လည်ချောင်းယားပြီး ချောင်းဆိုးနေလား
မိုးကုန်လို့ ဆောင်းမ၀င်ခင်လေးမှာ အပူချိန်က အနည်းငယ်မြင့်နေသေးတယ်။ ညဥ့်ဦးယံမှာ ပူစပ်စပ်လေးမို့ အေးသွားအောင်ပြတင်းပေါက်ဖွင့်အိပ်မိပြီး လေစိမ်း၊ လေပြည်နဲ့ အိပ်မောကျသွားတဲ့သူတွေ ညဥ့်သန်းကောင်ကျော် နံနက် 1 နာရီ၊ 2 နာရီလောက်မှာ ရာသီဥတုက ဖြုန်းခနဲအေးသွားတာကြောင့် အအေးမိပြီး လည်ချောင်းနာ လာတတ်ပါတယ်။ လည်ချောင်းနာတာ ပျောက်သွားတာတောင် ချောင်းဆိုးကျန်ရစ်တတ်ပါတယ်။ လူကြီးတွေထက် ကလေးတွပိုခံရတယ်။ ကလေးတွေမှာ ချောင်းဆိုးတာဟာ ပိုအဖြစ်များပါတယ်။
ချောင်းဆိုးရတဲ့အကြောင်းရင်းမှာ အအေးမိလို့ ချောင်းဆိုးတာက အများဆုံးဖြစ်တယ်။ တုပ်ကွေးမိလို့၊ ဓာတ်မတည့်ဖြစ်လို့နဲ့ ကူးစက်ရောဂါပိုးတွေကြောင့်လည်း ဖြစ်တတ်သေးတယ်။ တစ်ခါတစ်ရံံ ရက်ပိုင်းလောက်ပဲကြာသလို တစ်ခါတစ်ရံ တစ်ပတ်၊ နှစ်ပတ်၊ သုံးပတ်ကြာတတ်ပါသေးတယ်။ ဒါပေမယ့် 3 ပတ်ကျော်သွားပြီဆိုရင်တော့ ဘာကြောင့်ဒီလောက်ဖြစ်ရတာလဲဆိုတာ စစ်ဆေးစမ်းသပ်ဖို့ လိုလိမ့်မယ်။
အအေးမိရင် လည်ချောင်းနာတတ်သလို တစ်ခါတစ်ရံ လည်ချောင်းယားယံလာပြီး ကသိကအောက်ဖြစ်တာဟာ လည်ချောင်းတစ်လျှောက်ရှိ ကလာပ်စည်းတွေ ရောင်ရမ်းလာလို့ဖြစ်တယ်။ ချောင်းဆိုးဟပ်ထုတ်လိုက်မှ သက်သာသွားတာလည်းရှိပါတယ်။ တစ်ခါတစ်ရံ ပိုဆိုး၊ ပိုနာလာတာလည်းရှိပါတယ်။ ထိုလည်ချောင်းကလာပ် စည်းတွေရောင်ရမ်းတာသက်သာစေဖို့ ချောင်းဆိုးပျောက်ဆေးတွေထုပ်လုပ်လာကြတယ်။ အများအားဖြင့်တော့ ချောင်းဆိုးပျောက်ဆေးတွေကို ချောင်းဆိုးသက်သာစေဖို့ လူတိုင်းနီးပါး အားကိုးလေ့ရှိပါတယ်။ ချောင်းဆိုးပျောက် ဆေးတွေမှာ ပျားရည်ကိုလွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာကပင် သဘာ၀ပဋိဇီ၀ပစ္စည်းအဖြစ် လူမျိုးအလိုက်၊ ယဉ်ကျေးမှုအလိုက် အမျိုးမျိုးကွဲပြားခြားနားစွာ အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ ယနေ့အချိန်အခါမှာတော့ ဆစ်ဒနီယူနီဗာစတီ မော်လီကျူလာနှင့် အဏုဇီ၀သိပ္ပံမှ ဒေါက်တာ ရှိုနာဘလဲ၏ သုတေသနအရ ပျားရည်၏သမားရိုးကျမဟုတ်တဲ့ ပဋိဇီ၀ဆိုင်ရာဂုဏ်သတ္တိတွေကိုပြသနိုင်ခဲ့ပါပြီ။ ပျားရည်မှာ ရောဂါဖြစ်ပွားတတ်တဲ့ ဗက်တီးရီးယားတွေကို ကွဲပြားတဲ့နည်းလမ်းအမျိုးမျိုးနှင့် သတ်ပစ်ဖို့စွမ်းရည်စွမ်းပကားရှိတာကို ဖော်ထုတ်ပြသလာနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ပျားရည်ဟာ ချောင်းဆိုး၊ လည်ချောင်းနာ ရောင်ရမ်းမှုတွေမှာ ဗက်တီးရီးယား ကို ဆေးမတိုးတော့တဲ့ဆေးဝါးတွေထက်တောင် ပိုပြီးထိထိရောက်ရောက်ကောင်းမွန်ကြောင်း လေ့လာချက်များစွာအရ သိလာရပြီဖြစ်တယ်။
သိပ္ပံနည်းကျလေ့လာချက်တစ်ခုအရ ဒေါက်တာရှိုနာဘလဲဟာ အီးကိုလိုင်း E.Coli ခေါ် ဗက်တီးရီးယားပိုး တစ်မျိုးကိုကုသရန် ပျားရည်ကို သုံးခဲ့ဖူးပါတယ်။ ဒေါက်တာရှိနာဘလဲတွေ့ရှိတာကတော့ ပျားရည်ဟာ ဗက်တီးရီးယားများကို ရှုထောင့်အမျိုးမျိုးမှ တိုက်ထုတ်နိုင်ကြောင်း တွေ့ခဲ့ရပါသတဲ့။ ဗက်တီးရီးယား ဆိုတာကလည်း နေရာအနှံ့ ပျံ့နှံ့လွှမ်းမိုးနေကြတာဖြစ်ပါတယ်။ ပျားရည်ရဲ့ပါဝါက အဲဒီလိုပျံ့နှံ့နေတဲ့ ဗက်တီးရီးယားတွေကို နေရာအမျိုးမျိုးကနေ ၀င်ရောက်တိုက်ခိုင်နိုင်ပြီး ပြန်မခုခံနိုင်၊ နာလန်ပြန်မထူနိုင်လောက်အောင် ချေမှုန်းပစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဗက်တီးရီးယားတွေ သေအောင်ပြုလုပ်နိုင်ခဲ့တယ်။ ယနေ့ခေတ်မှာ ပဋိဇီ၀ဆေးတွေဟာ ဆေးယဉ်ပါးလာမှု တစ်နေ့တခြားများပြားလာပါပြီ။ အကျိုးကျေးဇူးနဲ့ ထိရောက်မှုနည်းလာကြပါတယ်။ ပျားရည်ကတော့ အီးကိုလိုင်တင်မက အခြားဗက်တီးရီးယားအမျိုးအစားတွေကိုလည်း သတ်နိုင်စွမ်းရှိကြောင်း ပြသနိုင်တယ်လို့ဆိုပါတယ်။
ကလေးများအတွက် ပျားရည်ပါတဲ့ချောင်းဆိုးပျောက်ဆေးတွေဟာ ဗက်တီးရီးယားတွေကို သိသိသာသာ သတ်ပစ်နိုင်ရုံတင်မကပါ။ ရောင်ရမ်းနေတဲ့လည်ချောင်းတစ်လျှောက်က ကလာပ်စည်းတွေအရောင်အရမ်းကျစေပြီး အနာကျက်လွယ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ခုခံအားတိုးတက်လာစေဖို့လည်း လူသားကလာပ်စည်းတွေကို တိုက်ခိုက်လှုံ့ဆော်ပေးခြင်းဖြင့် အနာကျက်မြန်စေကြောင်း ဖော်ပြရင်း နိဂုံးချုပ်ပါရစေ။
Credit; ဒေါက်တာရည်ညွန့်မေ
Health Digest Journal














