/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/လုံခြုံသော-လုပ်ငန်းခွင်ပတ်၀န်းကျင်-အပိုင်း-1

လုံခြုံသော လုပ်ငန်းခွင်ပတ်၀န်းကျင် (အပိုင်း - 1)

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

        လုပ်ငန်းခွင်လုံခြုံရေးဆိုတာက အများကြီးကျယ်ပြန့်ပါတယ်။ စစ်မှုထမ်း၊ ရဲမှုထမ်းလို့ ၀န်ထမ်းများအတွက်တော့ သူတို့ရဲ့ လုပ်ငန်းခွင်ကိုက လုံခြုံမှုအန္တရာယ်ရှိတဲ့ ပတ်၀န်းကျင်ပါ။ သည်နေရာမှာတော့ လက်နက်ကိုင်ဌာနများ မဟုတ်ဘဲ သာမန်လူ့ အဖွဲ့အစည်းများအတွင်းက ၀န်းထမ်းလုပ်သားများရဲ့ လုပ်ငန်းခွင်လုံခြုံရေးကိုဆွေးနွေးချင် ပါတယ်။ အထူးသဖြင့် ဆရာ၀န်၊ သူနာပြုများရဲ့ နိစ္စဓူ၀ကျင်လည် လှုပ်ရှားနေကြရတဲ့ဆေးရုံ၊ ဆေးခန်း လုပ်ငန်းခွင်များမှာ ကိုယ်ထိလက်ရောက်ပြုမူမှုတွေ၊ ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံခံရတာတွေဟာအဖြစ်များလာကြ တယ်။ အိမ်နီးချင်းတရုတ်ပြည်မှာဆို ကျန်းမာရေး၀န်ထမ်းများအပေါ် ကိုယ်ထိလက်ရောက်အနိုင်အထက်ပြုမှုတွေ အလွန်ကိုများတယ်လို့သိရတယ်။ အမျိုးသမီးကျန်းမာရေး၀န်ထမ်းတွေဆို ပိုဆိုးတာပေါ့။

          ယနေ့လူ့အခွင့်အရေးစံပြ၊ ဒီမိုကရေစီစံပြလို့ဆိုရမယ့် အမေရိကန်ပြည်ထောင်စုက ကျန်းမာရေးလုပ်သားများရဲ့ လုပ်ငန်းခွင်အနိုင့်အထက်ဆက်ဆံခံရမှုတွေကို လေ့လာကြည့်ရအောင်။ 2015 ခုနှစ်၊ ဇန်နဝါရီလမှာ ဘရစ်ဟမ်အမျိုးသမီးဆေးရုံ ကြီးမှာ ခွဲစိတ်ဆရာ၀န်တစ်ယောက် သေနတ်နဲ့ပစ်သတ် ခံရပါတယ်။ သတ်သူက ကွယ်လွန်သွားတဲ့ လူနာတစ်ယောက်ရဲ့သားပါ။ သတင်းမီဒီယာတွေမှာ ပါသင့်သလောက်ပါခဲပေမယ့် အမေရိကန်ပြည်တစ်၀န်း နေ့စဉ်လိုလို ဖြစ်ပွားနေတဲ့ ကျန်းမာရေး၀န်ထမ်း အပေါ်အကြမ်းဖက်ခံနေရမှုတွေကို မီးမောင်းထိုးပြဖို့ အားနည်းခဲ့ပါတယ်။ ကျန်းမာရေး၀န်ထမ်းများအပေါ် အကြမ်းဖက်မှု ဆိုရာမှာ အများဆုံးကတော့ နှုတ်အားဖြင့် ဆက်ဆံခံကြရတာပါ။ တစ်ခါတလေမှာတော့ ကိုယ်ထိလက်ရောက်တွန်းထိုးခံရတာ၊ လိင်ပိုင်းဆိုင်ရာ အထိပါးခံရတာမျိုးတွေအထိရှိတတ်ပါတယ်။

          လုပ်ငန်းခွင်အကြမ်းဖက်ခံရတာတွေကို အကြမ်းဖျင်းအားဖြင့် အမျိုးအစားလေးမျိုးခွဲခြားထားတယ်။ ကျန်းမာရေးဌာနများ အပါအ၀င်လုပ်ငန်းခွင်အားလုံးမှာ အကြမ်းဖက်ခံရပုံအမျိုးအစားတွေပါ။

အမျိုးအစား (1)

        အကြမ်းဖက်မှုကျူးလွန်သူဟာ အလုပ်ဌာနနဲ့ရော၊ ၀န်းထမ်းနဲ့ပါ တစ်စုံတစ်ရာဆက်စပ်မှုမရှိသူဖြစ်တယ်။ ဥပမာ ဘဏ်ထဲ၀င်ပြီး ဓားပြတိုက်တာမျိ်ုး၊ ရာဇ၀တ်မှုကျူးလွန်လို့ ရည်ရွယ်ချက်နဲ့ ၀င်လာတာမျိုးကို ခေါ်တာ။

အမျိုးအစား (2)

        အကြမ်းဖက်မှုကျူးလွန်သူဟာ အလုပ်ဌာနရဲ့ ၀န်ဆောင်မှုကို ခံယူဖို့လာတာ။ ၀န်ထမ်းတွေဆီက ၀န်ဆောင်မှုကို ယူဖို့လာတာ။ ဆေးရုံဆေးခန်းများမှာလူနာ၊ လူနာစောင့်များက ကျန်းမာရေး၀န်ထမ်းတွေကို အကြမ်းဖက်တဲ့ပုံစံမျိုးက အမျိုးအစား (2) ပဲ။

အမျိုးအစား (3)

        အကြမ်းဖက်မှုကျူးလွန်သူကိုယ်တိုင်က အဲဒီဌာနရဲ့ လက်ရှိ (သို့မဟုတ်) ၀န်ထမ်းဟောင်းဖြစ်နေတာ။

အမျိုးအစား (4)

        အကြမ်းဖက်မှုကျူးလွန်သူက အလုပ်ဌာနနဲ့ သက်ဆိုင်မှုမရှိဘူး။ အဲဒီဌာနက ၀န်ထမ်းနဲ့ ပုဂ္ဂိုလ််ရေးဆက်နွှယ်မှုရှိပြီးလာ အကြမ်းဖက်တာ။ ဒဂုံစင်တာမှာရည်းစားဟောင်း ကောင်မလေးကို သူ့ကောင်လေးကလာပြီးဓားနဲ့ ထိုးတာမျိုး။

          အဲဒီအမျိုးအစားလေးမျိုးထဲမှာ ကျန်းမာရေး၀န်ထမ်းများနဲ့ အဓိက သက်ဆိုင်တာက အမျိုးအစား (2) အကြမ်းဖက်ခံရမှု ပုံစံပေါ့လေ။ 2014 ခုနှစ် အမေရိကန်သုတေသနများအရ ကိုယ်ထိလက်ရောက် ကျူးလွန်မှုများရဲ့ 75 ရာခိုင်နှုန်းဟာ အဲဒီအမျိုးအစား (2) ပုံစံနဲ့ အကြမ်းဖက်ခံခဲ့ကြရပါသတဲ့။ သဘောကတော့ ဆရာ၀န်၊ သူနာပြုတွေဆိုရင် လက်ပါဖို့ ပိုလွယ်တယ်ပေါ့။ 2011 ခုနှစ်မှ 2013 ခုနှစ်အကြား အမေရိကန်မှာ နှစ်စဉ်လုပ်ငန်းခွင် အကြမ်းဖက်ခံရမှု 24000 ရှိပြီး အဲဒီထဲက 75 ရာခိုင်နှုန်းဟာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းခွင်များမှာ ဖြစ်ခဲ့တာပါ။

          ကျန်းမာရေး၀န်ထမ်းများ အကြမ်းဖက်ခံရမှုကိုနေရာ 2 နေရာခွဲပြီး လေ့လာကြမယ်။ ဆေးရုံပေါ်မှာ နဲ့ ဆေးရုံမရောက်ခင် ဆေးခန်းလိုရှေးဦးကုသမှုခံယူတဲ့နေရာတွေမှာဆိုပြီး နေရာခွဲလိုက်မယ်။ အမေရိကန်ပြည်ရဲ့ အရေးပေါ်အသက်ကယ်ဆယ်ရေး ဆိုင်ရာ ကျန်းမာရေး၀န်ထမ်းများအကြမ်းဖက်ခံရမှုက ကျန်းမာရေး၀န်ထမ်းတွေ စုစုပေါင်းအကြမ်းဖက်ခံရမှုရဲ့ 4.5 ရာခိုင်နှုန်း ရှိတယ်။ အဲဒီအကြမ်းဖက်မှုတွေရဲ့ 90 ရာခိုင်နှုန်းက လူနာတွေက လုပ်တာပါတဲ့။။ ထူခြားတာတစ်ခုရှိသေးတယ်။ စစ်တမ်းတစ်ခုမှာဆိုရင် အမေရိကန်ရဲတစ်ဦးရဲ့ ၀န်ထမ်းကာတစ်လျှောက် ကိုယ်ထိလက်ရောက်အကြမ်းဖက်ခံရာခိုင်နှုန်းက 49 ရာခိုင်နှုန်းရှိပါတယ်တဲ့။ သဘောကရဲနှစ်ယောက်မှာ တစ်ယောက်ကတော့ ၀န်ထမ်းဘ၀တကွေ့ကွေ့မှာ တရားခံကအကြမ်းဖက် ခံရနိုင်တဲ့သဘော။ အဲ . . . အရေးပေါ်ကယ်ဆယ်ရေးကျန်းမာရေး၀န်ထမ်း တစ်ယောက်ကတော့ သူ့၀န်ထမ်းကာလတစ်လျှောက် လူနာရဲ့ အကြမ်းဖက်မှုခံရနိုင်ခြေက 80 ရာခိုင်နှုန်းတောင်ရှိနေပါသတဲ့။ ကဲ . . . ကျန်းမာရေး၀န်ထမ်း ဘ၀ကြောက်စရာ မကောင်းပေဘူးလား။

          ဆေးရုံလူနာဆောင်ထဲ မရောက်ခင် ပြင်ပလူနာဌာနလိုနေရာမျိုး၊ အရေးပေါ်ခန်းလိုနေရာမျိုးတွေမှာ အကြမ်းဖက်မှု နှုန်းကလည်းများတယ်။ 2015 ခုနှစ်၊ ဇန်နဝါရီလထဲမှာပဲ တက္ကဆပ်ပြည်နယ်၊ အယ်လ်ပါဆိုမြို့မှာ စစ်ပြန်စစ်မှုထမ်းဟောင်းတွေကို ဆေးကုပေးနေတဲ့ စိတ်ကျန်းမာရေးဆရာ၀န်တစ်ယောက် အသတ်ခံလိုက်ရသေးတယ်။ ဆေးခန်းထဲလူနာကြည့်နေတုန်းသတ်သွားတာပါ။ 2016 ခုနှစ်၊ မတ်လအတွင်း နယူးအော်လန်မှာ ဆီးလမ်းကြောင်းခွဲစိတ် ဆရာ၀န်တစ်ယောက် သူ့ဆေးခန်းထဲမှာပဲသေနတ်နဲ့ပစ်သတ်ခံရ တယ်။ ပစ်သူကသူ့ရဲ့ လူနာဟောင်းပဲ။ တရားခံက ဆရာ၀န်ကို ပစ်ပြီးပြီးချင်းမှာပဲ ကိုယ့်ကိုယ်ကို ထပ်ပစ်သတ်သွားတယ်။ ကနေဒါနဲ့ သြစတြေးလျနိုင်ငံများက ဂျီပီဆေးခန်း၊ မိသားစုဆရာ၀န် ဆေးခန်းတွေမှာ ဆရာ၀န်တွေကို စော်ကားမော်ကားပြုမှုတွေအတော်များတာကိုတွေ့ရပါတယ်။ အကြောင်းကတော့ သူ့တို့ နိုင်ငံတွေမှာ ဆေးကြောင်နေတဲ့ ဆေးသမားတွေများတယ်၊ စိတ်ပိုင်းဆိုင်ရာနာမကျန်းသူတွေများတယ်။ သူတို့ပြောချင်တာ ပြောသွားတာ ဆရာ၀န်တွေခံရတာပဲ။

          သူတို့နိုင်ငံတွေမှာက အိမ်အထိလိုက်ကြည့်ပေးတဲ့ Homecare ဆေးအဖွဲ့တွေရှိတယ်။ ဥပမာကင်ဆာလူနာလိုမျိုးကို အိမ်အထိလိုက်ကြည့်ပေးတဲ့ Hospice အဖွဲ့တွေလိုမျိုးပေါ့။ အဲဒီဆေးအဖွဲ့များရဲ့ 60 ရာခိုင်နှုန်းဟာ အကြမ်းဖက်မှုကိုပုံစံ တစ်မျိုးမျိုးနဲ့ ခံကြရတယ်လို့ဆိုပါတယ်။ အိမ်တွေမှာက လိုင်စင်နဲ့ ကိုင်ထားတဲ့ သေနတ်တွေရှိမယ်။ မွေးထားတဲ့ ခွေးတွေရှိမယ်။ မိသားစု၀င်တွေအချင်းချင်း ရန်ဖြစ်နပန်းလုံးနေတာရှိမယ်။ လာကြည့်တဲ့ ဆေးအဖွဲ့ကို ဓားပြတိုက်တာတောင်ရှိတယ်။ နောက်ဆေးအဖွဲ့ရဲ့ ကားကိုခိုးပြီး ထွက်ပြေးတာမျိုးတောင် အမေရိကမှာရှိပါသတဲ့။ လုပ်ငန်းခွင်ထဲမှာ သေဆုံးရတဲ့ အကြောင်းရင်းနံပါတ် (1)က ယာဉ်မတော်တဆဖြစ်မှုပါ။ အလုပ်ကိစ္စသွားရင်း ထိခိုက်မိတယ်ပေါ့။ အဲ . . . ဒုတိယလိုက်တဲ့ အကြောင်းရင်းကတော့ အိမ်အထိလိုက်ကြည့်တဲ့ ဆေးအဖွဲ့တွေ အသတ်ခံရတာပါတဲ့။ တစ်ယောက်၊ နှစ်ယောက်ထဲ လူနာအိမ်ကိုသွားကြည့်ရင် အသတ်ခံရနိုင်တယ်ပေါ့။

 

 

 

Credit: ဒေါက်တာလွှမ်းမိုးဟန်

Health Digest Journal

Vol: 13, No: 37, 22- 6- 2016