လည်ပင်းနာနေလို့ပါ
လည်ပင်းနာတာ (ဇက်တောင့်တာ၊ လှည့်မရဖြစ်တာ၊ ငုံ့ရင်မူးတာ၊ လှည့်ရင် နာလွန်းလို့ တကျွတ်ကျွတ်အော်နေရတာ) ဟာ အဖြစ်များလွန်းလို့ ခါးနာပြီးရင် နံပါတ် (2) ကျန်းမာရေးပြဿနာဖြစ်တယ် လို့ ကျောရိုးဆိုင်ရာ အထူးကုဆရာ၀န်ကြီး တစ်ဦးက ရှင်းပြဖူးတယ်။
ဘာ့ကြောင့် Neck Pain လို့ခေါ်တဲ့ လည်ပင်းနာရတာလဲဆိုရင် အောက်ပါအချက်တွေကြောင့်ဖြစ်တတ်ပါတယ် -
1. အနေအထားမမှန်လို့ပါ
(1) လူအများစုဟာ မော်ဒယ်လ်တွေလို၊ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေလို ခါးလေးမတ်မတ်ထားပြီး ထိုင်ရမှာအလွန်ကြောက်လေ့ ရှိတာလား၊ ပျင်းတာလား ပြောရမလို ဖြစ်နေပါတယ်။ ခါးကို ခပ်လျော့လျော့ သို့မဟုတ် ခပ်ကုန်းကုန်း ကွေးကောက် သို့မုဟုတ် ခွေခေါက်ပြီး ထိုင်တတ်တယ်။ ဒီလိုထိုင်မိမှန်း အတော်ကြာအောင် ကိုယ့်ကိုယ်ကို သတိမထားမိတတ်ပါ။ ၀တုတ်နေတဲ့သူ ဆိုရင်လည်း ဗိုက်က ရှေ့စူထွက်နေတော့ သူ့ခါးရိုးက အလိုလို ရှေ့ဘက်ကုန်လာမှာဖြစ်တယ်။ ထို့အတူ ကုတ်ပိုးက အရစ်အရစ် ထလာတဲ့ အဆီတွေကလည်း လည်ပင်းရိုးကို အနေအထားမမှန်စေတော့ဘဲ ဟိုရွှေ့ဒီဖိလုပ်တော့ လည်ပင်းနာလာတတ်တယ်။
(2) ဒီ့အပြင် ခါးကိုရှေ့ကုန်းပြီး ခွေးခြေလေးနဲ့ထိုင် ဈေးရောင်းရတာတို့၊ စက်ချုပ် သို့မဟုတ် ဇာထိုးပန်းထိုး သို့မဟုတ် ကွန်ပျူတာ ရှေ့ထိုင်အလုပ်လုပ်ရတဲ့အခါ လည်ပင်းရိုးတွေရေရှည်မှာ ပြဿနာတက်လာမှာပါပဲ။ ဒါတင်ပဲလား။ ဒီခေတ်မှာတော့ လက်ကိုင်ဖုန်း သေးသေးလေးထဲက စာတွေ၊ အရုပ်တွေကိုပြူးပြဲပြီး ဖတ်ရ၊ ကြည့်ရ၊ အာရုံစူးစိုက်ရတဲ့အခါ ဒီဦးခေါင်းနဲ့ လည်ပင်း မနာမကျင်ဘဲ ရှိပါ့မလား။
(3) နောက်တစ်မျိုးကတော့ အိပ်တဲ့အခါ ခေါင်းအုံးကြီးပြီး နှစ်ထပ်၊ သုံးထိပ်မြင့်တာမှ ကြိုက်တဲ့သူတွေ၊ အိပ်ရင်လည်း လည်ပင်းကို ခွေခေါက်ပြီး ပုံစံအမျိုးမျိုးနဲ့ အိပ်မှ ကောင်းတာလို့ထင်တဲ့သူ သို့မဟုတ် အယ်လ်ကိုဟောသောက်တာ များပြီး လူမှန်းသူမှန်းမသိ၊ ဘယ်အချိန်က ဒေါင်းသွားမှန်းမသိတဲ့၊ အိပ်ပျော်သွားတဲ့လူတွေမှာ ဇက်ကြီးနာတဲ့ပြဿနာ တက်လာမှာ အမှန်ပါပဲ။
2. စိတ် စိတ်ပါကွယ်
အလုပ်က ဖိအားပေးလို့ သို့မဟုတ် မိသားစုပြဿနာတွေကြောင့် သို့မဟုတ် စာမေးပွဲဖြေရမှာဆိုတဲ့ ဖိစီးမှုတွေကလည်း သင့်ဇက်ကို တောင့်စေပါတယ်။
3. ထိခိုက်ဒဏ်ရာ ရလို့့ပါ
ပျင်းရိငြီးငွေ့လာတော့ လည်ပင်း သို့မဟုတ် ခါး သို့မဟုတ် လက်ချောင်းလေးတွေကို ဆတ်ခနဲ ချိုးတတ်တဲ့သူတွေရှိတယ်။ အဲဒီလို မတော်တဆ၊ သတိမမူ ပြုမူချက်တွေကလည်း လည်ပင်းကို တိုက်ရိုက်ထိခိုက်ဒဏ်ရာ ရအောင် လုပ်လိုက်သလို ဖန်တီးတာပါပဲ။ မတော်တဆ လိမ့်ကျပြီး ဦးခေါင်း၊ လည်ပင်းမှာ ဒဏ်ရာရတာ၊ အရိုက်ခံရတာစတဲ့ ထိခိုက်ဒဏ်ရာတွေကြောင့်လည်း လည်ပင်းနာတတ်တယ်။
4. အသက်အရွယ်ကြောင့် လည်ပင်းနာ အဖြစ်များတယ်
အသက် 50 ကျော်လာရင် အရိုးတွေ ထိခိုက်ပျက်စီးလာတတ်တယ်။ အဖြစ်အများဆုံးကတော့ အရိုးပါးရောဂါပါ ပဲ။ အရိုးပါးပြီး ကျိုး သို့မဟုတ် အက်လာတဲ့အတွက် အနီးအနားက အာရုံခံ နာဗ်ကြောတွေကို ပြဿနာပေးစေပါတယ်။ ဒါ့အပြင် အရိုးအဆစ်ရောင်ရမ်းခြင်းကြောင်း့ ရှေ့မှာပြောခဲ့သလို လည်ပင်းရိုးက ထွက်တဲ့ နာဗ်ကြောတွေပါထိခိုက်ပြီး အရိုးကျီးပေါင်းတက်ကြတယ်။ ဒီခေတ်မှာတော့ လူငယ်လူရွယ်တွေပါ စောစီးစွာ ဖြစ်ပွားလာကြပါပြီ။ မိမိလုပ်တဲ့ အလုပ်ကြောင့်ပါ။
5. အဆစ်အမျက် ရောင်ရမ်းတာကလည်း လည်ပင်းမှာဖြစ်ရင် လည်ပင်းနာစေတယ်
6. လည်ပင်းကြွက်သား တစ်ခုနဲ့ တစ်ခုအကြားမှာ တွေ့ရတတ်တဲ့ အမြှေးတွေမှာဖြစ်တဲ့ ပြဿနာတွေကြောင့်လည်း လည်ပင်းနာတတ်ပါတယ်။
လည်ပင်းမနာအောင် ဘယ်လိုကာကွယ်ရမလဲ
(1) ထိုင်ခုံတစ်ခုပေါ်မှာ ထိုင်တော့မယ်ဆိုရင် သင့်ကိယ်သင် မော်ဒယ်လ်တစ်ဦးလို်လို သို့မဟုတ် ဆီလီဘရစ်တီ တစ်ဦးလိုလို တွေးထားပြီး ခါးမတ်ပြီး လည်ပင်းနဲ့ မျက်နှာကို တစ်တန်းတည်း မတ်မတ်မြင့်မြင့်လေးထားပြီး ရှေ့ကို ကြည့်တတ်တဲ့ အနေအထားမျိုးရအောင် အမြဲကျင့်ယူပါ။ နေထိုင်ပါ။
(2) ကိုယ်ထိုင်တဲ့ ကုလားထိုင်ကလည်း ကြ့ံခိုင်ပြီး ခါးနဲ့လည်ပင်းကို အထောက်အကူပြုစေရပါမယ်။
(3) အလုပ်စားပွဲမှာ လုပ်ရသူဆိုရင်တော့ 2 နာရီမှ 3 နာရီခြားတိုင်း အနေအထားပြောင်း သို့မဟုတ် အနားယူပါ။
(4) အိပ်ရင် ခေါင်းအုံးမြင့်မြင့် မအုံးပါနဲ့။
(5) လည်ပင်းနာလာရင် သင့်တင့်စွာ အနားယူပါလေ။
Credit: ဒေါက်တာရည်ညွန့်မေ
Health Digest Journal
Vol: 13, No: 37, 22- 6- 2016
















