မက်သဒုံးသောက်တာဟာ ဘ၀ကို အရှုံးပေးတာလား
ဒီနှစ်ဧပြီလကုန်ပိုင်း တစ်ရက်မှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရဲ့ ရွှေပြည်စံခန်းမမှာ ကျင်းပခဲ့တဲ့ “ကချင်ပြည်နယ်အတွင်း ဒေသခံများဦးစီးသော မူးယစ်ဆေးဝါးဆိုင်ရာ အန္တရာယ်လျှော့ချရေးလုပ်ငန်းလုပ်ဆောင်၍ မူးယစ်ဆေးဝါးသုံးစွဲသူများ အကြား ခုခံအားကျဆင်းမှုရောဂါဖြစ်ပွားမှုလျှော့ချခြင်း” (Community-Led Harm Reduction Programme) ရဲ့ မိတ်ဆက် အခမ်းအနားကို တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ အဲဒီစီမံကိန်းကို ထောင်စုနှစ်ဖွ့ံဖြိုးတိုးတက်ရေး ရည်မှန်းချက်သုံးမျိုး ရန်ပုံငွေအဖွဲ့ (3MDG) ရဲ့ ထောက်ပံ့မှု၊ ကမ်ဘာ့ဆရာ၀န်များအဖွဲ့ (MdM) နဲ့ မေတ္တာဖွ့ံဖြိုးရေး ဖောင်ဒေးရှင်းအဖွဲ့တို့က 2016 ကနေ 2017 အတွင်း 21 လတိတိ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးဝါးဆိုင်ရာ အန္တရာယ်လျှော့ချရေး လုပ်ငန်းတွေကို လုပ်ဆောင်လာတာ မြန်မာပြည်မှာ ဆယ်စုနှစ်နဲ့ချီကြာခဲ့ ပါပြီ။ ဒါပေမယ့် အခုလို “ဒေသခံများ ဦးစီးတဲ့မူးယစ်ဆေးဝါးဆိုင်ရာ အန္တရာယ်လျှော့ချရေးလုပ်ငန်းဆိုတာမျိုးကတော့ အခုမှ စတင်တာဖြစ်ပါတယ်။ ကချင်ပြည်နယ် အတွင်းက မြို့နယ် 4 ခုရဲ့ ဒေသ 5 ခုမှာ စတင် အကောင်အထည်ဖော်မှာပါ။ ဒေသခံများဦးစီးသော မူးယစ်ဆေးဝါးဆိုင်ရာ အန္တရာယ်လျှော့ချရေးလုပ်ငန်းလို့ဆိုထားတဲ့အတိုင်း သက်ဆိုင်ရာမြို့၊ ရွာ၊ ရပ်ကွက် တွေမှာ Local AIDS Committee လို့ခေါ်တဲ့ ဒေသဆိုင်ရာ ခုခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရေး ကော်မတီလေးတွေကို ဖွဲ့စည်းပေးပြီး နည်းပညာပံ့ပိုးမှုတွေ၊ အရည်အသွေး မြှင့်တင်မှုတွေကို မိတ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ ကမ်ဘာ့ဆရာ၀န်များအဖွဲ့ နဲ့ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတို့က ပံ့ပိုးကူညီသွားမယ်လို့သိရပါတယ်။
Local AIDS Committee တွေဖွဲ့စည်းပေးရာမှာလည်း ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ကျေးရွာမှာရှိနေတဲ့ ဘာသာရေး အသင်းအဖွဲ့ကလူတွေ၊ လူငယ်တွေ၊ အမျိုးသမီးတွေ၊ ကျန်းမာရေးဌာနက ၀န်ထမ်း ဆရာ၊ ဆရာမတွေ၊ ရောဂါပိုးရှိပြီးသူတွေနဲ့ ပါ၀င်ဖွဲ့စည်းပေးမှာပါ။ အရင့်အရင်က ဒီလိုစီမံကိန်းတွေကို စီမံကိန်း၀န်ထမ်းတွေက ဦးဆောင်ခဲ့ပေမယ့် အခုစီမံကိန်းမှာတေ့ ဥစ္စာရင်လို ဥစ္စာရင်ခဲဆိုတာလို ဒေသခံတွေ ကိုယ်တိုင်ပါ၀င်ဖို့ရည်မှန်းထားတာကို တွေ့ရပါတယ်။ အသိပေး ဆွေးနွေးပွဲတွေ၊ စွမ်းဆောင်ရည်မြှင့်တင်ပေးတာတွေနဲ့ ပုံမှန်လုပ်နေကျ အန္တရာယ်လျှော့ချရေးလုပ်ငန်းတွေဖြစ်တဲ့ မူးယစ်ဆေး ထိုးသွင်းသုံးစွဲ သူတွေကို ဆေးထိုးအပ်၊ ဆေးထိုးပြွန်အသစ်တွေ ပေးေ၀တာ၊ ရာဂါရှိ/မရှိ သွေးစစ်ပေးတာ၊ ကွန်ဒုံးတွေ ပေးေ၀တာ၊ ရောဂါပိုး ကူးစက်ခံထားရသူတွေကို တွေ့ရင် ဆက်လက်ကုသနိုင်ဖို့ သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းတွေနဲ့ ချိတ်ဆက်ပြီး ညွှန်းပို့ပေးတာ တွေကိုလည်း လုပ်ဆောင်ပေးသွားကြမှာပါ။ တစ်ခုထူးခြားတာက Local AIDS Committee တွေကိုဖွဲ့စည်းတဲ့အခါမှာ ပြီးခဲ့တဲ့ လပိုင်းတွေက ကချင်ပြည်နယ်မှာ သိသိသာသာလှုပ်ရှားခဲ့ကြတဲ့ ပတ်ဂျေဆန်လို့ခေါ်တဲ့ လူထူအခြေပြု မူးယစ်ဆေးဝါးဆန့်ကျင် ရေးအဖွဲ့တွေရဲ့ အဖွဲ့၀င်တွေကိုပါ လက်ခံ၊ စည်းရုံးပြီး လက်တွဲသွားကြမယ်ဆိုတာပါပဲ။ အပြန်အလှန်နားလည်မှုရအောင်လည်း အသိပေးဆွေးနွေးပွဲတွေလုပ်ပြီး အကောင်အထည်ဖော်သွားကြမယ်လို့ ဆိုပါတယ်။
တကယ်တော့ ပတ်ဂျေဆန်လှုပ်ရှားမှုဆိုတာဟာ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းမှုနဲ့ ပတ်သက်လို့ အစိုးရနဲ့ တားဆီး နှိမ်နှင်းရေးအဖွဲ့တွေရဲ့ ဆောင်ရွက်မှုတချို့ကို အားမလိုအားမရဖြစ်ပြီး ဒေသခံတွေကိုယ်တိုင် စုပေါင်းလုပ်ကိုင်ကြတာကနေ ဖြစ်ပေါ်လာတဲ့ လှုပ်ရှားမှုပါ။ မူးယစ်ဆေးတားဆီးနှိမ်နှင်းရေး သက်သက်အတွက်ဆိုရင်တော့ အတော်အတန်ထိရောက်အောင် နှိမ်နှင်းနိုင်သလို ရှိနိုင်ပေမယ့် မူးယစ်ဆေး ထိုးသွင်းသုံးစွဲသူတွေကနေ တစ်ဆင့်တခြားသူတွေဆီကို ခုခံအားကျဆင်းမှုရောဂါပိုး ကူးစက်ပျံ့နှံ့နိုင်တဲ့ အခြေအနေမျိုးမှာတော့ ပတ်ဂျေဆန်လှုပ်ရှားမှုအရ အဖမ်းအဆီးတွေ လုပ်ချိန်မှာရောဂါပိုး ကူးစက်ပျံ့နှံ့စေဖို့ အခွင့်အလမ်းတွေ ပိုများစေတတ်ပါတယ်။ ဥပမာပြောရရင် အပ်အသစ်မရလို့ အပ်အဟောင်းကို မျှေ၀သုံးစွဲတာမျိုးပေါ့။ အခုလို အဖမ်းအဆီးလုပ်တဲ့ အဖွဲ့တွေနဲ့ အရပ်အခေါ် အပ်ေ၀တဲ့အဖွဲ့တွေအတူ ပူးပေါင်းလုပ်ဆောင်ပေးပြီး တစ်ဖက်နဲ့တစ်ဖက် အပြန် အလှန်အားပေးမယ်။ ထိန်းကျောင်းသွားမယ်ဆိုရင်တော့ မူးယစ်အန္တရာယ်ရော ခုခံအားကျဆင်းမှု ကူးစက်ရောဂါအန္တရာယ်ပါ ကာကွယ်သွားနိုင်တော့မှာပါ။
ဒီလိုအခြေအနေကောင်းတွေ ပွင့်လန်းလာချိန်မှာပဲ တစ်ဖက်မှာ ကျွန်တော်တို့အတွက် ရတက်မအေးစရာ သတင်းစကား တွေကြားခဲ့ရပါတယ်။ အခမ်းအနားကို တက်ရောက်လာတဲ့ ၀ိုင်းမော်နားက နောင်ချိန်းရွာက ဒေသခံနှစ်ယောက်နဲ့ အခမ်းအနားမစခင်မှာ စကားစမြည်ပြောခွင့်ရခဲ့ပါတယ်။ သူတို့ရွာမှာ မူးယစ်ဆေးသုံးစွဲသူတွေ ပေါပါသတဲ့။ ၀ိုင်းမော်နဲ့ အနီးကလေးမို့ ဘိန်းအစားထိုးဆေးမက်သဒုံးကို အဲဒီမှာ သွားမသောက်ကြဘူးလားလို့ဆိုတော့ ရွာမှာ မက်သဒုံးသောက်နေတာ တစ်ယောက်၊ နှစ်ယောက်ပဲရှိပါတယ်တဲ့။ အဲဒီဆေးက လူကြီးတွေအပြောအရ ဦးနှောက်ပျက်တတ်တယ်၊ အရှုံးပေးတဲ့သူတွေမှသောက်တဲ့ ဆေးလို့သိထားသတဲ့။
ဦးနှောက်ပျက်တတ်တယ်ဆိုတဲ့ကိစ္စကတော့ ရှင်းရလွယ်ပါတယ်။ နှစ်ပေါင်းများစွာ သောက်လာခဲ့ပြီး ဦးနှောက်မပျက် သေးတာ၊ ကောင်းနေတာကို ပြလိုက်ရင်ရပါတယ်။ အရှုံးပေးတယ်ဆိုတဲ့ ကိစ္စကိုတော့ အရေးကြီးလို့ ဆက်ပြီး အသေးစိတ် ဆွေးနွေးလိုပါတယ်။ ခပ်များများ မူးယစ်ဆေးမသုံးဖူးသူတွေကတော့ မူးယစ်ဆေးဆိုတာ မကောင်း၊ လုံး၀ပြတ်နိုင်မှ ကောင်းတာ၊ မက်သဒုံးဆိုတာလည်း မူးယစ်ဆေးပဲ၊ သူ့ကို သောက်နေရင်လည်း ဆေးစွဲနေတာပဲ ဘ၀ကို အရှုံးပေးနေတာပဲလို့ ထင်တတ်ကြ ပါတယ်။
တကယ်တမ်းစဉ်းစားကြည့်ရင်လည်း ဟုတ်သလိုလိုပါပဲ။ ဘာမူးယစ်ဆေးမှ မသုံးဘဲနေနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ခက်နေတာက မူးယစ်ဆေးဆိုတာမျိုးဟာ စသုံးမိပြီဆိုရင် ရည်စားဦးလိုပါပဲ။ ကြုံကြိုက်တာလေးတွေရှိရင် ပြန်သတိရတတ်တာ မျိုးပါ။ သတိရချိန်၊ ယင်းပြန်ထချိန်မှာ ပစ္စည်းရရင် ပြန်သုံးဖြစ်တတ်ပါတယ်။ စိတ်ရောဂါပညာဒီပလိုမာ ဘွဲ့လွန်သင်တန်း တက်ခဲ့တုန်းက လူနာတစ်ယောက်တွေ့ခဲ့ဖူးပါတယ်။ လူငယ်ဘ၀တုန်းက သုံးခဲ့၊ ပြတ်ခဲ့နောက်ပြီး ကျောင်းဆရာဖြစ်၊ 10 နှစ်ကျော် ပြတ်နေပြီးမှ အရင်သုံးခဲ့တဲ့ နေရာလေးရောက်တော့ မော့ကြည့်မိရာကနေ ပြန်စမိခဲ့တာပါ။ ကျွန်တော်ခဏခဏ ပေးတတ်တဲ့ ဥပမာရှိပါတယ်။ ရှောက်သီးသုပ်ကို မစားတော့ဘဲ ဖြတ်ထားပေမယ့် စဉ်းစားမိရင် တံတွေးတွေ ထွက်လာတတ်တာဟာ စားဖူးတဲ့ လူတိုင်းမှာဖြစ်နေမှာပါ။ အိုင်တီခေတ် စကားနဲ့ပြောရရင် သုံးဖူးသူတွေရဲ့အိုင်စီထဲမှာ မှတ်ဉာဏ်က မှတ်မိနေပါပြီ။ ကွန်ပျူတာတွေလို အိုင်စီဖြုတ်လဲလို့ရရင်တော့ အကောင်းသား။ ဖြုတ်လဲလို့ မရတဲ့အပြင် ရှောက်သီးသုပ်လိုတံတွေးတင် ထွက်တာမဟုတ်ဘဲ ခန္ဓာကိုယ်အနှံ့ခံစားမှုတွေ၊ သုံးချင်စိတ်တွေ တဖွားဖွားပေါ်စေတတ်တာပါ။ ဒီတော့ ပြန်ငြိတော့တာပေါ့။
ဒီလိုဖြစ်နေတတ်တဲ့ အခြေအနေမှာ စိတ်သာအဓိက၊ စိတ်နိုင်ရင်ပြီးတာပဲဆိုပြီး လွယ်လွယ်ပြောလို့မရပါဘူး။ တစ်ရက်ကိစ္စ၊ တစ်လကိစ္စ၊ တစ်နှစ်ကိစ္စမှ မဟုတ်တာ။ ခုနပေးခဲ့တဲ့ ဥပမာထဲကလို 10 နှစ်ကျော်ရင်လည်း ဒုံရင်းပြန်ရောက် နိုင်တာကို သတိထားမိကြဖို့ပါ။ လူတွေဆိုတော့ ကွန်ပျူတာတွေလို၊ ဖုန်းတွေလို အိုင်စီအလုံးလိုက်လဲလို့လည်းမရသေးတော့ တစ်ချီမဟုတ် တစ်ချီမှာ ပြန်ငြိတတ်ပါတယ်။ မူးယစ်ဆေး မရှိတဲ့နေရာ၊ မရနိုင်တဲ့နေရာ ပို့ထားမယ်ဆိုရင်တော့တစ်မျိုးပေါ့။ (စင်ကာပူပို့ထားမယ်၊ ခြင်းခြံက ဘကြီးဆီပို့ထားမယ် ဆိုတာမျိုးပေါ့) တစ်ခါသုံးရင် 500 ကနေ 5000 လောက်နဲ့ ရနေနိုင်ချိန်မှာ စိတ်စိတ်ပါကွယ်ဆိုပြီး ပလိန်းကြီး ထိန်းခိုင်းနေရင်တော့ သိပ်အဆင်မပြေတတ်ပါဘူး။
ဒီလိုအချက်တွေ အရင်းခံလို့မက်သဒုံးလို အစားထိုးဆေးတွေပေါ်လာခဲ့တာပါ။ မက်သဒုံးကလည်း မူးယစ်ဆေးပါပဲဆိုပြီး ဝါးလုံးရှည်နဲ့ရမ်းမယ်ဆိုရင်တော့ ပြန်ရှင်းပါရစေ။ ဒီဆေးက ဓာတ်ခွဲခန်းမှာ စနစ်တကျထုတ်လုပ်တာမို့ သန့်စင်မှုရှိတယ်။ အရောအနှောကြောင့် ဆေးလွန်တာ၊ ရှောခ်ဖြစ်တာတွေ မရှိနိုင်ပါဘူး။ အခမဲ့တိုက်တာမို့လို့လည်း နိစ္စဓူ၀ ဆေးဖိုးရှာရတဲ့ ဒုက္ခ၊ ဆေးဖိုးအတွက် ခိုး၊ ၀ှက်၊ လိမ်၊ ညာ ရတဲ့ ဒုက္ခတွေကင်းေ၀းပါတယ်။ ဆေးဖိုးအတွက် မိသားစုထဲမှာ နေ့တိုင်းရင်ဆိုင်ရတဲ့ ပြဿနာ မရှိတော့ပါဘူး။ ရာဇ၀တ်မှုတွေ လျော့သွားတယ်လို့လည်း အထောက်အထားတွေရှိပါတယ်။ တစ်ခါသောက်ရင် 36 နာရီလောက် အစွမ်းရှိနေတတ်တာမို့ ဆေးဖိုးရှာရတဲ့အချိန်၊ ဆေးသွား၀ယ်ရတဲ့အချိန်၊ ဆေးသုံးပြီး မှိန်းနေရတဲ့ အချိန်တွေ မလိုတော့ဘဲ လုပ်ငန်းတစ်ခုခုကို စွဲစွဲမြဲမြဲလုပ်နိုင်လာစေပါတယ်။ အထူးသဖြင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုး ကူးစက် ခံထားရလို့ ART ဆေး အချိန်မှန်မှန်သောက်ဖို့်လိုတဲ့သူတွေအတွက်ဆု်ိရင် မက်သဒုံးဟာ မရှိမဖြစ် လိုအပ်နေမှာပါ။ နောက်ဆုံး တစ်ခုပြောချင်တာကတော့ မူးယစ်ဆေးချင်းတူစေဦးတော့ မက်သဒုံးက သောက်ဆေးမို့လို့ မသန့်တဲ့အပ်တွေကနေတစ်ဆင့် ရောဂါပိုးကူးစက်တာကိုတော့ လုံး၀ကာကွယ်ပေးနိုင်တာအသေအချာပါ။
ဒီကနေ့ ကျွန်တော်တို့ နိုင်ငံမှာရှိနေတဲ့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုးပျံ့နှံ့မှုနှုန်းကိုကြည့်မယ်ဆိုရင် သာမန်လူတွေ ကြားမှာ 0.5 ရာခိုင်နှုန်းလောက်ရှိနေပြီး အမျိုးသမီးလိင်လုပ်သားတွေမှာ 6.3 ရာခိုင်နှုန်း၊ အမျိုးသားချင်း လိင်ဆက်ဆံသူတွေမှာ 6.6 ရာခိုင်နှုန်းရှိနေချိန်မှာ မူးယစ်ဆေးထိုးသွင်းသုံးစွဲသူတွေမှာတော့ 23.7 ရာခိုင်နှုန်းအထိ ရှိနေတာကိုတွေ့ရပါတယ်။ မူးယစ်ဆေးထိုးသွင်းသုံးစွဲသူတွေအကြားမှာ ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုး ပျံ့နှံ့မှုနှုန်းမြင့်တက်နေရင် သူတို့ဆီက တစ်ဆင့် သူတို့ရဲ့ အိမ်ထောင်ဖက်တွေ၊ တခြားလိင်ဆက်ဆံဖက်တွေ၊ အဲဒီကမှတစ်ဆင့် သူတို့ရဲ့ သားသမီးတွေဆီကို ကူးနိုင်သလို ၀န်ဆောင်မှုစံမမီတ့ဲ ဆေးရုံ၊ ဆေးခန်းတွေဆီက တစ်ဆင့်လည်း သာမန်ပြည်သူပြည်သားတွေဆီကို ကူးစက်ခံရဖို့ အခွင့် အလမ်းတွေရှိနေနိုင်ပါတယ်။ ဒါ့ကြောင့်လည်း မူးယစ်ဆေးထိုးသွင်းသုံးစွဲသူတွေဆီမှာ ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုးပျံ့နှံ့မှု နှုန်းထိန်းချုပ်ရေးဟာ အများပြည်သူကျန်းမာရေးအတွက် အရေးပါလာပါတယ်။
ဒီလိုကူးစက်မှု ကျဆင်းရေးအတွက် အထောက်အကူသေချာပေါက်ပေးနိုင်မယ့် မက်သဒုံးဆေးရည်ကို မူးယစ်ဆေးထိုး သွင်းသုံးစွဲသူတွေအနေနဲ့ ယုံကြည်စိတ်ချစွာ သောက်သုံးကြဖို့လိုသလို မက်သဒုံးနဲ့ပတ်သက်လို့ ယုံကြည်မှုအလွဲတွေ၊ သတင်း အမှားတွေဒေသခံတွေအကြားမှာ ပပျောက်လျော့နည်းစေဖို့အတွက်လည်း ကျွန်တော်တို့တစ်တွေ ဆက်လက်ပြီးအသိပညာပေး ဖြန့်ေ၀မှုတွေလုပ်ဖု့ိ လိုအပ်နေပါသေးကြောင်းနှင့် မက်သဒုံးသောက်တာဟာ ဘ၀ကိုအရှုံးပေးတာမဟုတ်ဘဲ ဘ၀သစ်ထူထောင်ဖို့ ကြိုးစားတာသာ ဖြစ်ပါကြောင်း အသိပေးလှုံ့ဆော်လိုက်ပါတယ်။
Credit: ဒေါက်တာဌေးအောင်
Health Digest Journal
Vol: 13, No: 36, 15-6-2016
















