓာတ်ဆားများရင် ဖြစ်လာနိုင်တဲ့ ကျောက်က ထုံးကျောက် ဖြစ်လာမှာပေါ့။ အောက်ဇားလိတ် များရင် အောက်ဇားလိတ်ပေါ့။ ဂေါက်ရောဂါရှိသူမှာ ယူရစ်အက်စစ်များရင် ယူရစ်အက်စစ်ကျောက် ဖြစ်နိုင်တယ်။
ဒီဃ ။ ။ ဒါဆိုဗျာ။ အဲဒါတွေမြင့်မားစွာပါတဲ့ အစားအစာတွေ ပြောပေးဦးလေ။ ဒါမှရှောင်ရတာပေါ့။
ဇီ၀ ။ ။ ထုံးဓာတ်များတဲ့အစာတွေကတော့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ထုံးဓာတ်များတဲ့ရေလို့ အကြမ်းဖျင်းမှတ်ပေါ့ဗျာ။ ယူရစ်အက်စစ် တက်စေတာကတော့ အစို့အညှောက်တွေဖြစ်တဲ့ ကညွတ်၊ မျှစ်၊ မျှစ်ချဉ်၊ မှို၊ ပဲပင်ပေါက်၊ ကလီစာ၀မ်းတွင်းသား၊ စတော်ဘယ်ရီ၊ ဒူးရင်းသီး စသည်တို့ပေါ့ဗျာ။ အောက်ဇားလိတ်ကျောက်ကတော့ ကယ်လ်စီယမ်နဲ့တွဲပြီး တွေ့ရလေ့ရှိတယ်ဗျ။ အဲဒီလိုကျောက်တွေကျောက်သေးသေး သို့မဟုတ် ခပ်ကြီးကြီးအရွယ်တွေ၊ ဆီးနဲ့ကျောက်ကပ်လမ်းကြောင်းတစ်ခုခုကို တွေ့ရပြီး၊ လမ်းကြောင်းတစ်ခုခုကို ပိတ်ဆို့လိုက်ပြီဆိုရင်၊ ချက်ချင်းလည်း မကုသခဲ့ရင် ရေရှည်ကျန်းမာရေးပြဿနာတက်လာနိုင်တယ် ဆိုတာ သတိပေးရင်း ဒီတစ်ပတ် နိဂုံးချုပ်ကြရအောင်။
Credit: ဒေါက်ထွေး (ဆေး/မန်း)
Health Digest Journal
Vol: 13, No: 35, 8-6-2016















