ရောဂါနဲ့ ဇရာကို အံတုမယ့်အစားအစာများ
မှန်ကန်တဲ့အစားအစာတွေ ရွေးချယ်စားသောက်ခြင်းက သင့်အားကျန်းမာစေတယ်ဆိုတာ လူတိုင်းသိပြီး ဖြစ်ပါတယ်။ နောက်ထပ်ပိုပြီးကောင်းတဲ့အပိုဆုသတင်းတစ်ခုကတော့ ကျန်းမာရေးနှင့်ညီညွတ်တဲ့ အစားအစာတွေက သင့်အား နုပျိုလန်းဆန်းလှပစေတယ်ဆိုတဲ့ ဆုလေးတစ်ခုပါပဲ။ အိုမင်းရင့်ရော်မှုကို နှေးကွေးစေလို့ သင့်အား မြင်လိုက်တာနဲ့ အခြားသူတွေက “ဟယ် .. နုပျိုလိုက်တာနော်၊ မြင်ရတဲ့အခါတိုင်း သွက်လက်နေတာပဲ” လို့ သင့်ရှေ့မှာရော နောက်ကွယ်မှာပါပြောကြမှာပါ။ ဒါ့အပြင် သင့်အား ရောဂါဘယများကင်းေ၀းကာ ကျန်းမာသက်ရှည်ပြီး ဇရာကိုနှေးကွေးစေမှာဖြစ်တယ်။ ထို့ပြင် သင့်မှာနာတာရှည်ရောဂါတွေရှိနေတာတောင်မှ အံတုကာ ဘ၀အရည်အသွေးကို ကောင်းမွန်စေမှာဖြစ်တယ်။
သစ်သီးတွေ၊ ဟင်းရွက်တွေ၊ ငါး၊ အစေ့အဆန်တွေနဲ့ ဂျုံကြမ်း၊ ဆန်လုံးညိုစတဲ့ အာဟာရဓာတ်လည်းရှိ၊ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့အစားအစာတွေဟာ သင့်ရဲ့ဘ၀သက်တမ်းကို ဆွဲဆန့်ရှည်စေတဲ့အပြင် ဆီးချို သွေးချိုရောဂါ၊ နှလုံးရောဂါစတာတွေနဲ့ ကင်းေ၀းအောင်နှင့် နာတာရှည်ရောဂါတွေမှ ကာကွယ်ပေးမှာဖြစ်တယ်။ ဒါ့အပြင် သွေးစေးပျစ်ခြင်း၊ သွေးစီးနှေးခြင်း၊ သွေးခဲခြင်းစတဲ့ မကောင်းတဲ့သွေးလည်ပတ်မှုတွေ မဖြစ်အောင်၊ သွေးလည်ပတ်မှုပုံမှန်ဖြစ်နေအောင် ကူညီပေးမှာဖြစ်တယ်။ ဒီအချက်က နှလုံးသွေးလှည့်ပတ် စီးဆင်းမှုအတွက် အလွန်အရေးပါတယ်။ တစ်နေရာရာမှာ အဖုအထစ်အငေါ့ရှိလာပြီဆိုရင် ဥပမာအားဖြင့် ရှေ့က ကားရပ်သွားတာနဲ့ လမ်းပိတ်ပြီးနောက်ကားတွေ ဆက်မသွားနိုင်သလိုပေါ့။ သင့်ခန္ဓာကိုယ်ထဲက အင်္ဂါတစ်ခုချင်းစီကို သွေးရောက်ပါမှ အားလုံးက သူ့နေရာနဲ့သူ အလုပ်ကိုယ်စီလုပ်နိုင်ကြမှာဖြစ်တယ်။ အေ၀းဆုံးမှာရှိနေတဲ့ ခြေလက်တွေအပြင် ခန္ဓာကိုယ်တစ်ခုလုံးဖုံးထားတဲ့ အရေပြားအဆုံးထိ သွေးရောက်မှ အောက်စီဂျင်ဓာတ်နဲ့ အာဟာရဓာတ်အပြည့်အ၀ ရရှိစေမှာဖြစ်တယ်။ ဒီလိုရဖို့ သင်က မှန်ကန်စွာစားသောက်ပေးမှသာ ရရှိနိုင်မှာဖြစ်ပြီး သင့်အရေပြား (အသားအရေ)ကလည်း အာဟာရဓာတ်လုံလောက်စွာရကာ နုပျိုစိုလက်လာမှာဖြစ်တယ်။ ကဲ … ဘယ်လိုအစားအစာတွေ စားရမလဲ …ဘယ်လိုအစာတွေရှောင်ရမလဲဆိုတာ ကြည့်ကြရအောင်။
အံတုမယ့် အစားအစာများ
ရောင်စုံလှပနေတဲ့ သစ်သီးတွေ၊ ဟင်းရွက်တွေခင်းထားတဲ့ ရုပ်ပုံကားချပ်ကြီးကို မြင်ဖူးကြမှာပါ။ အရောင် အသွေးစုံလင်လှပသလို လူသားတွေအတွက် အရေးကြီးတဲ့ သက်ရှည်ကျန်းမာစေနိုင်သည့် အင်တီအောက်စီးဒင့်များလည်း ကြွယ်၀တဲ့အတွက် မရှိမဖြစ် စားသင့်တဲ့အစာတွေဖြစ်တယ်။
အစိမ်းရင့်ရောင် ဟင်းရွက်လေးတွေ၊ နီရဲတွတ်နေတဲ့ ခရမ်းချဉ်သီးလေးတွေ၊ ဥနီလေးတွေ၊ စပျစ်သီး၊ ဖရဲသီး၊ သရက်သီး၊ နာနတ်သီး၊ သခွားမွှေး၊ ဘရိုကိုလီ၊ ပန်းမုန်လာ၊ ဂေါ်ဖီ၊ ငရုတ်သီး၊ နံနံပင်၊ ဟင်းနုနယ်စတဲ့ အရောင်စုံ၊ ကာလာစုံ အသီးအနှံအရွက်တွေက သင့်ခန္ဓာကိုယ်ရှိ ကျန်းမာနေတဲ့ ကလာပ်စည်းတွေ မထိခိုက်မပျက် စီးရလေအောင် အားသွန်ခွန်စိုက် ကာကွယ်ပေးကြတော့မှာဖြစ်တယ်။
လူတစ်ယောက်အိုလာပြီး အသက် 40 ကျော်လာပြီဆိုတာနဲ့ ဇရာလက္ခဏာတေ အရင်ဆုံးပြတာကတော့ အရေပြားပါပဲ။ အရေပြားတွေ တွန်လိပ်လာခြင်း၊ ဆံပင်ဖြူလာခြင်း၊ အစက်အပြောက်တွေ ထွက်လာခြင်းတွေ တွေ့မြင်ရတော့မှာဖြစ်တယ်။ ထိုအရာတွေကို နှေးကွေးအောင် သင်နေ့စဉ်စားမယ့် အစားအစာတွေထဲမှာ မပါမဖြစ် စားရမယ့် အင်တီအောက်စီးဒင့် 3 မျိုးကတော့ သဘာ၀ဗီတာမင် C (လွယ်လွယ်လေးပါး၊ အချဉ်ဓာတ်ပါတဲ့ သစ်သီးတွေ၊ သစ်ရွက်တွေပါပဲ)၊ ဇင့်ခေါ် သွပ်ဓာတ်နဲ့ ဘီတာကာရိုတင်းတို့ဖြစ်တယ်။ ဇင့်ဓာတ်က အမဲသား၊ သိုးသား၊ ၀က်သား၊ ကြက်သား၊ ကမာကောင်တို့မှာ အများဆုံးပါ၀င်ပြီး ဒီနေရာမှာ အနီရောင်အသားတွေက သင့်တင့်မျှတစွာ စားဖို့လိုတယ်။ ဘီတာကာရိုတင်းဆိုတာ အနီရောင်၊ လိမေ္မာ်ရောင်ရှိတဲ့ အသီးအရွက်တွေထဲမှာ အများဆုံးပါတယ်။ အဲဒီအရောင်တွေပါတဲ့ အသီးအရွက်တွေက မျက်စိအားကောင်းလို့ အသက်ကြီးလာလို့ဖြစ် တတ်တဲ့အမြင်အာရုံချို့တဲ့မှုကို ဟန့်တားပေးတယ်။ အသားအရေလှစေတယ်။
ကမ်ဘာ့ထိပ်ဆုံးအစားအစာ 10 မျိုးထဲပါတဲ့ အသီးအရွက် (ဘရိုကိုလီ၊ ပန်းသီး၊ ဘယ်ရီသီးများ၊ ဆန်လုံးညို၊ ပဲတောင့်ရှည်၊ ပဲရာဇာ၊ တို့ဟူး၊ သစ်ကြားသီး၊ ခရမ်းချဉ်သီး၊ ဥနီ) တွေကလည်း သင့်အား ကျန်းမာရေးနဲ့ ညီညွှတ်စွာ နေထိုင်နိုင်သလို ကိုယ်အလေးချိန်မတိုးစေအောင် ထိန်းပေးနိုင်ခြင်း၊ ဆီးချိုသွေးချိုမတက်အောင် ကာကွယ်ပေးနိုင်သလို သွေးတိုးရောဂါမှာ ပုံမှန်ဖြစ်အောင်ထိန်းထားနိုင်ပါတယ်။ သို့သော် သင့်တင့်မျှတအောင် စားသောက်နေထိုင်နိုင်ရပါမယ်။ ကင်ဆာရောဂါလို နာတာရှည်ရောဂါများမဖြစ်ပွားအောင် နှလုံးရောဂါတွေမှ ကြိုတင်ကာကွယ်နို်င်အောင်လည်း သစ်သီး၊ အရွက်၊ အစေ့အဆန်၊ ဆန်ကြမ်း၊ ဂျုံကြမ်း၊ ငါး၊ ပဲအမျိုးမျိုးတို့ပါအောင် ပြောင်းလဲစားသောက်ပါ။ ၎င်းတို့က အဆီဓာတ်မများပါ။
ဒီနေရာမှာ လူကိုမြန်မြန်အိုစေတဲ့အစားအစာတွေကိုလည်း သိထားဖို့လိုတယ်။ ဖြစ်နိုင်ရင် ၎င်းတို့ကို ရှောင်ပါ။ ပြောင်းလဲစားလိုက်ပါ။ ဥပမာ ဟင်းရွက်ကို ဆီနဲ့ကြော်ပြီးစားမယ့်အစား ရေနွေးဖျောပြီး ဆီစိမ်းမွှေးမွှေး လေးနည်းနည်းပဲထည့်ပြီး သုပ်စားလိုက်တာမျိုး၊ အဆီဓာတ်မြင့်မားတဲ့ စားအုန်းဆီနဲ့ကြော်ထားတဲ့ အစားအစာတွေ လျော့စားတာမျိုး ကျင့်သုံးကြပါစို့။ နှမ်းဆီစစ်စစ်၊ ပဲဆီစစ်စစ်အစား ထိုးစားပါ။ ဆီကိုလျှော့သုံးတဲ့အလေ့အကျင့်မျိုး ပြုစုပျိုးထောင်ပါ။ ဆီဖိုးအကုန်အကျနည်းပြီး ငွေစုနိုင်သေးတယ်။
သကြားချိုချို၊ ထန်းလျက်ချိုချိုတွေ အများကြီးစားတဲ့အလေ့အကျင့်ကိုရှောင်ပါ။ အချိုလျော့စားကြည့်ပါ။ အချိုကဲ၊ အငန်လွန်ကဲ စားတဲ့အကျင့်အလေ့အထတွေပြောင်းလဲပါ။ ထမင်းဆိုင်၊ စားသောက်ဆိုင် များကလည်း ပြည်သူတွေအတွက် ရောဂါဘယများကင်းေ၀းရန် အသားဟင်းနဲ့ ဟင်းရွက်တွေချက်တဲ့အခါ ဆား၊ အချိုမှုန့်၊ ငံပြာရည်၊ ငါးပိ၊ ဟင်းခတ်မှုန့်နှင့် သကြားထည့်၍ အားရပါးရထည့်နယ်ခြင်း၊ နှပ်ခြင်းအစား အသင့်အတင့်သာ ထည့်ခြင်းစတဲ့ အလေ့အကျင့်တွေကို ပြောင်းလဲကျင့်သုံးပေးခြင်းဖြင့် ၀ိုင်း၀န်းကူညီကြပါ။ အစားအစာတွေ ထုတ်လုပ်ရောင်းချသူများကလည်း မိမိထုပ်ပိုးပစ္စည်းအစားအစာများ ရောင်းကောင်းစေရန် ဦးတည်ချက်တစ်ခု တည်းမဟုတ်ဘဲ ပြည်သူများရဲ့ ကျန်းမာရေးကောင်းစေရန် မွန်မြတ်တဲ့ စိတ်သဘောထားလေးများဖြင့် အလေးထားထုတ်လုပ်သင့်ပါတယ်။ အိမ်ရှင်မများကလည်း ဤအလေ့အထကောင်းလေးများရှိပါက မိမိ၏မိသားစု၀င်များ ကျန်းမာသက်ရှည်စေရန် မိမိ၏ သမားရိုးကျဟင်းချက်နည်းများကို ပြောင်းလဲ၍ သန့်ှရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့်ညီညွတ်သော ခေတ်မီဘ၀အရည်အသွေးရရှိဖို့ အရောက်လှမ်းမယ်ဆိုတဲ့ခံယူချက်ဖြင့် ချက်ပြုတ် ကျေွးမွေးပေးကြရင်း ဆောင်ရွက်ကူညီကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။
Credit; ဒေါက်တာရည်ညွှန့်မေ
Health Digest Journal
















