အအေးမိပျောက်ဆေး ၀ယ်သောက်မယ်ဆိုရင်
ဝါဆိုဝါခေါင် ရေဖောင်ဖောင်ဆိုရိုးစကားအတိုင်း ရန်ကုန်မှာတော့ ရုံးတက်ချိန်နဲ့ ရုံးဆင်းချိန်မှာ မိုးကမလွတ်တမ်းရွာလေ၏။ ကျောင်းတက်ချိန်၊ ကျောင်းဆင်းချိန်တွေလည်ထို့အတူပါပဲ။ ကလေး၊ လူငယ်၊ လူလတ်၊ လူကြီးအရွယ်စုံ၊ ဆိုက်စုံ မိုးမိတာမဆန်းတော့ အအေးမိတာလည်း ရာသီချိန်ဖြစ်နေပါတယ်။ သာမန် အအေးမိတာလောက်တော့ ရေနွေးပူပူလေးသောက်လိုက်ရုံဖြင့် အအေးဒဏ်ခံနိုင်ပေမယ့် နေ့စဉ်ရက်ဆက်ဆိုတော့ ကိုယ်တွင်းခုခံကာကွယ်ရေးစနစ်ကလည်း မဟန်တော့ပြီ။ အဖျားအနာရှိလာသလို လည်ချောင်းနာ၊ ခေါင်းကိုက်ဇက်ထိုး၊ တစ်ကိုယ်လုံးကြွက်သားတွေ နာကျင်ကိုက်ခဲပြီး ခေါင်းမထူနိုင် အိပ်ယာထဲလဲကြပြန်၏။ အဖျားကျလို့ ခေါင်းထူလာနိုင် တဲ့အခါ ချောင်းကလေးတဟွတ်ဟွတ်ဆိုး ကျန်ခဲ့ပြီး ရှေ့မှာဖော်ပြခဲ့တဲ့ ေ၀ဒနာစုံကုစားရန် အအေးမိတုပ်ကွေးပျောက်စေ မယ့် ကုထုံးမှာ အစီတာမင်နိုဖင်ခေါ် ဆေးဝါးကိုလိုတာထက်ပိုထည့်ကာ ဖော်စပ်ရောင်းချ လာတာတွေ့ရတယ် လို့ ဆေးပညာရှင်ကြီးများက သတိပေးလာကြပါတယ်။ မည်သည့်ဆေးဝါးမဆို တန်ဆေးလွန်ဘေးမို့ အအေးမိတုပ်ကွေးအတွက်ဆေးဝါး အထူးသဖြင့် အစီတာမင်နိုဖင် Acetaminophen ကြောင့်ပင် အသည်းအဆိပ်အတောက်ဖြစ်လာတဲ့ဒဏ်ကို ထပ်မံခံရတတ်တာမို့ မိမိသဘောနဲ့ မိမိ အအေးမိတုပ်ကွေးပျောက်ဆေးဝါး များကို မသောက်ကြဖို့သတိပေးနှိုးဆော်ရခြင်းဖြစ်ပါတယ်။
အမှန်က အစီတာမင်နိုဖင်ဟာ အကိုက်အခဲသက်သာပြီး အဖျားကျစေတဲ့ဆေးအဖြစ် အသုံးများလေ့ ရှိပါတယ်။ ဆေးဝါးအမျိုးအစားပေါင်း 600 ထက်မကမှာ ပေါင်းစပ်ထုတ်လုပ်လေ့ရှိတယ်။ အစီတာမင်နိုဖင်ဟာ အများအားဖြင့် အရွယ်ရောက်သူတွေမှာ 650 မှ 1000 မီလီဂရမ်ဟာ ဘေးကင်းစိတ်ချရပေမယ့်၊ အချို့သောသူတို့မှာ ၎င်းဆေးဝါး 8400 မီလီဂရမ်လောက် သောက်တာများလာရင်တော့ အသည်းထိခိုက်ပျက်စီးသွားနိုင်ပါတယ်။
အစီတာမင်နိုဖင် အများကြီးသောက်မိရင် ဘာပြဿနာတွေဖြစ်လာနိုင်လဲ
ဖျားပြီ၊ နှာစေးပြီဆိုရင် လမ်းဘေးဆိုင်က အဖျား သို့မဟုတ် တုပ်ကွေးပျောက်ဆေးဆိုလို့ သောက်လိုက် ကြပေမယ့် ဘာတွေပါလို့ပါမှန်းတောင်မသိကြတာများပါတယ်။ မည်သည့်ဆေးဝါးမဆို မသောက်မီ ၎င်းစက္ကူဘူးပေါ်ရေးထားသမျှကို အသေအချာဖတ်ကြည့်ပြီးမှ သင့်၏/မသင့်၏ စဉ်းစားပေးနိုင်မှာဖြစ်တယ်။
တချို့သောလူတွေမှာ အအေးမိပျောက်ဆေးတွေကို တစ်ကြိမ်သောက်ရုံဖြင့်မသက်သာရင် အချိန်ကိုစောင့်ကြည့်ရမှန်းမသိဘဲ ဆန္ဒစောပြီးထပ်ကာထပ်ကာသောက်ကာ ကိုယ့်အန္တရာယ်ပေးလို့ပေးမှန်း မသိဘဲ နောက်ကျအချိန်လွန်မှသိရတဲ့အခါ အသည်းထိခိုက်ပျက်စီးသွားပြီးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အအေးမိတုပ်ကွေးပျောက်ဆေး အစီတာမင်နိုဖင်က အသည်းထဲမှာ စတင်စီမံပြုပြင်ရပါတယ်။ ထိုဆေးပုံမှန်ပမာဏလောက်ဆိုရင်တော့ အသည်းကကောင်းစွာဖြိုခွဲပေးနိုင်ပါတယ်။ ပြီးနောက် ဆီးထဲကနေ ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်ပေးလိုက်တယ်။ ဒါတောင် အစီတာမင်နိုဖင်ဆေးရဲ့ အစိတ်အပိုင်းအနည်းငယ်လောက်ဟာ အသည်းကလာပ်စည်းများကို အဆိပ်အတောက်ပေးနိုင်ပါသေးတယ်။ ဒါကြောင့် အကိုက်အခဲမသက်သာ၊ အဖျားမကျလို့ ထပ်ကာထပ်ကာသောက်မိပါက ဆေးပမာဏများများလာသလို အသည်းကလာပ်စည်းများကိုဒုက္ခပေး အဆိပ်အတောက်ဖြစ်စေနိုင်လောက်တဲ့ အန္တရာယ်ကလည်း ရှိလာတိုးပွားလာနိုင်ပါတယ်။ အဖျားမကျမချင်း ကိုက်ခဲညောင်းညာလို့ 2 ရက် 3 ရက် ဆက်တိုက်သောက်မိပါက ရက်ကြာလာတာနဲ့အမျှ သင့်အသည်းကိုဒုက္ခပေး ဖျက်ဆီးတော့မှာဖြစ်ပါတယ်။
ဖျားနာတဲ့အခါ လူတချို့မှာ အော့အန်လွယ်ခြင်း၊ ရေဓာတ်ခန်းခြင်း၊ ၀မ်းပျက်တတ်ခြင်းတို့ရှိပါက ထိုအအေးမိနှာစေးတုပ်ကွေးပျောက်ဆေးတွေ ပုံမှန်ဆေးညွှန်းအတိုင်းသောက်တာတောင် ပျားအုံကိုတုတ်နဲ့ထိုးသလို အသည်းထိခိုက်ပျက်စီးစေမှုပိုမိုဆိုးဝါးစေနိုင်တယ်လို့ သိရပါတယ်။
အအေးမိတုပ်ကွေးပျောက်ဆေးသောက်မိပြီး ညာဘက်ရင်ခေါင်းအောက်ကျကျ၀မ်းဗိုက်ဘက်နေရာမှာ နာကျင်တဲ့ေ၀ဒနာခံစားရလျှင်၊ မအီမသာဖြစ်လာလျှင်၊ အန်လျှင်၊ ပျို့လာလျှင်၊ တုပ်ကွေးကြောင့်လား၊ အသည်းထိခိုက်လို့လားဆိုတာ အတိအကျသိရန် ဆရာ၀န်နှင့်ပြသင့်ပါကြောင်း အသိပေးလိုက်ရပါတယ်။
(မြန်မာနိုင်ငံတွင် လူသိများသည့် အစီတာမင်နိုဖင်ပါသောဆေးမှာ ပါရာစီတမောလ်ဖြစ်သည်။)
Credit: ဒေါက်တာရည်ညွန့်မေ
Health Digest Journal
Vol: 13, No: 46, 24 - 8 - 2016




























