/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/သွားကျဉ်ခြင်းေ၀ဒနာ-ထပ်ပြီး-မခံစားရအောင်

သွားကျဉ်ခြင်းေ၀ဒနာ ထပ်ပြီး မခံစားရအောင်

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဦးမိုးေ၀မြင့်

       သွားမကျဉ်ဘူးတဲ့ လူတော့ရှိမယ်မထင်ပါဘူး။ အများစုကတော့ ဖြစ်လိုက်ပျောက်လိုက် ပါပဲ။ ပြန်ဖြစ်မှာကိုလည်း လူတိုင်းကြောက်ပါတယ်။ အစားအသောက်ပျက်၊ ဘယ်အချိန်ထဖြစ်မလဲဆိုပြီးလည်း လန့်ရပါသေးတယ်။ သွားကိုက်ရင်သာ ခဏတစ်ဖြုတ်၊ ေ၀ဒနာသက်သာသွားဖို့ အရေး သောက်ရမယ့်ဆေး ရှိတာပါ။ သွားကျဉ် ရင်တော့သောက်ရမယ့်ဆေးမရှိပါဘူး။ သွားတွေကိုကြည့်ပြန်ရင်လည်း ထူးထူးခြားခြား မြင်ရတာဘာမှ သိပ်မရှိဆိုတော့ သွားဆရာ၀န်နဲ့ပြဖို့ကိုလည်း ပျင်းရိနေတတ်ကြပါတယ်။ အခြေအနေဆိုးရင်တော့ ရောင်လာလေ့ ရှိပါတယ်။ အခြေအနေမဆိုးခင်အထိတော့ ရေနွေးလေး ငုံ၊ ဟိုဟာလုပ်၊ ဒီဟာလုပ်နဲ့ လုပ်ကြည့်ကြတဲ့သူတွေများ ပါတယ်။ အချို့ကတော့ အလိုလိုနေရင်း ပြန်ပျောက် သွားကြသလို နည်းနည်းလေးနဲ့ ဆက်တိုက်ဖြစ်နေတဲ့ သူတွေလည်း ရှိပါတယ်။ ေ၀ဒနာပြန်ပျောက်သွားတဲ့ သူတွေမှာ ပြန်ဖြစ်လာဖို့က အချိန်မရွေးဘဲဆိုတာကိုလည်း သိကြပါတယ်။ သွားကျဉ်ခြင်းကို ထပ်မံမခံစားချင်သူတွေအတွက် နည်းလမ်းကောင်းလေးတွေရှိပါတယ်။

      သွားကျဉ်ခြင်းက သွားရဲ့ ဒုတိယအလွှာဖြစ်တဲ့ ဆင်စွယ်လွှာ (Dentine) နဲ့ ပြင်ပက အပူအအေးတွေ တိုက်ရိုက် ထိတွေ့နေခြင်းကြောင့်ဖြစ်ရတာပါ။ ဆယ်စွယ်လွှာကို မြင်ရတဲ့သွားရဲ့ ခေါင်းပိုင်း (Crown Portion) မှာဆိုရင် ကြွေလွှာ (Enamel) နဲ့ ဖုံးအုပ်ထားသလို အမြစ်ပိုင်း (Root Portion) မှာဆိုရင်လည်း သွားဖုံးသား၊ သွားဖုံးရိုးနဲ့ သွားအမြစ်ကို ဖုံးပေးထားတဲ့ အလွှာပါးပါးလေးနဲ့ ကာကွယ်ပေးထား ပါတယ်။ ကြွေလွှာပါးလွှာခြင်း၊ သွားဖုံးယားနဲ့ သွားဖုံးရိုး ပျက်စီးခြင်းတွေကြောင့် သွားကျဉ်လာပါတယ်။

       ကြွေအလွှာက အချဉ်ဓာတ်တွေကြောင့် အတိုင်းအတာတစ်ခုအထိ နူးအိပျက်စီးသွားနိုင်တဲ့အတွက် သွားကျဉ်တဲ့ ေ၀ဒနာခံစားဖူးသူတွေအတွက်တော့ သတိထားပြီး စားသုံးစေချင်ပါတယ်။ သွားကပဲ့ရာလေးတွေ ရှိနေရင်လည်း ပြန်ပြီးကျဉ်လာတတ်ပါသေးတယ်။ ဖလိုရိုက်ပါတဲ့သွားတိုက်ဆေး ဒါမှမဟုတ်လည်း သွားကျဉ်တာပျောက်တဲ့ သွားတိုက်ဆေးနဲ့ ပုံမှန်တိုက်ပေးပါ။ သွားတိုက်ရာမှာ စနစ်မှန် သွားတိုက်နည်းနဲ့မှ အဆင်ပြေပါမယ်။ သွားဖုံးသားတွေ ပျက်စီးပြီး သွားရဲ့အမြစ်တွေ ပေါ်လာခြင်းက သွားတိုက်နည်းစနစ် မမှန်တာတွေကြောင့်ဖြစ်ရတာပါ။ သွားတိုက်တံကို အမွေးကြမ်းကြမ်းသုံးရင် ပိုဆိုးပါတယ်။ သွားတိုက်ဆေး ရွေးချယ်မှုမှားယွင်းရင်လည်း သွားပြန်ကျဉ်လာနိုင်ပါတယ်။ သွားကိုဖြူဖွေးစေတဲ့ သွားတိုက်ဆေး (Whitening Toothpaste) တွေက သွားကျဉ်တဲ့ပြဿနာကို တစ်ဖန်ပြန်ဖြစ်စေနိုင်တဲ့အတွက် သွားကျဉ်ဖူးသူတွေရှောင်ကျဉ်ရပါလိမ့်မယ်။

       သွားတွေ မညီညာလို့ သွားညှိကုတဲ့နည်းနဲ့ စတီးကြိုးတွေ သွားမှာတပ်ထားတဲ့သူတွေမှာလည်း သွားကျဉ်တတ်ပေမယ့် ခဏတာသာဖြစ်ပါတယ်။ သွားပိုးစားနေတဲ့ သွားတစ်ချောင်းကလည်း သွားကျဉ်တတ်ပါတယ်။ အံသွားတွေရဲ့ ဝါးတဲ့စားတဲ့မျက်နှာပြင်မှာ ဝါကျင့်ကျင့်အရောင်ဖြစ်နေပြီဆိုရင်တော့ သွားကျဉ်နိုင်ပါ တယ်။ ကြွေလွှာပါးလာတဲ့အတွက် ဒုတိယအလွှာဖြစ်တဲ့ ဆယ်စွယ်လွှာပေါ်လာခြင်းဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေမှာတော့ သွားကျဉ်လိုက် ပြန်ပျောက်လိုက်နဲ့ ရှိတတ်ပါတယ်။ သွားပိုးစားရင်တော့ သွားဆရာ၀န်နဲ့ပြပြီး သွားပြန်ဖာရပါလိမ့်မယ်။ ဝါးတဲ့စားတဲ့ဒဏ်ကြောင့် ကြွေလွှာပါးတာကိုတော့ ဖရိုရိုဒ်ပါတဲ့ သွားတိုက်ဆေးကို ခပ်ပါးပါးလေး သွားပေါ်မှာ တင်ပေးလို့ရပါတယ်။ ကျဉ်လိုက် ပျောက်လိုက်နဲ့ တဖြည်းဖြည်းပိုဆိုးလာရင်တော့ ဆရာ၀န်နဲ့ပြရပါမယ်။ သွားရဲ့အမြစ်ပေါ်ပြီး အဲဒီအမြစ်မှာပါ သွားပိုးစားနေတဲ့သူတွေကတော့ ပိုဆိုးပါတယ်။ ေ၀ဒနာကို ပိုခံစားရမှာဖြစ်ပြီး သွားကနုတ်ပစ်ရဖို့ အခွင့်အလမ်းပို များသွားပါတယ်။ သွားရဲ့ ကြွေလွှာတွေပါးလာပြီး သွားကျဉ်တတ်သူတွေအနေနဲ့ ကြွေလွှာတွေ ထပ်ပြီး ပြုန်းတီးမှုမရှိအောင် အပေါ်ကနေ အမိုးအကာအနေနဲ့ အစွပ် (Crown) စွပ်ပေးလို့ရပါတယ်။ အရမ်းဆိုးတဲ့ အခြေအနေမျိုးမှာတော့ သွားကြောထုတ်ကုသနည်း (Root Cannal Treatment) နဲ့ ကုသပြီး အစွပ်ပြန်စွပ်ပေးရပါလိမ့်မယ်။

       သွားကျဉ်ခြင်းက ဖြစ်ခါစအချိန်မှာ စောစီးစွာကုသမှုခံယူလိုက်ရင် လွယ်လွယ်ကူကူပျောက်ကင်း သွားလေ့ရှိပါတယ်။ ခက်တာက လူတွေက ဆိုးရွားတဲ့အချိန်မှ လာရောက်လေ့ရှိတော့ ကုသမှုအဆင့်ဆင့် ကလည်း ရှုပ်ထွေးကုန်ပြီး စရိတ်စကပါများကုန်ပါတယ်။ ဖြစ်ခါစအချိန်မှာ ဖရိုရိုက်ပါတဲ့ ကုသမှုတွေပေးရုံ နဲ့ ပျောက်ကင်းစေနိုင်တဲ့ အတွက်အပ်နဲ့ ထွင်းရမယ့်ကိစ္စကို ပေါက်ဆိန်နဲ့မဖြေရှင်းစေချင်ပါဘူး။

       အချုပ်အနေနဲ့ သွားကျဉ်ဖူးတဲ့သူတွေက နောက်ထပ်သွားကျဉ်တဲ့ေ၀ဒနာထပ်မခံစားရအောင် စနစ်မှန်သွားတိုက်နည်း၊ ဖရိုရိုက်ပါတဲ့ သွားတိုက်ဆေးတွေနဲ့ သွားတိုက်ရမှာဖြစ်သလို အချဉ်ဓာတ်ပြင်းတဲ့ အစားအသောက်တွေကိုလည်း ရှောင်ကျဉ်ရပါမယ်။ သွားပိုးစားနေတာ၊ သွားဖုံးရောင်တာ၊ သွားချေးကျောက်တွေ ရှိနေရင်သွားဆရာ၀န်နဲ့ ပြသပေးရပါမယ်။ သွားပဲ့နေရင် သွားရဲ့ စားတဲ့ဝါးတဲ့မျက်နှာပြင်မှာ ဝါကျင့်ကျင့်အရောင် ရှိနေရင်လည်း ပြသပေးဖို့လိုအပ်ပါတယ်။

 

 

 Credit; ဒေါက်တာမိုးေ၀မြင့်

Health Digest Journal (February 3, 2016)

အတွဲ (၁၃)၊ အမှတ် (၁၉)

www.drmyanmar.com