ကလေးများနှင့် ၀မ်းချုပ်ခြင်း
ကလေးတွေမှာ၊ အစားအသောက်ကောင်းစွာ စားသလို၊ ၀မ်းလည်းနေ့စဉ်သွားပါမှ နေထိုင်လို့ကောင်းတာပါ။ ရက်သား၊ လသားကလေးတွေအနေနဲ့ မိခင်ကသာ အစားအစာစုံလင်အောင် စားသောက်ရင် လိုအပ်တဲ့အာဟာရတွေ လုံလောက်စွာရလို့ ၀မ်းချုပ်တာ အဖြစ်နည်းကြပါတယ်။ အသက် ၆ လပြည့်ရင် ဖြည့်စွက်စာအဖြစ် ထမင်း၊ အသား၊ အသီးအရွက်၊ ပဲမျိုးစုံ၊ ဥမျိုးစုံ နေ့စဉ်ပါအောင် ခြေပြီး၊ မွှေစက်ထဲထည့်ခြေပြီး တစ်နေ့သုံးလေးကြိမ် ကျေွးသင့်တယ်။ အဲသလို စုံလင်စွာပါအောင် မကျေွးဘဲ၊ ထမင်းတစ်မျိုးတည်း၊ အသားတစ်မျိုးတည်း၊ မိခင်နို့တစ်မျိုး တည်းသာ ကျေွးနေရင်၊ ကလေးဟာ တစ်ရက်ပြီးတစ်ရက် ၀မ်းချုပ်လာပါတော့တယ်။ တစ်ရက်နှစ်ရက်လောက်ဆိုရင် မသိသာလှပေမဲ့ အဲဒါထက်ကျော်လာရင် စမြင်းတုံးတွေခံလာပြီး၊ ၀မ်းသွားရခက်ခဲတာ၊ တအားညှစ်ပြန်တော့ စအိုကွဲနာတာ ဖြစ်လာလို့ ကလေးတွေလည်းနေလို့ မကောင်း၊ အီလာ၊ ဂျီကျလာသလို မိဘတွေလည်း စိတ်မကောင်းဖြစ်ကြရတယ်။
ကလေးတွေ ၀မ်းမချုပ်စေဖို့ အောက်ပါတို့ ပြုလုပ်ပေးနိုင်ပါတယ်။
1) ကလေးတွေကို အချိန်မှန်၀မ်းသွားဖို့ ၀မ်းတည်ပေးတဲ့ အကျင့်ပြုလုပ်ပေးပါ။ ကလေး၀မ်းသွားချင်တဲ့ အမူအရာပြတဲ့ အထိ မစောင့်ဘဲ အိပ်ရာထချိန်ဖြစ်ဖြစ်၊ အိမ်သာတတ်တဲ့အကျင့် ၀မ်းသွားအိုးပေါ် ထိုင်ခိုင်းတဲ့အကျင့် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
2) ကလေး၀မ်းသွားဖြစ်အောင် အချိန်လုံလုံလောက်လောက်ပေးပါ။ ၀မ်းသွားတဲ့အထိ စိတ်ရှည်လက်ရှည် စောင့်ဆိုင်း ပေးသင့်တယ်။ အကျင့်ရသွားရင် အိမ်သာအိုးပေါ် ထိုင်ပေးလိုက်တာနဲ့ မကြာခင် ၀မ်းသွားလာပါလိမ့်မယ်။
3) ကလေးကို အမြန်၀မ်းသွားခိုင်းတာမျိုး၊ ဆူပူငေါက်ငမ်းတာမျိုး၊ ဖိအားပေးတာမျိုး လုံး၀မပြုလုပ်သင့်ဘူး။
4) ကိုယ်လက်လှုပ်ရှားမှု အဖြစ်နိုင်ဆုံးပြုလုပ်ပေးပါ။ ကလေးကြီးတွေဆိုရင် အားကစားတစ်ခုခု ဘောလုံး၊ ကြက်တောင်၊ ဘော်လီဘောတစ်မျိုးမျိုး ပါ၀င်ကစားစေသင့်ပါတယ်။ ဒါမှသာ ကြွက်သားတွေသန်စွမ်းပြီး ၀မ်းလည်း မချုပ်တော့မှာဖြစ်တယ်။
5) ညမအိပ်ခင်နဲ့ မနက်အိပ်ရာထတိုင်း ရေတစ်ခွက်စီ (သို့) သူတို့သောက်နိုင်သလောက်ရေကို သောက်စေ သင့်တယ်။ နေ့ခင်းဘက်မှာလည်း ကလေးသောက်နိုင်သလောက် ရေများများ သောက်စေ သင့်တယ်။ ခြောက်လအောက် ကလေး ဆိုရင်တော့ မိခင်နို့ကလွဲလို့ ဘာအရည်မှ မတိုက်သင့်သေးတာ မို့ နို့၀အောင်မကြာခဏတိုက် ပေးသင့်တယ်။ ဒါမှသာ အူလှုပ်ရှားမှု ပိုမိုကောင်းမွန်စေသလို ရေဓာတ်အပြည့်အ၀ရကာ ၀မ်းမချုပ်တော့မှာဖြစ်ပါတယ်။
6) အရည်ရွှမ်းတဲ့ အသီးအနှံတွေ အသီးအရွက်ဟင်းတွေကို ခြောက်လပြည့်ပြီးတဲ့ ကလေးတိုင်း မစား စားအောင် သေချာကျေွးသင့်တယ်။ ခြောက်လပြည့်ကတည်းက ဖြည့်စွက်စာကျေွးတဲ့အခါ တစ်ခုကောင်း၊ နှစ်ခုကောင်း ကျေွးမယ့်အစား၊ အမျိုးအမည် စုံလင်အောင် မိတ်ဆက်ကျေွးပေးပါမှ ကျန်းမာရေးနဲ့ညီညွတ်ကာ ဆီး၊ ၀မ်းလည်းမှန်၊ အစားအသောက်လည်း ကြေးမများမှာဖြစ်တယ်။ နှစ်နှစ်၊ သုံးနှစ်မှ အဲဒါတွေ စကျေွးရင် ကလေးက စားကျင့်မရှိတော့ အစားရွေးကာ ကြေများလာတာမို့ ဗီတာမင်နဲ့ အာဟာရတွေချို့တဲ့ကာ ဖျားနာလွယ်တာပါ အဖတ်တင်ပါလိမ့်မယ်။
7) နို့စို့ကလေးဆိုရင် သောက်စို့တဲ့နို့ပမာဏနည်းရင် ကလေးကြီးဆိုရင်လည်း သူစားသောက်တဲ့ အစာနဲ့ရေ၊ အရည် စားသောက်တာ နည်းပါးရင် ၀မ်းချုပ်လာတာမို့ နေ့စဉ်သူတို့ စားသောက်တဲ့ပမာဏကို စောင့်ကြည့်ပြီးလိုအပ်ရင် ထပ်ဆောင်းကာ ပိုမိုစားသောက်စေဖို့ ပြုပြင်ပေးသင့်တယ်။
8) ကလေးတွေကို တစ်ကြိမ်အစာစားပြီး (ကျေွးပြီး) တိုင်း သံပရာရည်၊ လိမေ္မာ်သီးရည်စသဖြင့် လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တစ်မျိုးမျိုး အမြဲတမ်းတိုက်ကျေွးသင့်တယ်။ သစ်သီးဖျော်ရည်သောက်အပြီးနဲ့ အစာစားပြီးတိုင်းတော့ ပလုတ်ကျင်းခိုင်းသင့်ပြီး မနက်ခင်းစာစားအပြီးနဲ့ ညအိပ်ရာ၀င်တိုင်းလည်း သွားတိုက်ဆေး၊ သွားတိုက်တံနဲ့ စနစ်တကျတိုက်ပြီး သွားနဲ့ခံတွင်းသန့်ရှင်းရေးအကျင့် လုပ်ပေးသင့်တယ်။ ဒါမှသာ သွားပိုးစားနဲ့ သွားဖုံးရောဂါတွေ ကာကွယ်ပေးပြီး စားတဲ့အစားအစာတွေကို သေချာကြေညက်အောင် ဝါးပေးနိုင်မှာဖြစ်တယ်။ အခုခေတ်မှာ ညအိပ်ရာ၀င် သွားမတိုက်ကြဘဲ မနက်လင်းမှာ မျက်နှာသစ်ရင်း သွားတိုက်ကြတော့ တစ်ညလုံး သန့်ရှင်းမှုမရှိတဲ့ သွားနဲ့ခံတွင်းရောဂါတွေ ပိုပေါများလာတာကိုတွေ့ရတယ်။
9) အချိုမှုန့်တွေ၊ အမြန်စာတွေ၊ အချိုရည်တွေ၊ ဆိုးဆေးပါ အစားအစာတွေ စားမယ့်အစား လတ်ဆတ်တဲ့အသီးအနှံ၊ အရောင်သိပ်မချွတ်ထားတဲ့ ပေါင်မုန့်နဲ့ သစ်သီးဖျော်ရည်တွေကိုသာ နံနက်ခင်းစာအဖြစ် စားသုံးသင့်တယ်။ ဥပမာ - ပန်းသီး၊ လိမေ္မာ်သီး၊ ငှက်ပျောသီး၊ သစ်တော်သီး။
10) ကွေကာအုတ်ပြုတ်ထဲမှာ စပျစ်သီးခြောက်၊ ဘယ်ရီသီးခြောက်အမျိုးမျိုးနဲ့ ဆီးသီးခြောက်တစ်ခုခု ထည့်စား၊ ထည့်ကျေွးပေးတာကလည်း ကျန်းမာရေးပိုကောင်းစေသလို ၀မ်းလည်းမှန်စေတယ်။
11) ထမင်းစားတိုင်း ဟင်းသီးဟင်းရွက်ကြော်၊ ချဉ်ရည်၊ ပဲဟင်းနဲ့ ဟင်းချိုစသဖြင့် အရည်သောက်ဟင်း တစ်ခုခုပါအောင် စားစေကျေွးစေခြင်းအားဖြင့် ခံတွင်းလည်းမြိန်စေ၊ ၀မ်းလည်းမချုပ်စေတော့ဘူး။
12) မနက်ခင်းစာအဖြစ် ဆန်ပြုတ်၊ ဟင်းသီးဟင်းရွက်ခတ်ထားတဲ့ အသားစွပ်ပြုတ်စတာတွေ စားသင့်တယ်။ အချိုလွန်ကဲတဲ့ အစားအသောက်တွေ၊ ကောက်ညှင်းနဲ့ လုပ်ထားတဲ့အစားအစာတွေ ရှောင်သင့်တာပါ။
13) နေ့စဉ်အသီးအရွက်စားတဲ့အထဲမှာ ၀မ်းကို ပိုမှန်စေတဲ့ ပန်းဂေါ်ဖီ၊ ဘရိုကိုလီ၊ မုန်ညင်းအမျိုးမျိုးနဲ့ ဟင်းနုနယ်တို့ အမြဲပါ၀င်စေသင့်တယ်။ အဲဒါတွေကို သူတို့ချည်းပဲ ချက်ချက်၊ တခြားအသားအသီးအနှံနဲ့ပဲ ရောနှောချက်ချက် မရိုးအောင်ထည်လဲ ပြုလုပ်ကျေွးသင့်တယ်။
14) နေ့စဉ် အစာစားပြီးဖြစ်စေ၊ ကြားအချိန်ဖြစ်စေ လတ်ဆတ်တဲ့အသီးအနှံတွေကို မိသားစုနဲ့အတူ ကလေးတွေပါ ၀ိုင်းဖွဲ့ရင်း အတူစားစေသင့်တယ်။ အတင်းအကျပ်ကျေွးရင် ကလေးသဘာ၀အရ ငြင်းဆန်လေ့ရှိတာမို့ မစားချင် စားချင်အောင် ချော့မော့စည်းရုံးရင်း ပျော်ရွှင်စွာ၀ိုင်းဖွဲ့စားပြသင့်တယ်။ ဒါမှသာ ကလေးလည်း စိတ်ပါလက်ပါ စိတ်၀င်စားလာမှာဖြစ်ပါတယ်။
အချိန်မှန်ကစား၊ ရေများများသောက်၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားမျိုးစုံလည်းစားတဲ့ ကလေးတွေမှာ တော့အထက်ပါအချက်များနဲ့ ပြည့်စုံရင် ၀မ်းချုပ်တဲ့ပြဿနာမကြုံရတော့ဘူး။ အထက်ပါအချက်တွေကိုသာ လိုက်နာရင် လူကြီးတွေလည်း ကလေးတွေ၀မ်းချုပ်လို့ စိတ်ညစ်ရမှာ မဟုတ်တာမို့ လူကြီးတွေလည်းကျင့်သုံးသင့်ပါတယ်။
ကလေးတွေမှာ တစ်ရက်လောက်၀မ်းမသွားရင်ကို အမေတွေက ကွမ်းရိုးနဲ့၀မ်းချူတာ၊ ၀မ်းချူလုံးသုံးတာ၊ ၀မ်းနှုတ်ဆေးကျေွးတာ ပြုလုပ်တတ်ကြပါတယ်။ တစ်ရက်နှစ်ရက် ၀မ်းမသွားရုံနဲ့ ဘာမှမဖြစ်ပါဘူး။ အထက်ပါ နည်းတွေကိုသာ လိုက်နာကြည့်ရင် ၀မ်းပြန်သွားလာပါလိမ့်မယ်။
၀မ်းနှုတ်ဆေးကျေွးတာကို ကလေးတွေမှာ အစမပြုသင့်ပါဘူး။ ၀မ်းနှုတ်ဆေးစားမှ ၀မ်းသွားတော့မယ့်အလေ့ အထကြီးစွဲသွားမှာဖြစ်တဲ့အပြင် မလိုလားအပ်တဲ့ ၀မ်းနှုတ်ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကိုပါ ကလေးတွေ ခံစားလာရစေတယ်။ ၀မ်းချူလုံးနဲ့ ကွမ်းရိုးသုံးပြန်ရင်လည်း နုနယ်တဲ့ကလေးရဲ့ စအိုပတ်လည်မှာ မတော်တဆ ထိခိုက်ဒဏ်ရာ ရစေနိုင်တာမို့ ခဏခဏ ၀မ်းသွားနေတာ မလုပ်သင့်ပါဘူး။ ၀မ်းနေ့စဉ်မသွားတဲ့ကလေးတွေကို ၀မ်းမချူသေးဘဲ အောက်ပါတို့ကို လိုက်နာသင့်ပါတယ်။
- ဆီးသီးခြောက်ဖျော်ရည်တစ်ခွက်စီ ညနဲ့နံနက်သောက်စေခြင်း
- လိမေ္မာ်ရည်လတ်လတ်ဆတ်ဆတ် ဖျော်တိုက်ခြင်း
- စပျစ်သီးဖျော်ရည် ပြုလုပ်တိုက်ခြင်း၊ စပျစ်သီးကျေွးခြင်း
- မက်မွန်သီးဖျော်ရည် ပြုလုပ်တိုက်ခြင်း
- ခရမ်ဘယ်ရီသီး (Cranberry) ဖျော်ရည် ပြုလုပ်တိုက်ခြင်း
- ဖွဲနု ၁-၂ ဇွန်းကို ဒိန်ချဉ်နဲ့ ရောမွှေတိုက်ခြင်း
- ငါးကြီးဆီတစ်နေ့တစ်လုံး၊ နှစ်လုံးတိုက်ခြင်း စတာတွေကို ပြုလုပ်ပြီး တစ်ရက်လောက် စောင့်ကြည့်သင့်တယ်။ အထက်ပါဖျော်ရည်တွေ တစ်ခွက် နှစ်ခါ၊ သုံးခါလောက် ၆ နာရီခြား တိုက်အပြီးမှာလည်း ၀မ်းသွားလာစေတာတွေ့ရတယ်။
အဲဒီလိုပြုလုပ်အပြီး ၀မ်းသွားလာရင်ဖြစ်စေ၊ ၂-၃ ရက်ချုပ်ထားတဲ့ ၀မ်းသွားလာရင်ဖြစ်စေ၊ စမြင်းတုံးညှစ်ရလို့ ကလေးမနာကျင်စေရန် အောက်ပါအတိုင်းပြုလုပ်ပေးသင့်တယ်။
ကလေး၀မ်းဗိုက်ကလေးပေါ်သို့ အလှဆီအနည်းငယ်အစက်ချပြီး အသာအယာပွတ်နှိပ်နယ်ပေးပါ။ ဖိအားသုံး နှိပ်နယ်တာမျိုးတော့ မလုပ်သင့်ပါဘူး။
၀မ်းမညှစ်ခင် စအိုပတ်လည်ကို ဗက်ဆလင်း၊ အလှဆီနဲ့ ခါးတောင်းကျိုက်ချောဆီ nappy cream တစ်ခုခု လိမ်းကျံထားပေးခြင်းက စမြင်းတုံးကြောင့် စအိုကွဲခြင်း၊ နာခြင်းမှ ကာကွယ်ပေးမှာဖြစ်ပါတယ်။ ၀မ်းသွာအပြီးသန့်ရှင်း ရေးလုပ်ပေးတဲ့အခါ စအိုပတ်လည်အတင်းဖြဲကာ သုတ်သင်တာမျိုး ရှောင်သင့် ပြီး ရေဆွတ်ထားတဲ့ တစ်သျှူး၊ အ၀တ် တစ်ခုခုနဲ့သာ အသာအယာသန့်ရှင်းပေးသင့်တယ်။ စအိုပတ်လည် ထိခိုက်ဒဏ်ရာရသွားရင်လည်းကလေးက နာကျင်မှုကြောင့် ၀မ်းမသွားဘဲ အောင့်နေတတ်တော့ထပ်ပြီး ၀မ်းချုပ်တာဖြစ်စေပြန်ပါတယ်။
၀မ်းကိုအတင်းအားစိုက်ညှစ်ပစ်ရင်လည်း စအိုပတ်လည်ဒဏ်ရာရနိုင်တာကြောင့်၀မ်းသွားအိုးပေါ် ကလေးထိုင် ပါနေတုန်း ကလေးစိတ်၀င်စားမယ့် ဗီဒီယိုရုပ်ရှင်ပြတာ၊ သီချင်းဖွင့်ပြတာ ပြုလုပ်ပေးသင့်တယ်။
လမ်းလျှောက်တတ်ခါစကလေးတွေ လှုပ်ရှားနိုင်တဲ့လေ့ကျင့်ခန်းမျိုး လေ့ကျင့်ပေးနိုင်ရင်လည်း အူလှုပ်ရှားမှု ကောင်းစေပြီး ၀မ်းမှန်စေတယ်။ ကျောင်းနေတဲ့အရွယ်ကလေးတွေမှာ ကျောင်းပြီးကျူရှင်၊ ကျူရှင်ပြီး စာဖတ်၊ ဂိုဒ် (Guide) နဲ့ တစ်နေ့လုံးထိုင်နေရပြီး ကစားခုန်ကစားလုပ်ချိန်မရှိရင်၊ ကိုယ်လက်လှုပ်ရှားမှုမရှိရင် အူလှုပ်ရှားမှု နှေးကွေးပြီး ၀မ်းချုပ်လာစေပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲစာတော်စေချင်ပေမဲ့ ကစားချိန်၊ နားချိန်ကတော့ ကလေးတွေ ရရှိအောင်ဖန်တီးပေးသင့်တယ်။
တချို့ကလေးတွေကျပြန်တော့ ခါးတောင်းကျိုက်ထဲ အီးပါချနေရာက အိုးပေါ်အီးတည်တဲ့ အခါ နေသားမကျတော့ အီးမပါတော့ဘဲ အောင့်ထားတတ်တာကြောင့် ၀မ်းချုပ်တတ်ကြပါသေးတယ်။ ဒါကြောင့် ခါးတောင်းကျိုက် (nappy) ကို တစ်နေ့ကုန် ၂၄ နာရီ၀တ်ထားပေးမယ့်အစား အခါအားလျော်စွာ အနားပေးသင့်တယ်။ “ မျက်စိ အကျင့်၊ ၀မ်းအချင့် ” ဆိုတဲ့ စကားလို၊ အလေ့အကျင့်လုပ်ပေးရင် အစပိုင်းသာ အချိန်ယူပေမဲ့ နောက်ပိုင်း အသားကျသွားကာ လွယ်ကူလာပြီး ၀မ်းမှန်လာစေပါတယ်။
အထက်ပါအချက်တွေဟာ ကလေးတွေသာမကပဲ လူကြီးတွေပါ လေ့လာလိုက်နာရင် ၀မ်းနှုတ်ဆေးအပေါ် မှီခိုနေရတဲ့ နာတာရှည် ၀မ်းချုပ်သူများအဖြစ်မှ ကင်းေ၀းကြမှာဖြစ်ပါတယ်။ အားကစား နေ့စဉ်ပြုလုပ်၊ အသီးအရွက် များများစား၊ ရေများများသောက်၊ အသီးအနှံများများစားပါက ဆီး၊ ၀မ်းမှန်ကာ ကျန်းမာရေးလည်းညီညွတ်မျှတတဲ့ ကလေးရော လူကြီးတွေပါ ဖြစ်လာကြမှာသေချာပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
Credit: ဒေါက်တာမြမြချယ် (ကလေးအထူးကုဆရာ၀န်ကြီး)
ဇီ၀က (ကျန်းမာရေး၊ အလှအပ၊ သုတ၊ ရသ) မဂ္ဂဇင်း
No. 243, April 2015






























