ပုန်းနေသော မူလကင်ဆာများ (ကင်ဆာရောဂါ အမေး၊ အဖြေ)
ဆရာခင်ဗျား
ကျွန်တော်ဟာ အထွေထွေရောဂါကုဆရာ၀န်တစ်ယောက်ပါ။ ခုတလော ကျွန်တော့်ဆေးခန်းကို လာပြတတ် ကြတဲ့ကင်ဆာ လူနာတွေထဲမှာ ဘယ်ကနေစဖြစ်မှန်း မသိဘူးဆိုတဲ့ ကင်ဆာလူနာတွေ တွေ့နေရပါတယ်ဆရာ။ အထူးသဖြင့် ခါးရိုးတစ်လျှောက်မှာ ကင်ဆာဆဲလ်တွေဝါးမျိုထားပြီးတော့ တစ်ကိုယ်လုံး ကွန်ပျူတာဓာတ်မှန်ရိုက်ပြီး တာတောင် ဘယ်နေရာကနေကင်ဆာဖြစ်ပြီး ခါးရိုးကိုရောက်သွားလဲဆိုတာမသိကြတဲ့ လူနာတွေ တွေ့နေရပါတယ် ဆရာ။ Primary မသိတဲ့ ကင်ဆာတွေလို့ ဖတ်ဖူးပါတယ်။ အဲသလို လူနာမျိုးတွေကို ဘယ်ကိုလွှဲပေးရမလဲ။ ကင်ဆာဆေးတွေသွင်းပြီးကုသရမှာလား။ သူတို့ကို ဘယ်လိုရှင်းပြရမလဲဆိုတာ ကင်ဆာဆရာ၀န်တစ်ဦးရဲ့ အမြင်ကိုသိချင်ပါတယ်ခင်ဗျား။
ဖြေ ။ ။ Cancer of Unknown Primary (CUP) လို့ခေါ်တဲ့ မူရင်း ကင်ဆာကိုမသိကြတဲ့ ရှာမတွေ့ကြတဲ့ သနားစရာကင်ဆာလူနာတွေဖြစ်ပါတယ်။ အမျိုးသား၊ အမျိုးသမီးအားလုံးမှာဖြစ်ကြတဲ့ ကင်ဆာများရဲ့ 3 ရာခိုင်နှုန်းကနေ 5 ရာခိုင်နှုန်းအထိဟာ CUP လူနာတွေဖြစ်ကြပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံ များမှာဆိုရင် အဖြစ်များဆုံး ကင်ဆာဆယ်မျိုးထဲမှာတောင် CUP တွေပါကြပါတယ်။ မူရင်းကင်ဆာကို မသိတော့ဘူး၊ ဘယ်ကနေလာတဲ့ ကင်ဆာမှန်းမသိတော့ဘူး။ CUP ဖြစ်သွားပြီလို့ ပြောဖို့ဆိုရာမှာ အခြေခံကျန်းမာရေး စစ်ဆေးချက်များကနေ ကွန်ပျူတာဓာတ်မှန်၊ သံလိုက်စက်ကွင်းဓာတ်မှန်၊ ရင်သားဓာတ်မှန်များအလယ်၊ နောက်ဆုံး PET/CT scan ခေါ်တဲ့ အဆင့်မြင့်ဓာတ်မှန်များစွာနဲ့ စစ်ဆေး ပြီးတော့မှ Primary ကင်ဆာဖြစ်တဲ့နေရာကို မတွေ့မှသာလျှင် CUP လို့ခေါ်ဆိုနိုင်တာဖြစ်ပါတယ်။
CUP လူနာတွေမှာ ဘာကြောင့် ဒီလိုဖြစ်ရတယ်၊ ဘယ်လိုအကြောင်းတွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုတာ မျိုးသိသာထင်ရှားတဲ့ အချက်အလက်တွေမရှိပါဘူး။ ပုံမှန်အားဖြင့် ကင်ဆာရောဂါတစ်ခုရယ်လို့ ဖြစ်လာရင် ဆဲလ်ကလာပ်စည်းတွေထဲမှာ ကြိုတင်ပြင်ဆင်အချိန်ယူရတဲ့ ကာလတွေရှိပါတယ်။ Premalignant အခြေအနေခေါ်တာပေါ့။ CUP လူနာ များကျတော့ ကင်ဆာဆဲလ်များရဲ့ ပုံမှန်စည်းမျဉ်းစည်းကမ်းတွေကိုတောင် လိုက်နာမှုမရှိတော့ဘဲ မူရင်းကင်ဆာအစိုင်အခဲ အကောင်အထည်ပေါ်မလာခင်မှာ အေ၀းကြီးကို ပျံ့နှံ့သွားတတ်ကြတာဖြစ်ပါတယ်။ CUP လို့ပြောလိုက်တာနဲ့ အဲဒီကင်ဆာအမျိုးအစားတွေမှာ အေ၀းကြီးကို အလျင်အမြန်ပျံ့နှံ့သွားတတ်တာ၊ ဘယ်လိုပျံ့နှံ့မယ်ဆိုတာကို အခြားသမားရိုးကျကင်ဆာတွေလို ခန့်မှန်းလို့ မရနိုင်တာ၊ ကင်ဆာရောဂါချင်းအတူတူတောင် အတော့်ကိုပြင်းထန်တတ်တာစတဲ့ လက္ခဏာတွေရှိနေတတ်ပါတယ်။ ဥပမာ မုန့်ချိုအိတ်ကင်ဆာဆိုပါတော့။ သမားရိုးကျမုန့်ချိုအိတ်ကင်ဆာများဟာ မုန့်ချိုအိတ်မှာ အလုံးအကျိတ်ပေါ်ပြီးမှ ခါးရိုးတွေ၊ အဆုတ်တွေကို ပျံ့နှံ့တတ်ကြတာဖြစ်ပေမယ့် မုန့်ချိုအိတ်မှာအလုံး အကျိတ်စမဖြစ်ဘဲ အဆုတ်တို့၊ ခါးရိုးတို့မှာ ကင်ဆာဆဲလ်များကတော့ သမားရိုးကျမုန့်ချိုအိတ်ကင်ဆာများ ထက်ပို ပြင်းထန်တယ်၊ အေ၀းကြီးကို အချိန်တိုအတွင်း ပိုပျံ့နှံ့သွားနိုင်တယ်ဆိုတဲ့ လက္ခဏာတွေရှိနေတာပါ။
လူ့ခန္ဓာကိုယ်မှာ ကင်ဆာဖြစ်စေနိုင်တဲ့ အခြေခံ ဆဲလ်ကလာပ်စည်းအမျိုးအစား လေးမျိုးရှိပါတယ်။
Carcinoma လို့ခေါ်တဲ့ အဖြစ်အများဆုံး ကင်ဆာအမျိုးအစား။ ဆဲလ်ကလာပ်စည်းတွေရဲ့ အပြင်ဘက်ဆုံးအလွှာကနေ ကင်ဆာဖြစ်တာလို့အကြမ်းဖျင်း ပြောနိုင်ပါတယ်။
နောက်ကင်ဆာ အမျိုးအစားကတော့ Lymphoma လို့ခေါ်တဲ့ ပြန်ရည်ကျိတ်တွေကနေစဖြစ်တဲ့ ကင်ဆာပါ။
နောက်တစ်မျိုး ကတော့ Melanoma ခေါ်တဲ့ မှဲ့ကင်ဆာ အမျိုးအစားပါ။
နောက်ဆုံးတစ်ခုကတော့ Sarcoma လို့ခေါ်တဲ့ အရိုးတွေ၊ ကြွက်သားတွေ၊ အဆီဖုတွေမှာဖြစ်တတ်တဲ့ ကင်ဆာပါ။ CUP နဲ့ ရောက်လာတဲ့ လူနာတွေမှာလည်း ဒီကင်ဆာ အမျိုးအစားကြီးလေးခု (Carcinoma, Lymphoma, Melanoma, Sarcoma) ကနေဖြစ်လာတဲ့ သဲလွန်စကိုပဲ ရှာရမှာပါ။
ကွန်ပျူတာဓာတ်မှန်နဲ့ CUP လူနာတွေကို စစ်ဆေးရင် 30 ရာခိုင်နှုန်းကနေ 35 ရာခိုင်နှုန်းလောက်ဟာ ကင်ဆာ ဘယ်ကနေလာသလဲဆိုတဲ့ အဖြေထွက်သွားကြတယ်လို့ဆိုပါတယ်။ အဲသလိုမှ မရသေးရင် PET/CT ရိုက်လို့ရပါသေးတယ်။ ဦးခေါင်း၊ လည်ပင်းနဲ့ အဆုတ်အတွင်းက မြုပ်နေတဲ့ Primary ကင်ဆာများကို ရှာဖွေပေးနိုင်တယ်လို့ ဆိုပါတယ်။ အဲသလိုမှမရရင်တော့ ကင်ဆာဆဲလ်တွေပျံ့နှံ့နေတဲ့ နေရာကို အသားစ ရအောင်ယူရတော့မှာပါ။ ဥပမာ အရိုးမှာ ကင်ဆာဆဲလ်တွေ ဝါးမျိုနေရင် အဲဒီအရိုးနေရာကို အသားစယူရမယ်။ မိုက်ကရိုစကုပ်နဲ့ကြည့်ပြီး အပေါ်ကကင်ဆာ အမျိုးအစားကြီးလေးခုအနက် ဘယ်က လာသလဲဆိုတာကို ရှာရပါမယ်။ တစ်ခါတလေ ကင်ဆာဆဲလ်တွေဟာ အမျိုးအမည် ခွဲခြားလို့ မရတော့လောက်အောင် ပုံပျက်နေပြီဆိုရင် EMA (Epithelial Membrane Antigen) နဲ့ LCA (Leucocyte Common Antigen) ခေါ်တဲ့ နည်းလမ်းတွေနဲ့ စမ်းသပ်လို့ရပါတယ်။ EMA ရှိနေရင် Carcinoma ဖြစ်ဖို့များပြီး LCA ရှိရင်တော့ Lymphoma ဘက်သွားတာပေါ့။
အရင်ဆောင်းပါးတွေမှာ ရေးခဲ့ဖူးတဲ့ Tumour markers တွေဟာ ဒီနေရာမှာအသုံး၀င်ပါတယ်။ ဒီလိုစစ်ဆေးတဲ့ နေရာမှာ CA 19-9, CEA, CA 125, CA 15-3 ဆိုတာတွေထက် B-HCG, AFP, PSA ခေါ်တဲ့ Tumour markers တွေက ပိုအသုံး၀င်ပါသတဲ့။ အကြောင်းရင်းက အဲဒီသုံးခုတက်နေရင် ကုသမှုရလဒ်ကောင်းတဲ့ ကင်ဆာတွေ ဖြစ်နေနိုင်လို့ပါ။ လူနာအတွက် ၀မ်းသာစရာပေါ့။ အမျိုးသမီး CUP လူနာတွေမှာဆိုရင် ရင်သားဓာတ်မှန်ရိုက်ကြည့်ဖို့လည်း ထည့်စဉ်းစားရပါလိမ့်မယ်။
CUP ကင်ဆာအမျိုးအစားတွေကို အခြေအနေကောင်းတဲ့ (Favourable) အမျိုးအစားနဲ့ အခြေအနေမကောင်းတဲ့ (Unfavourable) အမျိုးအစားဆိုပြီး နှစ်မျိုးခွဲနိုင်ပါတယ်။ အခြေအနေမကောင်းတဲ့ အမျိုးအစားက 80 ရာခိုင်နှုန်း ရှိနေတာပါ။ အသည်းနဲ့တခြားအင်္ဂါတွေကို ပျံ့နှံ့နေတဲ့ Adenocarcinoma အမျိုးအစားဆို မကောင်းဘူး၊ ဦးနှောက်ထဲမှာ မွထနေအောင် ပျံ့နှံ့နေတဲ့ CUP အမျိုးအစားဆို မကောင်းဘူး။ အဆုတ်ထဲမှာ မွထနေအောင် ကင်ဆာလုံးတွေ ပျံ့နှံ့နေတဲ့ CUP ဆိုရင်လည်း မကောင်းဘူး။ အရိုးအနှံ့အပြားမှာ ကင်ဆာတွေပျံ့နှံ့နေပြီး PSA မတက်တဲ့ CUP ဆိုရင်လည်း မကောင်းဘူး။
ဒီတော့ CUP လူနာတွေကို တွေ့ပြီဆိုရင် Primary မတွေ့လည်း ကင်ဆာဆဲလ်တွေ ရောက်နေ တဲ့ နေရာက အသားစကို ရအောင်ယူပါ။ ပြီးရင် အပေါ်မှာ ဖော်ပြခဲ့တဲ့ Tumour marker တွေ၊ သွေးစစ်ချက်တွေနဲ့စစ်ဆေးပါ။ ကုသလို့ ကောင်းတဲ့ ၂၀ ရာခိုင်နှုန်းမျှသော CUP ဟုတ်၊ မဟုတ်စစ်ဆေးပါ။ ဒါတွေကို ရသလောက်ခွဲထုတ်ပြီးရင်တော့ ပြဋ္ဌာန်းထားတဲ့ Guidelines များအတိုင်း ကင်ဆာဆေးများသွင်းခြင်း၊ ဓာတ်ရောင်ခြည်နဲ့ ကုသခြင်းစတာတို့နဲ့ ကုသကြရတာဖြစ်ပါတယ်လို့ ဖြေကြားပေးလိုက်ပါတယ်။
Credit; ဒေါက်တာလွှမ်းမိုးဟန်
Health Digest Journal
Vol.(13), No.(8), 18-11-2015















