လမ်းခရီးသွားစဉ် ထိခိုက်ဒဏ်ရာရမှုများ (1)
မေး။ ။ ယခုတလော လမ်းခရီးသွားစဉ် မတော်တဆထိခိုက်မှုများနှင့် ဒဏ်ရာရမှုများ (Accidents and Injuries) နဲ့အတူ အသက်ဆုံးရှုံးရတာတွေ သတင်းစာတွေမှာ နေ့စဉ်လိုလို တွေ့နေရပါတယ်။ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ လူထိခိုက်သေဆုံးတာတွေများလာတာကြောင့် သတင်းစာ၊ ဂျာနယ်၊ လူမှုကွန်ယက်တွေ၊ ဆိုရှယ်မီဒီယာတွေမှာ အဲဒီအမြန်လမ်းမကြီးကို သေမင်းတမန် လမ်းမကြီးလို့ပြောင်းခေါ်သင့်နေပြီဆိုတဲ့ သုံးသပ်ချက်တွေ၊ အသံတွေထွက်ပေါ်လာပါတယ်။ ဒီအမြန်လမ်းမကြီး စတင်ဖွင့်လှစ်ခဲ့တဲ့ 2009 ခုနှစ်၊ မတ်လမှ 2013 ခုနှစ်၊ ဧပြီလအထိ လမ်းပေါ်မှာ ယာဉ်အစီးရေ စုစုပေါင်း 11 သိန်းကျော် ဖြတ်သန်းသွားလာခဲ့ပြီး ယာဉ်မတော်တဆမှု 432 မှု၊ သေဆုံးသူ 216 ဦး၊ ထိခိုက်ဒဏ်ရာရသူ 678 ဦး ရှိခဲ့ပါတယ်။ အဲဒီအထဲက ယာဉ်မောင်း ပေါ့ဆမှုကြောင့် 305 မှု၊ ယာဉ်ချို့ယွင်းမှု 110 မှု၊ ခရီးသည် ပေါ့ဆမှု 2 မှုနဲ့ တခြားအကြောင်းအရာတွေကြောင့် 11 မှုဖြစ်တယ်လို့ ဆောက်လုပ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဆရာ့အနေနဲ့ ပြည်သူ့ကျန်းမာရေးရှုထောင့် အမျိုးမျိုးကနေ ဆွေးနွေးပေးပါဦး။
ဖြေ။ ။ လမ်းခရီးသွားစဉ် ထိခိုက်ဒဏ်ရာရမှုများဟာ ယာဉ်မောင်းသူဖြစ်စေ၊ ယာဉ်ပေါ်မှာလိုက်ပါ စီးနင်းသူဖြစ်စေ မိမိအနေနဲ့ အခြားလူများကို ထိခိုက်စေလိုစိတ် မရှိပါဘဲလျက် ရရှိလာတဲ့ မတော်တဆ ထိခိုက်ဒဏ်ရာရမှုများ (Un-intentional Injuries) သာ ဖြစ်ပါတယ်။ ဒီလို မတော်တဆထိခိုက်ဒဏ်ရာရမှုများ တော်တော် များများဖြစ်ပွားလာပြီး ဆေးကုသမှုပေးရတဲ့ စရိတ်ကနိုင်ငံတော် အစိုးရရော ပြည်သူများအတွက်ပါ ၀န်ထုပ်၀န်ပိုးဖြစ်နေပါတယ်။ ယနေ့ မြန်မာနိုင်ငံအနေနဲ့ မတော်တဆ ထိခိုက်ဒဏ်ရာရမှုများဟာ အဓိကပြဿနာဖြစ်နေသလို၊ ကမ်ဘာ့နိုင်ငံအသီးသီးမှာလည်း ကြီးမားတဲ့ လူမှုရေးပြဿနာ ဖြစ်လာတဲ့အတွက် ကမ်ဘာ့ကုလသမဂ္ဂ (United Nations) ကိုယ်တိုင် ဦးဆောင်ပြီး နိုင်ငံပေါင်းစုံ ဆွေးနွေးအဖြေရှာရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ မတော်တဆထိခိုက်ဒဏ်ရာ ရရှိမှုများထဲမှာ လမ်းခရီးသွား စဉ် ထိခိုက်ဒဏ်ရာရမှုများ (Road Traffic Injuries) ဟာ အများဆုံးဖြစ်ပါတယ်။ အာရှပစိဖိတ်ဒေသဆိုင်ရာ နိုင်ငံများအနေနဲ့ လမ်းခရီးသွားစဉ် ထိခိုက်ဒဏ်ရာရမှုများ လျော့နည်းကျဆင်းရေးအတွက် မဟာဗျူဟာလုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်ရေး ဆောင်ရွက်နေပါတယ်။ ကမ်ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ ကမ်ဘလုံးဆိုင်ရာ လမ်းခရီးသွားစဉ် ထိခိုက်မှုအန္တရာယ်ကင်းေ၀းရေး အခြေအနေနှင့် ပတ်သက်တဲ့ အစီရင်ခံစာ - 2015 (Global Status Report on Road Safety, 2015) ကို မကြာသေးမီကာလက ထုတ်ပြန်ထားပါတယ်။
မေး။ ။ လမ်းခရီးသွားစဉ် ထိခိုက်ဒဏ်ရာ ရနိုင်မှုများအကြောင်း ဆက်လက်ရှင်းပေးပါဆရာ။
ဖြေ။ ။ ကမ်ဘာ့နိုင်ငံ အသီးသီးက ပေးပို့သောစာရင်းများအရ တစ်ကမ်ဘာလုံးတစ်နှစ်မှာ လူပေါင်းသန်း 50-60 နီးပါးဟာ လမ်းခရီးသွားစဉ် ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ အဲဒီလို ထိခိုက်ဒဏ်ရာရမှုများကြောင့် 2013 ခုနှစ်မှာ လူတစ်သန်းနှစ်သိန်းကျော် သေကြေနေပြီး၊ ထိုဦးရေထက်မနည်းသော လူများဟာ ထိခိုက်ဒဏ်ရာကြောင့် မသန်စွမ်းသူများဖြစ်နေကြပါတယ်။ ယခုလိုမိမိအနေနဲ့ ထိခိုက်စေလိုစိတ်မရှိပါဘဲလျက် ရရှိလာတဲ့ မတော်တဆထိခိုက်ဒဏ်ရာရရှိသူတွေရဲ့ 60 ရာခိုင်နှုန်းဟာ အသက် 15 နှစ်မှ 29 နှစ်အကြားမှာရှိတဲ့ အလုပ်လုပ်နိုင်ဆုံး အရွယ်မှာရှိသူများ ဖြစ်ကြပါတယ်။ သေကြေကြသူရဲ့ 90 ရာခိုင်နှုန်းဟာ ဆင်းရဲတဲ့ နိုင်ငံများမှဖြစ်သလို တစ်ကမ်ဘာလုံးရဲ့ မှတ်ပုံတင်ယာဉ်ရဲ့ 53 ရာခိုင်နှုန်းသာရှိတဲ့နေရာများဖြစ်ပါတယ်။ လမ်းခရီးသွားစဉ် ထိခိုက်ဒဏ်ရာရမှုနဲ့ သေဆုံးကြတဲ့အတွက် လူအား၊ ငွေအား ဘီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့ရပါတယ်။ ဒါ့အပြင် လမ်းခရီးသွားစဉ် ထိခိုက်ဒဏ်ရာရမှုနဲ့ သေဆုံးသွားသူတွေရဲ့ တစ်၀က်နီးပါးဟာ မိမိတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာအတွက် လမ်းခရီးကိုမဖြစ်မနေ သုံးစွဲနေကြရတဲ့သူများ (စက်ဘီးနဲ့ ဆိုင်ကယ်စီးသူနဲ့အတူ လိုက်ပါစီးနင်းသူတွေအပြင် လမ်းဘေးက လမ်းလျှောက်သွားနေသူတွေ) (Vulnerable road users) ဖြစ်ကြပါတယ်။ နေ့စဉ်လိုလိုအသက် 25 နှစ်အောက် လူငယ်များလမ်းခရီးသွားစဉ် ထိခိုက်ဒဏ်ရာရမှုနဲ့ သေဆုံးသူ ထောင်ချီရှိနေပါတယ်။
မေး။ ။ ဒီလိုလမ်းခရီးသွားစဉ် ထိခိုက်ဒဏ်ရာရမှု၊ မသန်စွမ်းဖြစ်မှုနဲ့ အသက်ဆုံးရှုံးမှုတွေကို ဘယ်လိုနည်းလမ်းတွေ နဲ့ ကာကွယ်ရမှာပါလဲ။
ဖြေ။ ။ လမ်းခရီးသွားစဉ် ထိခိုက်ဒဏ်ရာရမှုများ (Road Traffic Injuries) ဘာကြောင့်ရကြတာလဲ၊ ဘယ်လိုရတာလဲဆိုတဲ့ အကြောင်းရင်းခံကို ဆွေးနွေးကြရအောင်ပါ။ 19 ရာစုကစပြီး တီထွင်အသုံးပြုခဲ့ကြတဲ့ ဘီးတပ်စက်နဲ့ မောင်းရတဲ့ မော်တော်ကားနဲ့ အခြားစက်တပ်ယာဉ်တွေ (Motorized Vehicles) ဟာဒီနေ့ 21 ရာစုမှာ မရှိလျှင်မဖြစ်တဲ့ လူသုံးကုန်ပစ္စည်းများဖြစ်နေပါပြီ။ မော်တော်ယာဉ်များမှာ သုံးဘီး၊ လေးဘီးတပ်ယာဉ်များမှ 16 ဘီး၊ 20-24 ဘီးတပ် ယာဉ်ကြီးများစသဖြင့် စက်တပ်ယာဉ် အသေး၊ အကြီး မြောက်မြားစွာရှိသကဲ့သို့ စက်တပ်ဆင်ထားတဲ့ 2 ဘီး စက်ဘီးကအစ နှစ်ဘီး၊ သုံးဘီး မော်တော်ဆိုင်ကယ်များဟာ သိန်းသန်းချီပြီး ရှိနေပါတယ်။ တစ်ကမ်ဘာလုံးမှာ မှတ်ပုံတင် မော်တော်ဆိုင်ကယ်စီးရေဟာ မော်တော်ကားစီးရေရဲ့ 50-70 ရာခိုင်နှုန်းရှိတာ တွေ့ရပါတယ်။ မှတ်ပုံတင်ထားတဲ့ မော်တော်ယာဉ်များရဲ့ 15 ရာခိုင်နှုန်းလောက်သာ အိမ်သုံးယာဉ်များဖြစ်ပါတယ်။ ကျန်ယာဉ်များဟာ အငှားယာဉ်၊ လူစီး ဘတ်စ်ကားများနဲ့ ကုန်တင်ယာဉ်များဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယ၊ တရုတ်နိုင်ငံများမှာသာမက မြန်မာနိုင်ငံမှာလည်း မော်တော်ဆိုင်ကယ်များ သိန်းသန်းချီရှိနေတဲ့အတွက် မော်တော်ဆိုင်ကယ်များ စီးနင်းရာက လမ်းခရီးသွားစဉ် ထိခိုက်ဒဏ်ရာရမှု အများဆုံး ဖြစ်ကြတာတွေ့ရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ 2014 ခုနှစ် ကိန်းဂဏန်းများအရ စက်တပ်ယာဉ် မှတ်ပုံတင်ထားတာ 4 သန်းကျော်ရှိပြီး၊ 3 သန်းကျော်ဟာ နှစ်ဘီး၊ သုံးဘီး မော်တော်ဆိုင်ကယ်များဖြစ်ကာ အိမ်သုံး၊ ဈေးသုံးမော်တော်ယာဉ် 4 သိန်းနီးပါး၊ ကုတင်ယာဉ် ကြီး 1 သိန်းကျော်၊ လူစီးဘတ်စ်ကား 3 သောင်းနဲ့ အခြားယာဉ် 6 သောင်းကျော် ရှိတယ်လို့ဆိုပါတယ်။ 2015 ခုနှစ် တစ်နှစ်လုံးမှာ ယာဉ်မတော်တဆဖြစ်ပွားမှုပေါင်း 15406 ကြိမ် ဖြစ်ပွားခဲ့ပြီး 4233 ယောက် သေဆုံးခဲ့ပါတယ်။ မန္တလေး၊ ရန်ကုန်၊ ပဲခူးနဲ့ ဧရာ၀တီ တိုင်းဒေသကြီးများမှာ ဖြစ်ပွားမှုများ သကဲ့သို့ သေဆုံးမှုလည်းများခဲ့ပါ တယ်။ မော်တော်ဆိုင်ကယ်များကြောင့် ထိခိုက်မှုအများဆုံး 6934 ရှိပြီး၊ 1377 ဦး သေဆုံးခဲ့ပါတယ်။ ဒါကိုကြည့်ရင် လမ်းခရီးသွားစဉ် ထိခိုက်ဒဏ်ရာရမှုများဟာ နှစ်ဘီး၊ သုံးဘီး မော်တော်ဆိုင်ကယ်များကို ကိုယ်တိုင်စီးသူရော လိုက်ပါစီးနင်းသူပါ ဖြစ်ကြတာတွေ့ရမှာပါ။
မေး။ ။ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်စီးရေနည်းပါးနေလျှင် သူတို့ကြောင့်ဖြစ်ရတဲ့ မတော်တဆထိခိုက်မှု လျော့မှာပေါ့နော်။
ဖြေ။ ။ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်စီးရေ နည်းပါးမယ်ဆု်ိရင် ယာဉ်မတော်တဆဖြစ်မှုလျော့သွားပြီး၊ လမ်းခရီးသွားစဉ် ထိခိုက်ဒဏ်ရာရမှုနည်းပါးသွားနိုင်တယ်လို့ သဘာ၀တရားအခြေခံပြီး ပြောနိုင်ပေမယ့် ယနေ့ 21 ရာစုမှာ ဒီလိုစက်တပ်ယာဉ်တွေဟာ ကုန်စည်များရော၊ လူများပါသယ်ယူပို့ဆောင်ပြီး၊ ခရီးသွားလာရေးမှာ မရှိမဖြစ်တဲ့ အရာများဖြစ်ပြီး၊ နေရာတစ်ခုနဲ့တစ်ခု ခရီးသွားလာရာမှာ များစွာအထောက်အကူဖြစ်စေတဲ့အပြင် ဆက်သွယ်ရေး ကောင်းမွန်ပြီး လူမှုစီးပွားတိုးတက်မှုကို ပိုမိုပံ့ပိုးနေစေပါတယ်။ ဒါကြောင့်ယာဉ်ကိုအသုံးပြုပြီး လမ်းခရီးသွားစဉ် ထိခိုက်ဒဏ်ရာရမှုများလျော့နည်းလာစေရန် တခြားနည်းလမ်းများအသုံးပြုရမှာ ဖြစ်ပါတယ်။
မေး။ ။ ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်နိုင်ပါသလဲ
ဖြေ။ ။ ကမ်ဘာ့ကုလသမဂ္ဂရဲ့ ယာဉ်အန္တရာယ် ကာကွယ်ရေးဆယ်စုနှစ် (2011-2020) အစီအစဉ်အရ နိုင်ငံတိုင်းက လိုက်နာကျင့်သုံးရန် လုပ်ငန်းဒေါက်တိုင် (Pillers) 5 ခု တည်ထောင်ဖို့ တိုက်တွန်းထားခဲ့ပါတယ်။ ဒီ ဒေါက်တိုင်တွေက -
(1) လမ်းခရီးသွားစဉ် အန္တရာယ်ကင်းေ၀းစေရေး စီမံခန့်ခွဲခြင်း (Road Safety Management)
(2) လမ်းခရီးသွားစဉ် အန္တရာယ်ကင်းေ၀းစေသည့်လမ်းများနဲ့ သယ်ယူပို့ဆောင်တဲ့ အစီအစဉ်များ (Safer Roads and Mobility)
(3) အန္တရာယ်ကင်းေ၀းစေသည့် ယာဉ်များ (Safer Vehicles)
(4) လမ်းအန္တရာယ်ကင်းေ၀းစွာ လမ်းများကို အသုံးပြုသူများ (Safer Road Users) နှင့်
(5) လမ်းခရီးသွားစဉ် ထိခိုက်ဒဏ်ရာရမှုများ ပြုစုကုသမှု (Post-crash responses) တွေဖြစ်ပါတယ်။
မေး။ ။ ဒီဒေါက်တိိုင်တွေကို ရှင်းပြပေးပါ။
ဖြေ။ ။ ဒေါက်တိုင် တစ်ခုချင်းအကျဉ်းပြောကြတာပေါ့။ အချိန်ရရင် အရေးကြီးတဲ့ ဒေါက်တိုင်တွေကိုချဲ့ပြီး ပြောပြပါ့မယ်။ ပထမဒေါက်တိုင်ဖြစ်တဲ့ လမ်းခရီးသွားစဉ် အန္တရာယ်ကင်းေ၀းစေရေး စီမံခန့်ခွဲခြင်း (Road Safety Management) ဆိုရာမှာ လမ်းခရီးသွားစဉ် အန္တရာယ်ကင်းေ၀းစေရေးအတွက် အမျိုးသားအဆင့် ဥပဒေပြဌာန်း၊ မူဝါဒတွေ ချမှတ်ထားသလား၊ အစိုးရ၀န်ကြီးဌာနအဆင့်ဆင့် ဘယ်လိုရှေ့ဆောင်တာ၀န်ယူထားသလဲ၊ နိုင်ငံတော်က ဘဏ္႑ာငွေအလုံအလောက် ခွဲေ၀ချထားပေးသလား၊ လမ်းခရီးသွားစဉ် ထိခိုက်ဒဏ်ရာရမှု လျော့နည်းစေရေးအတွက် ရည်မှန်းချက်များချမှတ်၊ လုပ်ငန်းစဉ်များ ရေးဆွဲအကောင်အထည်ဖော်ရန် စီစဉ်ဆောင်ရွက်နေသလား၊ ဌာနဆိုင်ရာ အလိုက်ရော၊ စီမံအုပ်ချုပ်မှုအဆင့်အလိုက်ရော ဘယ်လိုတာ၀န်ခွဲေ၀ပေးထားသလဲစတဲ့ စီမံခန့်ခွဲမှုဆိုင်ရာများ စနစ်တကျထားရှိရေး မူဝါဒချမှတ် အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။
မေး။ ။ ဟုတ်ကဲ့ဆရာ။
ဖြေ။ ။ ဒုတိယဒေါက်တိုင်အနေနဲ့ လမ်းခရီးသွားစဉ် အန္တရာယ်ကင်းေ၀းစေသည့်လမ်းများနဲ့ သယ်ယူပို့ဆောင်တဲ့အစီအစဉ်များ (Safer Roads and Mobility) စနစ်တကျ တည်ဆောက်ထားရှိမှုဟာ အရေးကြီးပါတယ်။ လမ်းဖောက်လုပ်ရေး စနစ်တကျရှိတာ၊ လမ်းတည်ဆောက်မှု အားနည်းတာ၊ လမ်းအရည်အသွေး မမီတာ၊ ဖောက်ပြီးလမ်း ကို အမြဲစစ်ဆေးသလား၊ အမြန်ယာဉ်၊ အနှေးယာဉ်၊ လမ်းလျှောက်သူ စသဖြင့် ခွဲခြားထားသလား၊ မြို့တွေမှာ လမ်းဘေးလျှောက်လမ်း၊ စက်ဘီးလမ်းများ၊ မျက်မမြင်နဲ့ အခြားမသန်စွမ်းသူတွေသုံးနိုင်တဲ့ အစီအစဉ်တွေ ချမှတ်ထားလား၊ ကိုယ်ပိုင်လမ်းလား၊ အများပြည်သူအတွက် လမ်းလားစတဲ့ မူဝါဒများ ချမှတ်အကောင်အထည်ဖော်ရန် ဖြစ်ပါတယ်။ တတိယဒေါက်တိုင်ဆိုတာက အန္တရာယ်ကင်းေ၀းစေတဲ့ယာဉ်များ (Safer Vehicles) ကို လမ်းခရီးသွားစဉ် အသုံးပြုရတဲ့အတွက် စံချိန်စံညွှန်းနဲ့အညီ စနစ်တကျ စစ်ဆေးမှတ်ပုံတင်ပြီး အသုံးပြုစေတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ စတုတၳဒေါက်တိုင်က လမ်းအန္တရာယ်ကင်းေ၀းစွာ လမ်းများကိုအသုံးပြုသူများ (Safer Road Users) ရဲ့တာ၀န်ပိုင်ဖြစ်ပါတယ်။ စက်တပ်ယာဉ်တွေကိုမောင်းတဲ့ အရှိန်သတ်မှတ်ချက် (ဥပမာ အမြန်လမ်းတွေမှာ အမြန်နှုန်း တစ်နာရီ မိုင် 70၊ ကီလိုမီတာ 110 ထက် ပိုမမောင်းရ၊ မြို့တွင်းအမြန်နှုန်း တစ်နာရီမိုင် 40၊ ကီလိုမီတာ 60 ထက် ပိုမမောင်းရ) စတာတွေ၊ ယာဉ်မောင်းသူ အရက်မသောက်ရ၊ မော်တော်ကားမောင်းရင် ထိုင်ခုံခါးပတ်အမြဲပတ်ရန်၊ မော်တော်ဆိုင်ကယ်တို့ စက်ဘီးတို့စီးရင် မောင်းသူရော လိုက်ပါစီးနင်းသူရော မဆောင်းမနေရ ဦးထုပ်ဆောင်းရန်၊ ယာဉ်မောင်းစဉ် လက်ကိုင်ဖုန်းမပြောရန် မတားမြစ်ထားတာတွေ၊ လမ်းဆုံလမ်းကူးမျဉ်းကြား၊ ကျောင်း၊ ဈေး၊ မီးရထားလမ်းကူးစတဲ့ နေရာတွေမှာ မီးအချက်ပြထားတာစတဲ့ လမ်းအန္တရာယ်ကင်းေ၀းစွာ လမ်းများကိုအသုံးပြုသူများအတွက် အကာအကွယ်များ စနစ်တကျစီမံထားရမှာဖြစ်ပါတယ်။ နောက်ဆုံး ဒေါက်တိုင်ကတော့ လမ်းခရီးသွားစဉ် ထိခိုက်ဒဏ်ရာရမှုများ ပြုစုကုသမှု (Postcrash responses) အတွက် စီစဉ်ဆောင်ရွက်ထားရန် ဖြစ်ပါတယ်။
မေး။ ။ ဆက်ပါဦး ဆရာ။
ဖြေ။ ။ ဖော်ပြခဲ့တဲ့ ဒေါက်တိုင် 5 တိုင်မှာ နောက်ဆုံးဒေါက်တိုင်ဖြစ်တဲ့ လမ်းခရီးသွားစဉ် ထိခိုက်ဒဏ်ရာရမှုများအတွက် စီစဉ်ဆောင်ရွက်ထားခြင်းဟာ အရေးကြီးတဲ့ ဒေါက်တိုင်တစ်ခုဖြစ်ပါတယ်။ လမ်းခရီးသွားစဉ် ထိခိုက်ဒဏ်ရာ ရသူများကို အချိန်မီပြုစုကုသပေးမှု စနစ်တကျ ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် ထိခိုက်ဒဏ်ရာရမှုများ သက်သာစေရုံသာမက နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ အန္တရာယ်များကိုကာကွယ်နိုင်တဲ့အပြင် အသက်ဆုံးရှုံးမှုပါ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ လမ်းခရီးသွားစဉ် ထိခိုက်ဒဏ်ရာရမှုများကို အချိန်နဲ့တစ်ပြေးညီ ပြုစုကုသပေးရန် ကျန်းမာရေးဌာနများက တာ၀န်ရှိတယ်လို့ ဆိုနိုင်သော်ငြားလည်း တကယ်တော့ မတော်တဆဖြစ်ပွားရာနေရာနဲ့ နီးစပ်ရာဆေးခန်း၊ ဆေးရုံတွေကို မရောက်ရှိမီ ထိခိုက်မှုဖြစ်ပွားတဲ့နေရာမှာပင် ထိခိုက်ဒဏ်ရာရသူကိုတိုက်ရိုက် ပြုစုကုသပေးနိုင်မှု (Prehospital Care) ဟာ အရေးကြီးပါတယ်။ တခြားဌာနများက ဆောင်ရွက်ရမှာတွေ၊ လမ်းများယာဉ်များ အသုံး ပြုသူတွေကိုယ်တိုင်က အရေးတယူ ဆောင်ရွက်ရမှာတွေကို ကျော်လွန်ပြီးမှာ ဖြစ်ပျက်ခဲ့ရတဲ့ လမ်းခရီးသွားစဉ် ထိခိုက်ဒဏ်ရာရမှုများကို အချိန်နဲ့တပြေးညီ ပြုစုကုသမှု မပေးလိုက်ရတဲ့အခါ ထိခိုက်ဒဏ်ရာရမှုပြင်းထန်ရင် ဒဏ်ရာရသူဟာ တစ်ခါတည်း အသက်ဆုံးပါးသွားနိုင်ပါတယ်။ နာရီပိုင်းမှ နာရီအနည်းငယ်အတွင်း စနစ်တကျပြုစုကုသမှု ပေးနိုင်သော်လည်း အဲဒီရှေးဦးပြုစုမှုနဲ့ ဆေးကုသမှုများကို အချိန်နဲ့ တစ်ပြေးညီ မပြုစုရတဲ့အတွက် မသန်စွမ်းတဲ့ ဘ၀သာမက အသက်ကိုပါ ထိခိုက်နိုင်တဲ့အတွက် လမ်းခရီးသွားစဉ် ထိခိုက်ဒဏ်ရာရမှုများ ရလျှင်ရချင်း ချက်ချင်းဖြစ်စေ၊ နာရီပိုင်းအတွင်းဖြစ်စေ စနစ်တကျရှေးဦးပြုစုမှုနဲ့ ဆေးရုံမရောက်မီဆေးကုသမှုများ (Prehospital Care) ပြုလုပ်ခဲ့ရင် ဆေးခန်း၊ ဆေးရုံရောက်တဲ့အခါ အထူးကုသမှု ပြုစရာမလိုသလောက် ဖြစ်ရုံမျှမက အသက်ပါ ချမ်းသာရနိုင်ပါတယ်။
မေး။ ။ လမ်းခရီးသွားစဉ် ထိခိုက်ဒဏ်ရာရမှုများ ရခဲ့ရင် ချက်ချင်းဖြစ်စေ၊ နာရီပိုင်းအတွင်းဖြစ်စေ စနစ်တကျ ရှေးဦး ပြုစုမှုနဲ့ ဆေးရုံမရောက်မီ ဆေးကုသမှုများဟာ တကယ်လိုအပ်လာတာပေါ့
ဖြေ။ ။ ဟုတ်ပါတယ်၊ ထိခိုက်ဒဏ်ရာများရခဲ့လျှင် ချက်ချင်းဖြစ်စေ၊ နာရီပိုင်းအတွင်းဖြစ်စေ စနစ်တကျရှေးဦး ပြုစုမှုနဲ့ ဆေးကုသမှုများပေးတာကို တချို့က အရေးပေါ်ကုသမှုလို့ သတ်မှတ်ခေါ်ေဝါ်ကြပါတယ်။ ယာဉ်မတော်တဆ ဖြစ်လျင်ဖြစ်ချင်း အရေးပေါ်ဆောင်ရွက်ပေးမှု (Post-crash response) နဲ့ အရေးပေါ်ကုသမှု (Emergency Care) ဟာ အဓိကကျပါတယ်။ ဒီလုပ်ငန်းကို စနစ်တကျ ဆောင်ရွက်နိုင်ရန် ဒဏ်ရာကြောင့်သေသွားနိုင်တာကို ကာကွယ်နိုင်ပြီး၊ မသန်စွမ်းမှုမှလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။
မေး။ ။ မတော်တဆဖြစ်မှု ဖြစ်လျှင် ဖြစ်ချင်း အရေးပေါ်ဆောင်ရွက်ပေးမှု (Post-crash response) ကို နည်းစနစ် တကျဖြစ်အောင် ဘာတွေလုပ်ရန် လိုပါသလဲ
ဖြေ။ ။ Post-crash response ကို နည်းစနစ်တကျဖြစ်အောင် ဆောင်ရွက်ရာမှာ အရေးအကြီးဆုံးက ဆေးရုံမရောက်မီ ထိခိုက်ဒဏ်ရာများ စနစ်တကျ ဆေးကုသမှုစနစ် (Pre-Hospital Trauma Care System) ထားရှိရပါမယ်။ ဒီစနစ်မှာ ပထမဦးစွာ ယာဉ်မတော်တဆဖြစ်လျှင်ဖြစ်ချင်း အရေးပေါ်ဆောင်ရွက်ပေးနိုင်တဲ့သူများ (First Responders) များများရှိဖို့လိုပါတယ်။ ထိခိုက်ဒဏ်ရာရသူဟာ သူ့ခန္ဓာကိုယ်မှာ ဘယ်နေရာမှာ ထိခိုက်မိပြီး၊ ကွဲရှနာများ၊ သွေးထွက်နေရာများနဲ့ အရိုးကျိုးနေရာများ စသဖြင့် သတိရှိနေရင် မိမိကိုယ်တိုင်ပြောနိုင်ရမှာပါ။ မတော်တဆ ဖြစ်လျှင်ဖြစ်ချင်း ထိခိုက်ဒဏ်ရာရသူနဲ့ ပထမဦးဆုံးထိတွေ့ပြီး အရေးပေါ်ဆောင်ရွက်ပေးနိုင်တဲ့သူများ (First Responders) ဟာ ထိခိုက်မှုအတိုင်းအတာတွေကို ဒဏ်ရာရသူက စကားပြောနိုင်ရင် စုံစမ်းမေးမြန်းနိုင်သလို လိုအပ်ရင် ထိခိုက်တဲ့နေရာများရဲ့ ထိခိုက်မှုအတိုင်းအတာကို စမ်းသပ်စစ်ဆေးကြည့်နိုင်ပါတယ်။ ဒဏ်ရာရသူက သတိမေ့မျောနေရင် အသက်ရှူသေးသလား၊ နှလုံးခုန်သေးသလား၊ ဘယ်နေရာတွေမှာ ထိခိုက်တတ်သလဲ ရှာဖွေကြည့် တတ်စမ်းသပ်တတ်ရပါမယ်။ အခြေခံပညာ အလယ်တန်းအထိ သင်ကြားခဲ့ကြသူများဟာ လူရဲ့ ခန္ဓာကိုယ်အကြောင်းကို တတ်သိပြီးသားဖြစ်တဲ့အတွက် ထိခိုက်နိုင်တဲ့နေရာများကို စမ်းသပ်တတ်ပြီး၊ အရေးပေါ် ရှေးဦးပြုစုနည်းများ အခြေခံသင်ကြားထားတဲ့အတွက် ထိခိုက်ဒဏ်ရာရ လူနာများကို ကျွမ်းကျွမ်းကျင်ကျင် စမ်းသပ်ပြီးရှေးဦးသူနာပြုစုမှု ပြုပေးနိုင်ပါတယ်။ ထို့ထက်မက ကြက်ခြေနီရှေးဦးသူနာပြုစုနည်းများကို အဆင့်မြင့် သင်ကြားထားသူများဟာ ထိခိုက်ဒဏ်ရာများအကြောင်း နားလည်သိရှိပြီးအဆင့်မြင့် အရေးပေါ်ရှေးဦးပြုစုပေးနိုင်ပါတယ်။ မတော်တဆဖြစ်လျှင်ဖြစ်ချင်း အရေးပေါ် ဆောင်ရွက်ပေးနိုင်တဲ့သူများ အဖြစ် ဆောင်ရွက်နိုင်ရန် ဆယ်ကျော်သက် အရွယ်ရောက်သူတိုင်း ကြက်ခြေနီရှေးဦးသူနာပြုစုနည်း အခြေခံကို နာရီအနည်းငယ်အတွင်း သင်ကြားပေးခြင်းဖြင့် အခြေခံပြုစုနည်း တတ်ကျွမ်းထားနိုင်ပါတယ်။ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့အပြင် ဒဏ်ရာအနည်းငယ်နဲ့ လှုပ်ရှားနိုင်တဲ့ ခရီးသွားဖော်၊ ထိခိုက်မှု ဖြစ်တဲ့နေရာကို အမြန်ဆုံးရောက်ရှိသူ (ဥပမာ - ပြည်သူ့ရဲတပ်ဖွဲ့၀င်များ၊ လမ်းဘေးရှိ ရွာများမှရွာသားများ၊ ဘေးမှ ရပ်ကြည့်သူများ၊ အခြားယာဉ်မှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ယာဉ်ပေါ်ပါခရီးသည် စသူ) တွေလည်း ရှေးဦးသူနာပြုစုနည်းများကို တတ်မြောက်ထားမယ်ဆိုရင် ပိုကောင်းပါတယ်။ အရေးပေါ်ရှေးဦးပြုစုတဲ့အခါ ရရာပစ္စည်းကို အသုံးပြုရတဲ့အခါများ ရှိနိုင်ပေမယ့် ဖြစ်နိုင်ရင် ခရီးသည်တင် ကားတိုင်းမှာ ရှေးဦးသူနာပြုစုရန် အရေးပေါ် ဆေးအိတ်များထားရှိရန်လိုပါ တယ်။ ယာဉ်မတော်တဆဖြစ်လျှင်ဖြစ်ချင်း အရေးပေါ်ဆောင်ရွက်ပေးမှုကို နည်းစနစ်တကျ ဖြစ်အောင် ဘယ်လိုစီမံဆောင်ရွက်ကြရမလဲဆိုတာ အသေးစိတ်ပြောကြရန် ရှေ့စာစဉ်တွေမှာ ဆက်ဦးစို့။ ရွှင်လန်း ချမ်းမြေ့ပါစေ။
ဦးမြင့်ဦး (ကျန်းမာရေးမှူး (ငြိမ်း) နှင့် တွေ့ဆုံဆွေးနွေးခြင်း)
Credit; ဒေါက်တာသန်းစိန်
Health Digest Journal
Vol: 13, No: 26, 23 - 3 - 2016
















