/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/သားဥအိမ်ကင်ဆာ-ကင်ဆာရောဂါအမေး၊-အဖြေ

သားဥအိမ်ကင်ဆာ (ကင်ဆာရောဂါအမေး၊ အဖြေ)

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

 မေး ။ ဆရာရှင့်၊ ကျွန်မအမည် မမွန်မွန်ပါ။ 2012 ခုနှစ်၊ ဒီဇင်ဘာလက ကိုယ်၀န် 6 ပတ်မြောက်အရမှာ တီဗီဓာတ်မှန်ရိုက်ကြည့်ရာက သားဥအိမ်မှာ အရည်အိတ်ရှိနေမှန်းတွေ့ပြီး အသားစယူခဲ့ရပါတယ်။ အဲဒီအသားစ  အဖြေကနေ ကျွန်မမှာ သားဥအိမ်ကင်ဆာ (Papillary Carcinoma of Ovary) ရှိနေမှန်းသိခဲ့ရပါတယ်။ ကင်ဆာ ဆရာ၀န်၊ သားဖွားမီးယပ်ဆရာ၀န်ကြီးတွေ ဆွေးနွေးပြီး ကိုယ်၀န် 34 ပတ်မှာ ကလေးကိုမွေးဖွားပြီး ကင်ဆာဆေး များသွင်းလို့ကုသခဲ့ရပါတယ်။ ကျွန်မရဲ့ သားဥအိမ်ကင်ဆာက အဆင့်(1)လို့ပြောပါတယ်။ ကျန်းမာတဲ့သမီးမိန်းကလေး ကိုမွေးဖွားခဲ့ပြီး ကျွန်မရဲ့ရောဂါအခြေအနေဟာလည်း ပျောက်ကင်း သက်သာလျက်ရှိပါတယ်။ တစ်လတစ်ကြိမ်ဆို သလို ၀မ်းဗိုက်တီဗီဓာတ်မှန်နဲ့ CA 125 အမည်ရ သွေးစစ်ချက်ကို စစ်ဆေးလျက်ရှိပါတယ်။ ကျွန်မသိချင်တာက သားဥအိမ်ကင်ဆာများရဲ့ သဘောသဘာ၀၊ ကုသပြီးဘယ်လိုလူတွေမှာ ပြန်ဖြစ်တတ်တယ်၊ ဘာတွေပြင်ဆင်ထား ရမယ်ဆိုတာကို သိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ဆရာ။

ဖြေ ။   ဟုတ်ကဲ့၊ သားဥအိမ်ကင်ဆာဟာ အမျိုးသမီးများအတွက် နံပါတ် (9)နေရာမှာရှိတဲ့ အဖြစ်များဆုံးကင်ဆာ တစ်ခုပါ။ အကြမ်းဖျင်းအားဖြင့် အသက် 70-80 အရွယ်များမှာဖြစ်တတ်ကြပြီး အသက်ရှည်မှုနှုန်းကလည်း အခြား ကင်ဆာများလို စဖြစ်ခါစမှာ ရှိတဲ့ကင်ဆာအဆင့်ပေါ်မူတည်ပြီး ပြောင်းလဲသွားတတ်တာမျိုးပါပဲ။ သားဥအိမ် ကင်ဆာ အဆင့်(1)ဆိုရင် သားဥအိမ်နေရာမှာပဲ ကင်ဆာကရှိနေမယ်။ အပြင်ကိုပေါက်မထွက်ဘူး။ အဆင့် (2)ဆို ရင် ဘေးပတ်၀န်းကျင်နေရာတချို့မှာ ပျံ့နေမယ်။ အဆင့် (3)ဆိုရင်တော့ ပတ်၀န်းကျင်က အကျိတ်တွေ၊ ၀မ်းဗိုက် ထဲက ရေဖျဉ်းအရည်တွေထဲမှာရှိနေပြီ။ အဆင့်(4)ဆိုရင်တော့ အသည်း၊ အဆုတ်စတဲ့အေ၀းနေရာတွေကို ကင်ဆာဆဲလ်တွေပျံ့နှံ့နေပြီပေါ့။

 

          မမွန်မွန်တို့လို အဆင့်(1) လူနာများရဲ့ 5 နှစ်သက်တမ်းက 90 ရာခိုင်နှုန်းအထက်မှာရှိတာဆိုတော့ လုံး၀ နီးပါးပျောက်ကင်းတယ်ဆိုနိုင်ပါတယ်။ ဒီလိုရောဂါကို စောစီးစွာတွေ့တယ်ဆိုတာဟာလည်း ကိုယ်၀န်ရသွားတာကိုပဲ ကျေးဇူးတင်ရမလိုဖြစ်နေတာပေါ့။ ကိုယ်၀န်ရှိလို့ ပုံမှန်တီဗီဓာတ်မှန်ရိုက်ရာက ရောဂါကို သိရတာကိုး။ များသောအားဖြင့် သားဥအိမ်ကင်ဆာများဟာ အဆင့်(2)၊ အဆင့် (3)လောက်မှသိကြရတာမို့ သက်တမ်း 5 နှစ် ကျော်ရှည်ဖို့ ရာခိုင်နှုန်းက နည်းတယ်ဆိုရမှာပေါ့။  အဆင့် (2)သမားတွေဆို 70 ရာခိုင်နှုန်းလောက်ပဲ 5 နှစ် သက်တမ်းရှည်နှုန်းရှိမယ်။ အဆင့် (3)သမားတွေဆို 40-50 ရာခိုင်နှုန်းလောက်ပဲရှိမယ်။ အဆင့် (4) လူနာများ ကတော့ 5 နှစ် သက်တမ်းရှည်ဖို့က 20 ရာခိုင်နှုန်းလောက်ပဲရှိမှာပါ။ သဘောက အဆင့် (4)လူနာများထဲက 100 မှာ အယောက် 20 လောက်ပဲ ကင်ဆာစဖြစ်ပြီး 5 နှစ်ကြာအထိ အသက်ရှင်နိုင်မှာပါ။

 

          သားဥအိမ်ကင်ဆာဟာ အသားစအဖြေပေါ်မူတည်ပြီး အမျိုးပေါင်း 20 ကျော်လောက်ရှိနေပါတယ်။ အသားစအဖြေများ အပေါ်မူတည်ပြီး သက်တမ်းရှည်နှုန်း၊ ရောဂါပြန်ဖြစ်နှုန်းကလည်း ကွာနိုင်ပါသေးတယ်။ အဲ… နောက်တစ်ချက်အရေးကြီးတာက သားဥအိမ်ကင်ဆာဟာ တခြားကင်ဆာများကနေ သားဥအိမ်ဆီရောက်လာပြီး ဖြစ်သွားတတ်တာမျိုးလည်းရှိပါသေးတယ်။ ဒါမျိုးကတော့ သားဥအိမ်ကဖြစ်ပွားလာတဲ့ကင်ဆာမဟုတ်ဘဲ Secondary Carcinoma ခေါ်တဲ့ တခြားကင်ဆာကနေ ပျံ့နှံ့လာတယ်လို့ပြောရမှာပေါ့။

 

          သားဥအိမ်ကင်ဆာများရဲ့ ကုထုံးက သားဥအိမ်ကို ခွဲထုတ်မယ်။ အဆင့် (2)၊ အဆင့်(3)တို့လို အကုန်ထုတ်လို့မရရင် ရသလောက်ကို ရှင်းထုတ်မယ်။ Debulking operation ခေါ်ပါတယ်။ နောက်ကနေမှ ကင်ဆာဆေးများသွင်းပြီးကုသရပါတယ်။ တချို့ကျတော့လည်း ရောဂါအဆင့်ကို သတ်မှတ်နိုင်ဖို့က သားဥအိမ်၊ သားအိမ်၊ ပတ်၀န်းကျင်ကအကျိတ်တွေအားလုံးကို ထုတ်ပစ်လိုက်ပြီးမှ တစ်ခုချင်းစီအသားစယူ စစ်ဆေးပြီး အဆင့်သတ်မှတ် တာက ပိုပြီးပြည့်စုံတယ်လို့ ဆိုကြပါတယ်။ အရေးကြီးဆုံးကတော့ စဖြစ်ခါစမှာ ပြုလုပ်တဲ့ Staging မှန်ဖို့ပါ။ အသည်းမှာရောက်နေတဲ့ ကင်ဆာကိုမတွေ့ရင်၊ အဆုတ်မှာရောက်နေတဲ့ကင်ဆာကို မတွေ့ရင် ကင်ဆာအဆင့် (4)ကိုမသိဘဲ အဆင့် (1)လို့သတ်မှတ်ပြီး  ကုသပေးရင်တော့ ကုထုံးမှား၊ အသက်ရှင်နှုန်းတွက်ချက်မှုမှားပြီး လူနာကိုလည်း မျှော်လင့်ချက်အမှားတွေပေးမိမှာ စိုးရိမ်ရပါတယ်။

 

          သားဥအိမ်ကင်ဆာအမျိုးမျိုးရှိနေပေမယ့် အသုံးပြုတဲ့ကင်ဆာဆေးများကတော့ သိပ်မများလှပါဘူး။ ကင်ဆာဖြစ်နေတဲ့ သားဥအိမ်ကို ခွဲထုတ်ပြီးတာနဲ့ သွေးထဲမှာများနေတဲ့ CA 125 အမည်ရ ဓာတ်တစ်မျိုးဟာ ထိုးကျသွားပါလိမ့်မယ်။ ကင်ဆာဆေးတစ်ကြိမ်သွားပြီးတိုင်းမှာ CA 125 ဟာ ကျသည်ထက်ကျလာမယ် ဆိုရင် ကောင်းတဲ့လက္ခဏာပါ။ CA 125 တက်နေရုံနဲ့ သားဥအိမ်ကင်ဆာဖြစ်နေပြီလို့ ပြောမရပေမယ့် ကင်ဆာရောဂါ အနေအထားလျော့ကျသွားတယ်၊ ကုသမှုကို ကောင်းကောင်းတုံ့ပြန်မှုရှိ၊ မရှိဆိုတာတွေကိုတော့ CA 125 နဲ့ ခန့်မှန်းလို့ရပါတယ်။

 

          သုတေသနပညာရှင်တချို့ကတော့ သားဥအိမ်ကင်ဆာကို ကြိုသိနိုင်ဖို့ မွေးလမ်းကြောင်းထဲကနေ တီဗီဓာတ်မှန်အသေးစားလေးထည့်ရိုက်ပြီး စစ်ဆေးတာရယ်၊ CA 125 စစ်ဆေးတာရယ်ကိုပေါင်းပြီး စမ်းသပ်ဖို့ ကြိုးစားနေကြတာရှိပါတယ်။ Screening ခေါ်တာပေါ့လေ။

 

          2004 ခုနှစ်ကနေ 2008 ခုနှစ်များအတွင်း သားဥအိမ်ကင်ဆာဖြစ်ပွားနှုန်းဟာ အသက် 20 အောက်မှာ 1 ရာခိုင်နှုန်း၊ အသက် 20 နဲ့ 34 ကြားမှာ 3.5 ရာခိုင်နှုန်း၊ အသက် 30 နဲ့ 44 ကြားမှာ 7 ရာခိုင်နှုန်းခန့်၊ အသက် 45 နဲ့ 54 ကြားမှာ 19 ရာခိုင်နှုန်းနဲ့၊ 55 နဲ့ အသက် 64 နှစ်ကြားမှာ 23 ရာခိုင်နှုန်းခန့်စီနဲ့ အသက် 60 ကျော် နောက်ပို်််င်းမှာ ပိုအဖြစ်များလာတာကို တွေ့ကြရပါတယ်။

 

          သားဥအိမ်ကင်ဆာကို ကုသမှုခံယူပြီးသူများအနေနဲ့ CA 125 ကို ပုံမှန်စစ်ဆေးတာ၊ ၀မ်းဗိုက်တီဗီဓာတ်မှန် ကို ပုံမှန်ရိုက်တာမျိုးတွေပြုလုပ်ဖို့ လိုအပ်ပါတယ်။ ကင်ဆာပြန်ကြွလာတဲ့ လူနာများအနေနဲ့လည်း ၀မ်းဗိုက်ထဲကို ကင်ဆာဆေးတွေ ထိုးသွင်းတာ၊ ပြန်ဖြစ်တဲ့နေရာကို ခွဲစိတ်ကုသပြီးအကျိတ်တွေကို ဖယ်ထုတ်တာ၊ ကင်ဆာဆေးတွေကို သွေးကြောထဲကနေတစ်ဆင့် ပြန်ထိုးတာစသဖြင့် အမျိုးမျိုးအဖုံဖုံသော နည်းလမ်းများဖြင့် ကုသလို့ရနိုင်သေးတာမို့ ပတ်၀န်းကျင်က သားဥအိမ်ကင်ဆာလူနာများကိုလည်း အားပေးပေးပါလို့ ပြန်လည်ဖြေကြားလိုက်ရပါတယ်ခင်ဗျား။

 

 

Credit; ဒေါက်တာလွှမ်းမိုးဟန်

Health Digest Jouranl