လုံခြုံသော လုပ်ငန်းခွင် ပတ်၀န်းကျင် (အပိုင်း - 3)
ဆရာ၀န်၊ သူနာပြုတွေကို ရန်ပြုတတ်တဲ့သူတစ်မျိုးကတော့ အရင်တစ်ကြိမ် အဲသလိုအပြုအမူမျိုးရှိခဲ့ဖူးတဲ့ လူနာတွေဖြစ်ပါတယ်။ နောက်ရာဇ၀တ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး အရေးပေါ်ဌာနမှာ ကုသခံနေရတဲ့လူနာမျိုးဟာ အရေးပေါ်ဌာနအတွင်း သေနတ်နဲ့ပစ်ခတ်သူများရဲ့ 29 ရာခိုင်နှုန်းဖြစ်နေတတ်ပြီး 11 ရာခိုင်နှုန်းသော ရာဇ၀တ်မှုရင်ဆိုင်လူနာများဟာ ဆေးရုံကနေထွက်ပြေးဖို့ ကြိုးစားတတ်ကြပါတယ်။
1993 ခုနှစ်ကနေ 1999 ခုနှစ်အတွင်း အမေရိကန် အမျိုးသားရာဇ၀တ်မှုများဆိုင်ရာ သုတေသနများ အရ လုပ်ငန်းခွင်မှာ ဖြစ်ပွားတဲ့ လူသတ်မှုများရဲ့ 80 ရာခိုင်နှုန်းမှာ သေနတ်ကို အသုံးပြုကြတာတွေ့ရပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာတော့ သေနတ်ကို ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်ခွင့်မရှိတာမို့ လုပ်ငန်းခွင် ရာဇ၀တ်မှုအများစုမှာ ဓားလက်နက်နဲ့ထိုးကြတာတွေ့ကြရ မှာပါ။ အမေရိကန်မှာ 2000 ပြည့်နှစ်ကနေ 2011 ခုနှစ်အတွင်း ဆေးရုံပရ၀ုဏ်ထဲ သေနတ်နဲ့ပစ်ခတ်ပြီး ဒဏ်ရာအနာတရဖြစ်မှု 154 မှု ရှိခဲ့ပါ တယ်။ နေရာအတိအကျ ပြန်ခွဲပြရမယ်ဆိုရင် ဆေးရုံ၀င်းထဲမှာဖြစ်တာက 41 ရာခိုင်နှုန်း၊ အရေးပေါ်ဌာနမှာ ပစ်တာက 29 ရာခိုင်နှုန်း၊ အတွင်းလူနာဆောင်ထဲမှာ ပစ်တာက 19 ရာခိုင်နှုန်းဖြစ်ပါတယ်။ ပစ်ခတ်မှုများရဲ့ 20 ရာခိုင်နှုန်းမှာ တရားခံတွေဟာသူတို့သေနတ်နဲ့ ပစ်ခတ်တာမဟုတ်ပါ။ 8 ရာခိုင်နှုန်းသော တရားခံများကတော့ ရဲအရာရှိနဲ့ လုံခြုံရေး၀န်ထမ်း များရဲ့ သေနတ်ကိုလုယူပြီး ပစ်ခတ်ကြတာဖြစ်ပါတယ်။ ပစ်ခတ်မှု စုစုပေါင်းရဲ့ 28 ရာခိုင်နှုန်းမှာ လုံခြုံရေး၀န်ထမ်းတွေက တရားခံကို ဆေးရုံတွင်းမှာပဲ ပြန်လည် ပစ်ခတ်ဖမ်းဆီးခဲ့ကြတာပါ။
ဆေးရုံတွင်း ပစ်ခတ်မှုတွေကို ကာကွယ်နိုင်ဖို့ ဆေးရုံတွင်း လက်နက်တွေသယ်ဆောင်ခြင်းမှ တားမြစ်ကြောင်းဥပဒေထုတ်နိုင်ဖို့ တိုက်တွန်းနေကြတာရှိပါတယ်။ လုံခြုံရေးတာ၀န်ရှိသူတွေကိုတော့ ခြွင်းချက်ပေးရမှာပါ။ လုံခြုံရေး၀န်ထမ်းများ လက်နက်ကိုင်တွယ်တဲ့အခါမှာလည်း မိမိလက်နက်ကို စနစ်တကျစည်းကမ်းရှိရှိ ကိုင်ဆောင်နိုင်ဖို့် သင်တန်းတွေပေးရမှာဖြစ်ပါတယ်။
ဆေးရုံများအတွင်း လက်နက်တွေသယ်ဆောင်ခြင်းရှိ၊ မရှိ စစ်ဆေးနိုင်မယ့် သတ္တုအာရုံခံစက် (Metal detectors) များ တပ်ဆင်ဖို့ကိုလည်း ကျန်းမာရေး၀န်ထမ်းများလုံခြုံရေးအတွက် ဆွေးနွေးနေကြတာ ရှိပါတယ်။ 2008 ခုနှစ်ကစပြီး အမေရိကန် တစ်၀န်းအရေးပေါ်ဌာနများရဲ့ 15 ရာခိုင်နှုန်းအောက်မှာပဲ အဲဒီစက်များကိုသုံးစွဲနေကြတာပါ။ သတ္တုအာရုံခံစက်များတပ်ဆင်ခြင်း အားဖြင့် အကျိုးရှိ၊ မရှိ သုတေသနစစ်တမ်း ပြုလုပ်ထားတာတွေလည်းရှိပါတယ်။
2003 ခုနှစ်က ပြုလုပ်ထားတဲ့ စစ်တမ်းတစ်ခုမှာရေးပေါ်ဌာနတစ်ခုက သတ္တုအာရုံခံစက်တစ်လုံးဟာ ရှစ်လအတွင်း လက်နက်မျိုးစုံ 3446 လက်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလက်နက်တွေထဲက 78 ရာခိုင်နှုန်းဟာ ဓား (သို့မဟုတ်) ချွန်ထက်သောလက်နက်တွေဖြစ်ပါတယ်။ သေနတ်တွေကိုမိတာကတော့ 0.1 ရာခိုင်နှုန်းပဲရှိပါသတဲ့။ အမေရိကန်တွေဟာ ဘာပဲလုပ်လုပ်သုတေသနနဲ့ လုပ်ကြသူတွေမို့ သတ္တုအာရုံခံ စက်တွေ ဆေးရုံမှာထားရှိခြင်းဟာ ကျန်းမာရေး၀န်ထမ်းများရဲ့ အကြမ်းဖက်ခံရမှုတွေကို အမှန်တကယ် ကျဆင်းစေနိုင်ရဲ့လားဆိုတာ သုတေသနပြုခဲ့ကြဖူးပါတယ်။ 1999 ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ ဆိုရင်တော့ ဆေးရုံများအတွင်း သတ္တုအာရုံခံစက်များကိုတပ်ဆင်ခြင်းဟာ ကျန်းမာရေး၀န်ထမ်းများအပေါ် အကြမ်းဖက်မှုတွေ ကျဆင်းစေနိုင်မှု မရှိကြောင်းပြောရမှပါ။ နောက်ထပ် အားနည်းချက် တစ်ခုကတော့ အရေးပေါ်ဌာနများကို ရောက်လာတဲ့လူနာများဟာသတ္တုနဲ့ ပြုလုပ်ထားတဲ့ တွန်းလှည်းများပေါ် ပါလာကြခြင်းကြောင့် သတ္တုအာရုံခံစက်ကမှားပြီး အသံတွေမြည်နေတာမျိုးကလည်း 41 ရာခိုင်နှုန်းအထိ ရှိနေပါသတဲ့။
ကျန်းမာရေး၀န်ထမ်းများအတွက် လုပ်ငန်းခွင်အကြမ်းဖက်မှုတစ်ခုဖြစ်ပြီးတိုင်း ခွင့်ယူရတဲ့ ရက်တွေများလာတယ်။ လူကအားအင်ကုန်ခမ်းပြီး အလုပ်အပေါ်စိတ်၀င်စားသလို (Burnout) ဖြစ်လာ တတ်တယ်။ အလုပ်အပေါ်မှာ ကျေနပ်အားရမှု မရှိတော့ အလုပ်မဖြစ်တော့ဘူး၊ အလုပ်မတွင်တော့ဘူးပေါ့။ အကြမ်းဖက်ခံလိုက်ရလို့ ဒဏ်ရာရသွားတဲ့ ကျန်းမာရေး၀န်ထမ်းတွေ ဆိုရင်လည်း ရက်ရှည်လများ ဆေးကုသ ခံရတာမျိုးဖြစ်နိုင်တယ်။
ကျန်းမာရေး၀န်ထမ်းများလုပ်ငန်းခွင်မှာအကြမ်းဖက်ခံရမှုကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုက zero tolerance reporting policy ပါ။ သဘောကနည်းနည်းလေးဖြစ်တာနဲ့ စောစောတိုင်၊ ထိထိရောက်ရောက် အရေးယူပေးဖို့ပါ။ သုတေသနတွေ ရှိပါတယ်။ နှုတ်နဲ့ကြမ်းတမ်းစွာပြောဆိုတာ၊ မထိတထိကိုယ်ထိ လက်ရောက်လုပ်တာမျိုးကို ငြိမ်ခံနေရင် ပိုပြီးပြင်းထန်တဲ့ အကြမ်းဖက်မှုတွေကိုခံရဖို့ ရှိပါသတဲ့။ ဒီ့အတွက်ကြောင့် “နည်းနည်းထိ၊ စောစောတိုင်၊ လုံး၀ငြိမ်မခံရ” ဆိုတဲ့ ပေါ်လစီကိုကျင့်သုံးဖို့ဖြစ်ပါတယ်။ ကျန်းမာရေး၀န်ထမ်းတစ်ဦးက တိုင်ကြားလာပြီဆိုတာနဲ့ အထက်တာ၀န်ရှိသူများဟာ အဲဒီတိုင်ကြားခံရသူ၊ လူနာကိုအမြန်ဆုံးတွေ့ဆုံပြီးဖြေရှင်း ရမှာဖြစ်ပါတယ်။ အဲသလိုမဖြေရှင်းဖြစ်ရင် ပိုမိုကြီးမားတဲ့ အကြမ်းဖက်မှုနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဆေးရုံ၊ ဆေးခန်း ကျန်းမာရေး၀န်ထမ်းများအပေါ် အကြမ်းဖက်မှုတွေရှိလာခဲ့ရင် ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ဖို့ ဥပဒေတွေကို အသစ်ပြဌာန်း၊ ရှိပြီးသားဆိုလည်း ပြန်ပြီးဆန်းစစ်အသက်သွင်းဖို့ လိုပါတယ်။ ရှိပြီးသားဥပဒေကို အာဏာတည်အောင်အသက်သွင်းဖို့လိုပါတယ်။
အခြားသော အလုပ်သမားများလိုပဲ ကျန်းမာရေး၀န်ထမ်းများဟာလည်း သူတို့ရဲ့လုပ်ငန်းခွင်မှာ လုံခြုံမှုရရှိခွင့်ရှိပါတယ်။ အလုပ်မှာ အန္တရာယ်တစ်စုံတစ်ရာမရှိဘဲ စိတ်အေးချမ်းသာ လုပ်ကိုင်နိုင်ဖို့က အလုပ်သမားတိုင်းရဲ့ အခွင့်အရေးပါ။ ကျန်းမာရေး ၀န်ထမ်းများအပေါ် အကြမ်းဖက်မှုများကို အထူးဥပဒေ တစ်ရပ်နဲ့ အကာအကွယ်ပေးပြီးပြင်းထန်တိကျတဲ့ ပြစ်ဒဏ်များ သတ်မှတ်ပေးထား သင့်ပါတယ်။ ရှေ့ဆက်ပြီး ကျန်းမာရေး လုပ်ငန်းခွင်လုံခြုံမှုအတွက် သုတေသနများဆက်လက်လုပ်ဆောင်ပြီး မူဝါဒများ ချမှတ်ပေးသင့်ကြောင်း တင်ပြယင်း နိဂုံးချုပ်လိုက်ပါတယ်။
Ref: Workplace Violence against Health Care Workers in the US
Credit: ဒေါက်တာလွှမ်းမိုးဟန်
Health Digest Journal
Vol: 13, No: 39, 6-7-2016






























