လက်၊ ခြေထောက်၊ ပါးစပ်နာတဲ့ ရောဂါ
တစ်နှစ်အောက် ကလေးငယ်တွေနဲ့ ငါးနှစ်အောက်ကလေးတွေမှာအဖြစ်များတဲ့ လက်တွေ၊ ခြေထောက်တွေနဲ့ ပါးစပ်မှာ အနာလေးတွေပေါက်တာ သို့မဟုတ် အနီစက်လေးတွေထွက်ပြီး ပါးစပ်နာကာ အစာမစားနိုင်တာ မျိုးတွေဖြစ်တတ်ပါတယ်။ ပြီးတော့ ကူးစက်ဗိုင်းရပ်စ်ပိုးတစ်မျိုး၀င်ကာ အဖျားသွေးလေးပါ၀င်လာတတ်ပါတယ်။ အဲဒီဗိုင်းရပ်စ်ပိုးအုပ်စုရဲ့အမည်ကတော့ အင်တာရိုဗိုင်းရပ်စ် (Enterovirus) ဗီဇအုပ်စုလို့ခေါ်ပါတယ်။ အဲဒီဗိုင်းရပ်စ် အုပ်စုထဲမှာပါ၀င်တဲ့ ပိုးတွေကတော့ ပိုလီယိုဗိုင်းရပ်စ်၊ ကောက်စတီးဗိုင်းရပ်စ်၊ အက်ကိုဗိုင်းရပ်စ်နဲ့ အင်တာဂိုဗိုင်းရပ်စ်တို့ဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေ ဥပမာ - အမေရိကန်က ကလေးတွေမှာတော့ ကောက်စတီး ဗိုင်းရပ်စ် A16 အမျိုးအစားအဖြစ် အများဆုံဖြစ်ပါတယ်။ ဒါ့အပြင် အင်တာရိုဗိုင်းရပ်စ် 71 လည်းအဖြစ်များတယ်လို့ဆို ပါတယ်။ ဒီရောဂါကိုတိရစၧာန်တွေမှာဖြစ်ပွား တဲ့ ဒေါင့်သန်းရောဂါခေါ် ခွာနာလျှာနာရောဂါနဲ့ မှားယွင်းလေ့ရှိတတ်တယ်။ ဒါပေမယ့် ဒီရောဂါနှစ်မျိုးဟာ ပိုးချင်းလည်းမတူသလို ဆက်စပ်မှုလည်းမရှိပါဘူးတဲ့။ ဆိုလိုတာက တိရစၧာန်မှ လူ၊ လူမှတိရစၧာန်သို့ ဤရောဂါမကူးစက်နိုင်ပါတဲ့။ ကလေးတွေတင်မက အရွယ်ရောက်သူတွေမှာပါ ဖြစ်တတ်ပါတယ်။
ဒီဗိုင်းရပ်စ်ပိုး ကူးစက်ခံရရင်ကလေးတွေမှာ အဖျား၀င်လာတတ်ပါတယ်။ အစားအသောက်လည်း ပျက်ပြီး မအီမသာဖြစ်လာတတ်ပါတယ်။ လည်ချောင်းလည်းနာတတ်တယ်။ အစားအသောက်ပျက်ရတာကတော့ အဖျားသွေးလေးကလည်း ၀င်လာပြီး 2 ရက်လောက်ကြာတော့၊ ပါးစပ်ထဲမှာ အနာလေးတွေကလည်း ပေါက်လာတော့ နာနေပြီး ဝါးရမျိုချရခက်တာလည်းရှိလို့ပါ။ အထူးသဖြင့် သွားတွေရဲ့ အရင်းမှာနီရဲနေတဲ့ အစက်လေးတွေဖြစ်လာပြီး မီးလောင်ဖုလေးလို အရည်ကြည်ဖုလေးက ပေါက်သွားပြီး အစာနဲ့ထိရင် စပ်ပြီးနာတော့တာပေါ့။ ဒါ့အပြင် ဗိုင်းရပ်စ်ပိုး၀င်ပြီး 1 ရက်၊ 2 ရက်မှာ လက်ဖဝါး၊ ခြေဖဝါးတွေမှာ အနီစက်လေးတွေထွက်လာတတ်ပါတယ်။ တစ်ခါ တလေ အနီစက်လေးတွေပဲတွေ့ရပြီး၊ တစ်ခါတစ်ရံ မီးလောင်ဖုလို အရည်ကြည်လေးတွေ တွေ့ရတတ်ပါတယ်။ ဖြေဖဝါး၊ လက်ဖဝါးတွေအပြင် ဒူးတွေ၊ တံတောင်ဆစ်တွေနဲ့ တင်ပါးတွေ သို့မဟုတ် လိင်အင်္ဂါနားတစ်၀ိုက်မှာ အနာစက်လေးတွေပေါ်လာတတ်ပါတယ်။
ပါးစပ်နာတော့ အစာမစားနိုင်တာကြောင့် ကလေးတွေမှာ ရေဓာတ်ခန်းခြောက်တတ်ပါတယ်။ ကလေးငယ် လေ၊ ရေဓာတ်ခန်းတာ ပိုသိသာလေဖြစ်ပါတယ်။ နှုတ်ခမ်းသားလေးတွေခြောက်သွေ့ပြီး အဖတ်လေးတွေလန် လာတာတွေ့ရပါလိမ့်မယ်။ အစာကိုမမျိုနိုင်တဲ့အတွက် အရည်များများသောက်ပေးရန် အားပေးပါ။ ဤဗိုင်းရပ်စ်ပိိုး ကူးစက်ခံရပါက ဖော်ပြတဲ့ေ၀ဒနာလက္ခဏာတွေ ခံစားရတတ်ပါတယ်။
ဤဗိုင်းရပ်စ်ပိုးကူးစက်ခံရပါက နောက်ဆက်တွဲရောဂါတွေအဖြစ် ဦးနှောက်အမြှေးပါးရောင်ရမ်းတတ်ပြီး အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပခုံးနှင့်လည်ပင်းတောင့်တင်းလာခြင်း သို့မဟုတ် ခါးနာခြင်းတို့ တွဲဖက်ခံစား ရတတ်တယ်။ ဒါပေမယ့် ကုသမှုခံယူပါက ဒီလိုအဖြစ်မျိုးက ရှားပါတယ်။ ကလေးငယ်တွေမှာ တစ်ယောက်နဲ့ တစ်ယောက် ကူးလွယ်တာကတော့ ချောင်းဆိုးလို့ ချောင်းဟပ်တာကြောင့် သော်လည်းကောင်း၊ တံတွေးမှ တစ်ဆင့်သော်လည်းကောင်း၊ နှာရည်ယိုလို့ နှာရည်မှတစ်ဆင့်သော်လည်းကောင်း၊ ကူးနိုင်တဲ့အပြင် သူတို့ အရေပြားမှာ ထွက်လာတဲ့မီးလောင်ဖုရေကြည်မှတစ်ဆင့်သော်လည်းကောင်း၊ ၀မ်းမှသော်လည်းကောင်း ကူးလွယ်ပါတယ်။
ကလေးတွေတစ်ယောက်နဲ့တစ်ယောက် အနီးကပ်ထိတွေ့လို့သော်လည်းကောင်း၊ လေမှတစ်ဆင့် (နှာချေ ခြင်း၊ ချောင်းဆိုးခြင်းဖြင့်) သော်လည်းကောင်း၊ မစင်များကိုင်မိခြင်းကြောင့်သော်လည်းကောင်း၊ လူနာထိတွေ့ ကိုင်တွယ်ထားသော မျက်နှာပြင်များ၊ တံခါးလက်ကိုင်များ၊ ပစ္စည်းများ စသည်တို့မှသော်လည်းကောင်း၊ ကူးစက်နိုင်ပါကြောင်း ဖော်ပြလို်က်ရပါတယ်။
ဒါကြောင့် တစ်ကိုယ်ရေကျန်းမာခြင်းက လွန်စွာအရေးကြီးပါတယ်။ အပြင်ကပြန်လာပြီးတိုင်း ခြေဆေး၊ လက်ဆေးခြင်းဟာ အရေးကြီးသလို ကိုယ့်မိသားစု၀င်တစ်ဦးဦးမှာ ဤရောဂါဖြစ်ပွားနေပါက လူနာနှင့် ဆက်စပ်နေတဲ့အရာများကိုင်ပြီးတိုင်းလက်များကို ဆက်ပြာနှင့်ဆေးရန်မမေ့ပါနှင့်။ လက်များနှင့် မျက်နှာ၊ နှာခေါင်း၊ ပါးစပ်တို့ မထိမိစေရန် အထူးသတိထားပေးသင့်ပါတယ်။ အိမ်မှာပဲအနားယူပါ။ အဖျားကျပြီးတစ်ပတ်၊ ဆယ်ရက်လောက်မှ ကျောင်းသွား သို့မဟုတ် အလုပ်ခွင်၀င်သင့်ပါတယ်။
Credit: ဒေါက်တာ ရည်ညွှန့်မေ
Health Digest Journal













