ဒီဆေးသောက်မိတိုင်း ဒီနေရာမှာ
ကျန်းမာရေးအတွက် ဆေးဆိုတာလည်း မရှိမဖြစ်ပစ္စည်းပါ။ ဒီတော့ အကြောင်းအမျိုးမျိုးကြောင့် ဆေးကိုတော့ တစ်နည်းတစ်ဖုံ ပတ်သက်နေကြရတာပါ။ အထူးသဖြင့် အားဆေးအပါအ၀င် သောက်ဆေးတွေ ပါ။ ဆေးတွေကြောင့် ကောင်းကျိုးတွေရရှိသလို ဆိုးကျိုးတွေလည်း ကြုံရတတ်ပါတယ်။ ပြောရရင်ဆေးနဲ့ ဓာတ်မတည့်တဲ့ကိစ္စတွေ့ရတတ်ပါတယ်။
ဆေးမတည့်ခဲ့ရင်
ဆရာ၀န်ညွှန်လို့ပဲဖြစ်ဖြစ်၊ ကိုယ့်ဘာသာကိုယ်သုံးစွဲတာပဲဖြစ်ဖြစ် သောက်ဆေးတစ်ခုခုနဲ့ ဓာတ်မတည့်ဘူးဆို ရင် ထူးခြားတဲ့လက္ခဏာတွေ တွေ့ကြုံကြရတာပါ။ များသောအားဖြင့် အရေပြားမှာပဲ အဓိကထင်ဟပ်ပြသာတာများ ပါတယ်။ ယားတာ၊ အဖုအပိမ့် အင်ပျဉ်ထွက်တာမှသည် အရေပြားတစ်ခုလုံး နီရဲပြီး အသားနီလန်တာ၊ အကြေးခွံတွေ ကွာကျတာတွေအထိ ဖြစ်နိုင်ပါတယ်။ အရေပြားရဲ့ တုံ့ပြန်ပုံကတော့ တစ်ယောက်နဲ့တစ်ယောက်၊ ဆေးတစ်မျိုးနဲ့တစ် မျိုးမတူနိုင်ပါဘူး။ တချို့ဆို နှင်းခူလိုယားနာတွေဖြစ်ပွားတာ၊ အသားတွေ မည်းတာ၊ ညိုတာတွေလည်းကြုံရတတ်ပါ တယ်။ အမေရိကန်နိုင်ငံမှာ အတွင်းလူနာတွေရဲ့ နှစ်ရာခိုင်နှုန်းကနေ ငါးရာခိုင်နှုန်းအထိ ဒီပြဿနာတွေ ကြုံရဆိုပဲ။ OPD ဆိုတဲ့ ပြင်ပလူနာဌာနမှာတော့ အထွေထွေလူနာတစ်ရာမှာ တစ်ယောက်ကတော့ ဆေးနဲ့ဓာတ်မတည့်တဲ့ပြဿ နာကြောင့် ဆရာ၀န်ဆီလာပြကြတာတဲ့။
ဒီဆေးသောက်တိုင်း၊ ဒီနေရာမှာ
ဆေးမတည့်တဲ့အမျိုးအစား၊ လက္ခဏာတွေအများကြီးရှိတဲ့အနက် ထူးထူးခြားခြား တချို့ကျတော့ ပုံသေနေရာတွေမှာပဲ လာပြီးဒုက္ခပေးတာမျိုးရှိပါတယ်။ ဥပမာ နှုတ်ခမ်းဆိုပါတော့။ မတည့်တဲ့ဆေးကို သောက်မိတိုင်း အဲဒီနှုတ်ခမ်းမှာပဲ ရဲလိုက်၊ မည်းလိုက်နဲ့ သံသရာလည်နေတာပါ။ သတိထားမိတဲ့ လူနာကိုယ်တိုင်က ဆရာ၀န်ကိုပြတဲ့အခါ ဒီဆေးသောက်တိုင်း ဒီနေရာမှာပဲ ပြဿနာပေးတယ်ဆိုပြီး ပြောပြတတ်ပါ တယ်။ ပြောရရင် ဆေးကလည်း ပုံသေ၊ ဖြစ်တဲ့နေရာကလည်း ပုံသေ၊ ဒီအဖြစ်မျိုးကို ပုံသေဆေးမတည့်ခြင်း (Fixed Drug Eruption) လို့ခေါ်ပါတယ်။ စိုင်းထီးဆိုင်ရဲ့ ချစ်ကေ့(စ်)သီးချင်းထဲကလို “အိမ်ကို ပြန်ရောက်တိုင်း၊ ဒီနေရာက နည်းနည်းနာနေတယ်” လို အဖြစ်မျိုးပေါ့။
ပုံသေဆေးမတည့်ခြင်း
ဒီပြဿနာက အတွေ့မနည်းလှပါဘူး။ ဆေးမတည့်တဲ့ အရေပြားပြဿနာတွေရဲ့ (20) ရာခိုင်နှုန်း လောက်တောင်ရှိနေတာပါ။ တချို့လူနာတွေက သတိမထားမိလို့သာပါ။ အမှုမဲ့အမှတ်မဲ့နေမိကြလို့ အဖြစ်နည်းတယ်လို့ ထင် စရာပါ။ တကယ်တော့ သိပ်မရှားတဲ့ ပြဿနာပါ။ ကျားမ မရွေး၊ အသက်အရွယ် မရွေး၊ လူမျိုးမရွေး ကြုံရတတ်တဲ့ ကိစ္စပါ။ ဒါပေမဲ့ အသက် (30) ၀န်းကျင်မှာတော့ ပိုပြီးအဖြစ်များတယ်ဆိုပဲ။ နောက်ပြီးမျိုးရိုးလည်း လိုက်တတ်တယ်လို့ ဆိုပါတယ်။
ဘယ်လိုလက္ခဏာတွေလဲ။
ကနဦးမှာတော့ များသောအားဖြင့် အရေပြားပေါ်မှာ တစ်ကွက်၊ နှစ်ကွက်လောက်ပဲ ပေါ်လာတာပါ။ ဆယ်ပြားစေ့အရွယ်၊ ကျပ်စေ့အရွယ်ပါ။ အထူးသဖြင့် နှုတ်ခမ်းနဲ့ လိင်အင်္ဂါတွေမှာပေါ့။ ဒါပေမဲ့ လက်ဖျံ၊ လက်မောင်း၊ ပေါင်၊ တင်ပါး၊ ကျောအောက်ပိုင်းစတဲ့နေရာတွေမှာလည်း ဖြစ်တာပါပဲ။ အစမှာတော့ နီနီရဲရဲ ဖောင်းဖောင်းကြွကြွပါ။ ဒါပေမဲ့ ကြာတော့တဖြည်းဖြည်းချင်းညှိုးလာပြီး အညိုအမည်းအကွက် စွဲကျန်ရစ်ခဲ့ပါတယ်။ အသားရင့်တဲ့သူ၊ မည်းတဲ့သူတွေကျတော့ ဖြူဖျော့ဖျော့အကွက်လေးတွေအဖြစ် စွဲထင်ကျန်ရစ်တာများပါတယ်။ အ၀ိုင်းပုံ ဒါမှမဟုတ် ဘဲဥပုံ ပုံသဏ္႑ာန် အကွက်ပါ။ ကြည့်လိုက်ရင် ထင်းခနဲ၊ လင်းခနဲပါပဲ။
စဖြစ်ဖြစ်ချင်းမှာ ယားတာ၊ ပူတာ၊ နာတာမျိုးတွေ အနည်းနဲ့အများကြုံရတတ်ပါတယ်။ ရှားရှားပါးပါး တချို့ကျ တော့ ဖျားတာ၊ မအီမသာဖြစ်တာ၊ ပျို့တာ၊ အန်တာ၊ ဗိုက်နာတာတွေပါတွဲပြီး ဖြစ်နိုင်ပါသေးတယ်။ များသောအားဖြင့်တော့ အကွက်ပေါ်တဲ့နေရာမှာ နည်းနည်းလောက်ပဲယားတတ်တာပါ။
ချက်ချင်းမဖြစ်ပါ။
ထူးဆန်းတာက ဓာတ်မတည့်တဲ့ဆေးကို ပထမဆုံးသောက်ပြီးပြီးချင်း နာရီပိုင်းအတွင်းမှာ ဒီလိုကနဦး အရေပြားလက္ခဏာတွေ ပြတာမျိုးမဟုတ်ပါဘူး။ တစ်ရက်နှစ်ရက်ကြာမှ ပေါ်လာတတ်တာပါ။ တချို့ဆို (2) ပတ် လောက်ကြာမှ အကွက်တွေပေါ်လာတာပါ။ ပေါ်ပြီးရင်လည်း စောစောကပြောသလို အလွယ်တကူ မပျောက်တော့ပါ ဘူး။ လချီပြီး စွဲကျန်ပါလေရော။ ပြဿနာက ဆေးနဲ့ ဒီအကွက်နဲ့ မဆက်စပ်မိကြတာပါပဲ။ ကြားထဲမှာရက်တွေ ကြာနေတာကိုး။ ဒီတော့ ဆေးကြောင့်လို့ မထင်ဘဲ အကောင်ကိုက်မိလို့လား၊ ထိမိခိုက်မိလို့လား ဟိုထင်ဒီထင်ပေါ့။
နောက်တစ်ခါ အသောက်မှားခဲ့ရင်
အဲဒီမတည့်တဲ့ဆေးကို နောက်တစ်ခါသောက်ခဲ့ရင် အရင် အကွက်ဟောင်းမည်းမည်း၊ ညိုညိုတွေ ပြန်ကြွ ပါလေရော။ အကွက်ဘေးပတ်လည်မှာ နည်းနည်း ရဲတဲတဲနဲ့၊ အကွက်ကလည်း ဖောင်းဖောင်းလေးပြန်ဖြစ် လာပါတယ်။ အကွက်ဟောင်းတွေ ငြိမ်နေရာကနေ ပြန်ပြီးလှုပ်ရှားသက်၀င်လာတဲ့ သဘောပါ။ Inactive Lesion တွေ Active ပြန် ဖြစ်လာတာမို့ Reactivation ပေ့ါ။ ငြိမ်နေတဲ့မီးတောင်ဟောင်း ပြန်ပြီးပေါက်ကွဲ တယ်ဆိုပါတော့။ ဒီလို ဓာတ်မတည့်ဖူးတဲ့ဆေးကို ပြန်သောက်မိတဲ့အခါ ရောဂါလက္ခဏာတွေဟာ နာရီပိုင်းအတွင်းချက်ချင်းကြီး ပြန်ပေါ် လာတာပါ။ ကနဦးတုန်းကလို (1) ပတ် (2) ပတ်လောက်ကြာမှ ပေါ်လာတာမျိုးမဟုတ်ပါဘူး။ နောက်ပြီး အကွက်ဟောင်းတွေ နည်းနည်း ပိုကျယ်လာပါတယ်။ ဒါ့အပြင် အရေအတွက်လည်း များလာတတ်ပါတယ်။ ဆိုကြပါစို့၊ ကနဦး ဆေးမတည့်တုန်းက နှစ်ကွက်တည်းရှိခဲ့ရင် နောင်အခါမှာတော့ မူရင်းအကွက်အပြင် သုံးကွက်၊ လေးကွက်လောက် ပြန့်လာနိုင်တာမျိုးပါ။ ဘယ်လိုပဲဖြစ်ဖြစ် အကွက်တွေက ညိုညိုမည်းမည်းအရိုး စွဲကျန်ခဲ့ပါလေရော။ တော်တော်နဲ့ကို မမှိန်တော့ပါဘူး။ ပြောရရင် လူမြင်သူမြင် နှုတ်ခမ်းမှာဆို ဟိုလူကမေး၊ ဒီလူကမေးနဲ့ အရှက်ရစရာပါ။ နှုတ်ခမ်းမည်းနဲ့ဆိုတော့ ဘာကြောင့်လဲ၊ ဘာဖြစ်လို့လဲဆိုပြီး တစ်မေးတည်း အမေးခံရတာပေါ့။ လူမမြင့်၊ သူမမြင်နေရာဆို တော်ပါသေးတယ်။ ဒါတောင် လိင်အင်္ဂါမှာဖြစ်နေခဲ့ရင် ကြိတ်မှိတ်ပြီး စိတ်ထိခိုက်နေရတာပါ။
ဘာဆေးတွေကြောင့်လဲ
ရှေ့မှာ ပြောခဲ့သလိုဆေးဆိုတာကလည်း အမျိုးအစားတွေက အများသား။ ကျန်းမာရေးအတွက် သင့်သလို သုံးစွဲနေကြရတော့ ဆေးနဲ့မကင်းနိုင်ပါဘူး။ ဒါပေမဲ့ အသုံးများတဲ့ ဆေးတွေကတော့ အကိုက်အခဲပျောက်ဆေးပါပဲ။ ဘာရယ်လို့မဟုတ်ဘူး၊ တချို့ဆို နည်းနည်းပါးပါး ညောင်းတာကိုက်တာနဲ့ အကိုက်အခဲပျောက်ဆေးတွေကို ၀ယ်သောက်နေကြတာပါ။ ဆရာ၀န်လက်မှတ်မပါဘဲ လွတ်လွတ်လပ်လပ် ကြိုက်သလောက်၀ယ်လို့ရနေတော့ တကယ့်ကို အသုံးများတဲ့ဆေးတွေပါ။ ခုပြောနေတဲ့ ပုံသေဆေး မတည့်တဲ့ကိစ္စက အဲဒီအကိုက်အခဲ ပျောက်ဆေးတွေကြောင့်ဖြစ်တာများပါတယ်။ နောက်ထပ် အသုံးများတဲ့ဆေးတွေကတော့ ၀မ်းနုတ်ဆေးပါ။ အပုပ်အစပ်တွေ စင်အောင်ဆိုပြီး ထစ်ခနဲရှိ ၀မ်းနုတ်တဲ့အကျင့်ကို စွဲနေကြတာမျိုးပါ။ ဒီပုံသေဆေးမတည့်တဲ့ ပြဿနာရဲ့ တရားခံတွေထဲမှာ ၀မ်းနုတ်ဆေးတွေ၊ ၀မ်းပျော့ဆေးတွေလည်း ထိပ်ဆုံးကပါပါတယ်။ ပိုးသတ်ဆေးတွေလည်း လိုအပ်ရင် သုံးနေကြရတာပါ။ အများကြီးကိုရှိပါတယ်။ အဲဒီမြောက်မြားစွာသော ပိုးသတ်ဆေးတွေထဲကမှ ဆာလဖာအုပ်စုဆေးတွေက ပုံသေ ဆေးမတည့်တဲ့ ကိစ္စကိုအဖြစ်အများဆုံးပါ။ ဥပမာ - စစ်ထရင်းပေါ့။ တက်ထရာဆိုက်ကလင်းတို့၊ ပင်နီဆီလင်တို့ လည်းဖြစ်နိုင်တာပါပဲ။ ဒါ့အပြင် အိပ်ဆေးတွေ၊ စိတ်ငြိမ်ဆေးတွေ၊ အတက်ရောဂါကုတဲ့ ဆေးတွေလည်း ပုံသေဓာတ်မ တည့်ခြင်းကို ဖြစ်စေတတ်တာပါပဲ။ စေ့စေ့ပေါက်ပေါက်ရေးပြရရင် ဆေးအမျိုး အမည်တွေ အများကြီးပါ။ အသုံးနည်းတာ နဲ့ အသုံးများတာပဲ ကွာတာပါ။ အခန့်မသင့်ရင်တော့ ဖြစ်နိုင်တာချည်းပါ။
အစားကြောင့်လည်း ဖြစ်တတ်တယ်။
အဓိကတရားခံကတော့ ဆေးတွေပါ။ ဒါပေမဲ့ တချို့ကျတော့ ဘာဆေးမှကို လုံး၀မသောက်မိဘဲနဲ့ ဒီပြဿနာ ကြုံရတာမျိုးရှိပါတယ်။ ရှားတော့ ရှားပါတယ်။ ကိုယ်စားလိုက်တဲ့ အစားအစာနဲ့ ဓာတ်မတည့်ရင်လည်းဖြစ်နိုင်ပါတယ်။ ဒီအစာကို စားမိတိုင်းဒီနေရာမှာပဲ ပြန်ပြန်ပြီးဖြစ်တဲ့သဘောပါ။ ခုခေတ် အစားအစာတွေမှာ ဓာတုဓာတ်ပေါင်းတွေက မကင်းလေတော့ သတိထားရမှာပါ။ အရောင်ဆိုးဆေးတို့၊ တာရှည်ခံဆေးတို့၊ ပိုးသတ်ဆေးတို့ ပါနိုင်တာမို့ ပုံသေဓာတ်မတည့်တဲ့ကိစ္စ ကြုံကြရတာပါ။
ကျောင်းဈေးတန်းမှာရောင်းတဲ့ ကလေးတွေအခေါ် လေဖောင်းအိတ် မုန့်တစ်မျိုးကို စားလို့ခုလို ပုံသေဓာတ်မတည့်တဲ့ ကလေးတစ်ယောက်ကို ကျွန်တော်တွေ့ဖူးပါတယ်။ အဲဒီမုန့်ကိုစားမိတိုင်း သူ့ရဲ့လက်ကောက်၀တ်နားမှာ ညိုမည်းတဲ့အကွက် ပြန်ပြန်ပြီးပေါ်လာတာမျိုး၊ ကြွတက်လာတာမျိုးပါ။ သီဟိုဠ်သရက်စေ့တို့၊ နွယ်ချိုတို့ပါတဲ့ အစားအစာကြောင့်လည်းရှားရှားပါးပါး ပုံသေဓာတ်မတည့်တဲ့ သူတွေရှိတယ်လို့ မှတ်တမ်းတွေကဆိုပါတယ်။ ဒါကြောင့် အရေပြားမှာ ထူးခြားချက်ပေါ်ရင် စားမိတဲ့အစာကို ခြေရာပြန်ကောက်ကြည့်ကြရတာပါ။
တရားခံဘယ်သူလဲဟေ့။
တကယ်တော့ တစ်ခါတလေမှာ တရားခံရှာတာခက်ပါတယ်။ သောက်တဲ့ဆေးကလည်း အများကြီး၊ စားတဲ့အစာကလည်း အများကြီးဆိုတော့ တရားခံအစစ်အမှန်ရှာဖို့ မလွယ်တတ်ပါဘူး။ ဒါပေမဲ့စနစ်တကျ မှတ်တမ်းရှိရင်၊ သတိထားရင် အဖြေပေါ်တာများပါတယ်။ ကိုယ်သောက်တဲ့ဆေးကို မှတ်မိဖို့ပဲလိုပါတယ်။ ၀မ်းနှုတ်ဆေးလား၊ ပါရာစီတမောလား စသဖြင့်ပေ့ါ။ တစ်ခါတလေ အမှုမဲ့၊ အမှတ်မဲ့ဆိုတော့ ဒီလိုအရေပြားမှာ လချီပြီး စွဲကျန်နေတဲ့၊ စွန်းထင်းနေတဲ့ ညိုပြာပြာအတွက်တွေဟာ ဆေးကြောင့်လို့လည်းမထင်သလို အစာကြောင့်လို့လည်း မထင်မိတတ်ကြပါဘူး။ ဆရာ၀န်ကိုလည်း မပြမိဘဲ နေတတ်ကြတာများပါတယ်။
ကုလို့ရသလား။
ကာကွယ်ခြင်းက ကုသခြင်းထက် ထိရောက်ကောင်းမွန်ပါတယ်။ မတည့်တဲ့ဆေး၊ မတည့်တဲ့ အစာကိုတိတိ ကျကျသိရရင်နောင်ကို အဲဒီဆေး၊ အဲဒီအစာကို လုံး၀ရှောင်လိုက်ပါ။ ရှိပြီးသား အညိုအမည်းအကွက်ဟာ ဖြည်းဖြည်း ချင်းတော့ မှိန်သွားမှာပါ။ နေထိတဲ့နေရာ (မျက်နှာ၊ လက်) ဆိုရင်တော့ နေရှောင်ရမှာပါ။ နေရောင်ကာခရင်မ်တွေ လိမ်းပေးပါ။ နောက်ပြီး စတီးရွိုက်အပျော့စားတွေ လိမ်းပေးရင်လည်း ထိရောက်ပါတယ်။ စိတ်ရှည်သည်းခံစောင့်ပါ။ ကြာတော့ သူ့အလိုလို လုံး၀ပျောက်သွားပါလိမ့်မယ်။
Credit; ဒေါက်တာကျော်ကျော် (အရေပြားအထူးကုဆရာ၀န်ကြီး)
ဇီ၀က (ကျန်းမာရေး၊ အလှအပ၊ သုတ၊ ရသ) မဂ္ဂဇင်း
No. 246, July 2015
















