ပန်းသီးတစ်ကိုက်
ပန်းသီးတစ်လုံးကို ကိုက်လိုက်ပါ။ ပါးစပ်အတွင်းပါသွားသော ပန်းသီးစိပ်ကိုဝါးလျက်လက်အတွင်းမှ မိမိကိုက်လိုက်သော ပန်းသီးကိုကြည့်လိုက်ပါ။ မိမိကိုက်လိုက်သော အရည်လဲ့လဲ့ပန်းသီးမျက်နှာပြင်ပေါ်တွင် သင်ဘာတွေ့ပါသနည်း။
ယခုကာလမှာပန်းသီးများပေါလှသဖြင့် ဆင်းရဲချမ်းသာမဟူ ပန်းသီးစားနိုင်ကြပါပြီ။ စားကြသူချင်း တူသော်လည်း စားပုံစားနည်းချင်းမတူကြပါ။ အချို့သူတို့သည် ပန်းသီးကိုဓားဖြင့်လှီးစားကြပါသည်။
တင်ပြလိုသည်မှာ ပန်းသီးမှရသော အာဟာရဓာတ်များအကြောင်းမဟုတ်ပါ။ ကိုက်စားစား၊ လှီးစားစားပန်းသီးသည် ပန်းသီးသာဖြစ်သော်လည်း ကိုက်စားခြင်းမှ သွား၊ သွားဖုံးတို့အပေါ် အကျိုးပြုမှုကို တင်ပြလိုခြင်းဖြစ်ပါတယ်။
ပန်းသီးကို ကိုက်လိုက်ခြင်းအားဖြင့် သွားများပန်းသီးအတွင်းစိုက်၀င်သွားပြီး၊ ပန်းသီးမျက်နှာပြင်ပေါ်တွင် သွားရာရှည်ရှည်ကြီးများထင်နေပါသည်။ တကယ့်သွားအရည်ထက် 4 ဆမက ရှည်ပါမည်။
ပန်းသီးအသားထဲ သွား၀င်သွားစဉ် သွားအခြေမှသွားဖုံးများကျန်မနေရစ်ပါ။ သွားနောက်မှ သွားဖုံးများလည်း ပန်းသီးအသားထဲသို့ လိုက်၀င်သွားပါသည်။ ပန်းသီးအသားက မျက်နှာပြင်နှင့် သွားကြားကို ပွတ်တိုက်သွားသလို သွားဖုံးသည်လည်း အဖိအတိုက်ခံရပါသည်။
သွားများ အပွတ်အတိုက်ခံရ၍ သွားမျက်နှာပြင်နှင့် သွားကြားပြောင်စင်သွားသလို သွားဖုံးမျက်နှာပြင် တွင်ကပ်နေသော သွားချေးလွှာ (ဗက်တီးရီးယားအလွှာ) ကိုလည်း ဖယ်ထုတ်ပြီးသားဖြစ်သွားပါသည်။ ပန်းသီးအသား၏ ပွတ်တိုက်အားကြောင့် သွားဖုံးသည်လက်ဖြင့်အနှိပ်ခံလိုက်ရသလို ဖြစ်သွားပြီး သွေးအသွား အလာပြောင်းသွားပါသည်။
ပန်းသီးကဲ့သို့ပင် အခြားအရည်ရွှမ်း အသားထူ၊ အသားဆတ်သော အသီးများကို ဓားဖြင့် လှီးစိပ်မစားဘဲ၊ သွားဖြင့်ကိုက်ခွဲ ဝါးစားခြင်းအားဖြင့် သွားနှင့်သွားဖုံး၏ သန့်ရှင်းရေး၊ ကျန်းမာရေးကို အထောက်အကူရစေနိုင်ပါသည်။
စနစ်မှန် သွားတိုက်ခြင်းသည် သွားတွင်တွယ်ကပ်နေသော အစာအကြွင်းအကျန်များကို ဖယ်ရှားပေးခြင်းဖြစ်သည့် အပြင် သွားဖုံးများသန့်ရှင်းရေးကိုလည်း ကူညီပေးပါသည်။ သွားနှင့်အစာ ေ၀းရန်အတွက် သွားတိုက်သည်တွင် အများစုမှာ သွား၏အစာကြိတ်ဝါးသောမျက်နှာပြင်ကို မတိုက်ဖြစ်ကြပါ။
သွားများ၏မျက်နှာပြင်သည် ကျောက်ပျဉ်ကဲ့သို့ပြောင်ချောမနေဘဲ အစာကြေညက်စေရန်အတွက် အဖုအထစ်အချိုင့် အ၀ှမ်းလေးများရှိနေပါသည်။ ထိုအချိုင့်အ၀ှမ်းတို့တွင် အစာကြွင်းများ ခိုအောင်းကျန်နေ တတ်ရာ သွားမျက်နှာပြင်ကိုစင်အောင် မတိုက်ပါက ၎င်းနေရာမှ သွားပိုးစားခြင်းစပါတော့သည်။
သွားဖုံးများကို သန့်ရှင်းစေရန်မူ သွားပွတ်တံအမွေးဖြင့် တိုက်ရိုက်ပွတ်တိုက်ရန်မလိုပါ။ သွားပွတ်တံ အမွေးများကို သွားဖုံးဆီသို့ ဘေးတိုက်မီလိုက်ပြီး သွားမျက်နှာပြင်ဆီသို့ ဖိဖိလှိမ့်လှိမ့် ထုတ်လိုက်ရန်ဖြစ်ပါသည်။ (ဆေးသုတ်ဘရပ်ချ်ဖြင့် ဆေးသုတ်သည်ကို မြင်ကြည့်ပါ)
အစာနှင့် သွားကြာကြာေ၀းစေရန် ညအိပ်ရာ၀င်သွားတိုက်ရန်လိုအပ်လှပါသည်။
အစာမာနှင့် ထိမိလျှင် သွေးထွက်တတ်ခြင်း၊ သွားဖုံးများ မွဲပြာပြာပွရောင်းရောင်းဖြစ်နေခြင်း၊ သွားဖုံးကိုလက်ညှိုး လက်မကြားထား၍ ဖိနှိပ်လိုက်ပါက ဖြူပျစ်ပျစ်အရည်များထွက်ခြင်း၊ သွေးထွက်ခြင်း၊ ခံတွင်းအနံ့ဆိုးများ ထွက်ခြင်းတို့ရှိပါက ထိုသွားဖုံးများ ကျန်းမာမှုမရှိပါ။ ဆေးလိပ်သောက်သူများတွင် ဆေးလိပ်ကြောင့် သွားဖုံးသွေးကြောလေးများ ကျဉ်းနေတတ်ကြသဖြင့် သွေးအရောက်နည်းသွားကာ သွားဖုံးများ မကျန်းမမာဖြစ်နေ တတ်ကြပါသည်။ သွားဖုံးများ ကျစ်ကျစ်လျစ်လျစ်မရှိဘဲ သွားကိုကောင်းစွာ မထိန်းသိမ်းနိုင်ကြတော့ပါ။
(ထိုသွားဖုံး မကောင်းသူများသည် သွားများကို နှိပ်ပေးခြင်း၊ အမျှင်ထူသော၊ အရည်ရွှမ်းသော၊ အသားဆတ်သော အသီးများကို စားပေးခြင်းအားဖြင့် သွားဖုံးနှင့် သွားကို သန့်ရှင်းစေနိုင်ပါသည်။)
သစ်သီးများကို ကိုက်ခွဲခြင်း၊ လက်နှင့်ဖိနှိပ်ကြည့်ခြင်းအားဖြင့် သွားဖုံးမှ သွေးထွက်သည် ရှိသော် ကြောက်စရာမလိုပါ။ သွားဖုံးမကျန်းမာမှုကို ကုစားရန်အတွက် ခန္ဓာကိုယ်မှသွေးများပို့ထား၍ ဖြစ်ပါသည်။ ထိုသွားဖုံးမျိုးကို ဆက်ဆက်နှိပ်ပေးခြင်း၊ သစ်သီးများကို ဆက်ဆက်ကိုက်ခွဲနေခြင်းအားဖြင့် သွေးထွက် ရပ်ကာ သွားဖုံးကျန်းမာရေးပြန်ကောင်းပါမည်။ ခံတွင်းအနံ့ဆိုးများလည်းပျောက်သွားပါသည်။
သွားဖုံးကျန်းမာလာသည်နှင့်အမျှ သွားဖုံးအတွင်းရှိ ကာရာတင် (ဖယောင်းအလွှာ) သည် ထူလာပါမည်။ ထိုကာရာတင် အလွှာသည် အစာမာများမှ ထိခိုက်မှုဒဏ်၊ ဗက်တီးရီးယားပိုးမွှားများ၏ တိုက်ခိုက်မှုဒဏ်တို့ကို ကာကွယ်ပေးသည့်အပြင် သွားဖုံးအရောင်ကို တောက်ပြောင်လင်းလက်စေပါသည်။
အသက်ရှင်နေသရွေ့ စားဝါးနေကြသလို၊ သွားလည်းတိုက်နေကြရပါသည်။ သွားတိုက်သည်မှာ အနည်းဆုံး သွားပိုးစားခြင်းကို ကာကွယ်ပေးမှုရှိစေရန်၊ အစာစားနေသည်မှာ မည်သို့သော စားပုံစားနည်း ပုံစံက သွား၊ သွားဖုံး သန့်ရှင်းကျန်းမာမှုကို အထောက်အကူရသည်ကို သတိထားနိုင်ရန်တင်ပြပါသည်။
အချုပ်အားဖြင့် ပိုးမစားအောင် မျက်နှာပြင်တိုက်၊ သွားဖုံးကောင်းအောင် ပန်းသီးကိုက်။
Credit: ဒေါက်တာတင့်ေ၀ (သွား/ကျန်းမာ)
Health Digest Journal
Vol: 13, No: 41, 20-7-2016
















