/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/သွေးလွန်တုပ်ကွေးလား၊-သွေးမလွန်တုပ်ကွေးလား

သွေးလွန်တုပ်ကွေးလား၊ သွေးမလွန်တုပ်ကွေးလား

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဦးအောင်ခင်ဆင့်

        ကျွန်တော်သည် ၁၉၇၅ ခုနှစ်တွင် WHO ကမ်ဘာ့ကျန်းမာရေးအဖွဲ့၏ ပညာတော်သင်အဖြစ် ရွေးချယ်ခံခဲ့ရ ပါသည်။ အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာတက္ကသိုလ် (University of Manchester) သို့ ပညာတော်သင် ၂ နှစ်ကြာမျှ သွားရောက်ခဲ့ပါသည်။

 

ထူးခြားသော သင်ကြားမှုတစ်ခု

        မန်ချက်စတာတက္ကသိုလ်တွင် ၃-၄ လမျှ သင်တန်းတက်ပြီးအကြာတွင် သင်ကြားပို့ချနေသော ပါမောက္ခ ဆရာ၀န်ကြီးတစ်ဦး၏ သင်ကြားချက်ခေါင်းစဉ်ကို ကျွန်တော် တအံ့တသြထူးဆန်းစွာဖတ်လိုက်ရသည်။ သင်ကြားချက်ကို နားထောင်လိုက်ရသည့်အခါ အံ့အားသင့်သော သင်ကြားချက်ဖြစ်နေပါသည်။

          သင်ကြားမှု၏ ခေါင်းစဉ်မှာ Non-hemorrhagic Dengue Fever (သွေးမလွန်တုပ်ကွေးရောဂါ) ဟု အဓိပ္ပာယ်ရပါသည်။

 

သွေးမလွန်တုပ်ကွေး နာမည်ဆန်း

        ကျွန်တော်ခေါင်းစဉ်ကို ထပ်ခါထပ်ခါ သွေးမလွန်တုပ်ကွေး၊ သွေးမလွန်တုပ်ကွေးဟု အံ့သြစွာ ဖတ်နေမိပြန်ပါသည်။

          ပါမောက္ခဆရာ၀န်ကြီး၏ သင်ကြားမှုကို တိတိကျကျပြောရမည်ဆိုပါက ASEAN အရှေ့တောင် အာရှဒေသဆိုင်ရာ နိုင်ငံများဖြစ်သော မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား အစရှိသော ၁၀ နိုင်ငံ တို့တွင် သွေးလွန်တုပ်ကွေးဟု အမည်ရှိပါသောရောဂါဖြင့် ကလေးသူငယ်များ၊ သေကြေပျက်စီးဆုံးရှုံးကြသည်မှာ လွန်စွာများပြားလှပါ၍ ဤကာလတွင် ရောဂါကို ကယ်တင်ကုသကာကွယ်သည့် သဘောဖြင့် သုတေသန တစ်ခုပြုလုပ်ရန် WHO နှင့်အရှေ့တောင်အာရှနိုင်ငံတို့မှ ဆုံးဖြတ်ကြပါသည်။

 

နိုင်ငံတကာ သုတေသနလုပ်မည်

        ဤသွေးလွန်တုပ်ကွေးရောဂါသည် ဘာကြောင့်ဖြစ်သည်၊ ဘယ်လိုဖြစ်သည်၊ သွေးများဘယ်လိုပျက်စီးကြ၊ ဘာကြောင့်သွေးသွင်းကုရသည် စသည့်အချက်တို့ကို သိရှိရန်အတွက် နိုင်ငံတကာ စုပေါင်း၍ သုတေသနတစ်ခု အရေးတကြီး လျင်မြန်စွာပြုလုပ်ရန် ကမ်ဘာ့ကျန်းမာရေးအဖွဲ့မှ ဆုံးဖြတ်လိုက်ပါသည်။ သုတေသနပြုလုပ်ရန် ရုံးစိုက်မည့်နေရာမှာ ထိုင်းနိုင်ငံဖြစ်ပါသည်။

 

အသည်း၊ နှလုံး သွေးရည်ကြည်

        ဤသွေးလွန်တုပ်ကွေးရောဂါကို သုတေသနပြုလုပ်ရန်အတွက် အရှေ့တောင်အာရှဒေသများရှိ နိုင်ငံတို့ မှ သွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံးကြသည့် ကလေးများ၏ အသည်း၊ နှလုံး၊ သွေးရည်ကြည်၊ အသားစ စသည်တို့ကို ထိုင်းနိုင်ငံ WHO သုတေသနဌာနသို့ပေးပို့ပြီး ရောဂါသုတေသနပြုလုပ်လိုက်ကြပါသည်။ သုတေသနကို ၁ လ မကြာ မြန်နိုင်သမျှ မြန်မြန် သုတေသနပြုလုပ်လိုက်ရာ အရေးကြီးဆုံး တွေ့ရှိသောအချက်အလက်တို့မှာ -

(1)   ကလေးများ၏ သွေးနီဥအခြေအနေမှာ ရောဂါမရှိ မပျက်မစီးသွေးနီဥကျန်းမာကြောင်း သိလိုက်ရပါသည်။

(2)   သွေးနီဥကို ကာထားသည့် သွေးရည်ကြည် (Plasma) အိတ်ပေါက်ပြဲပျက်စီးနေကြောင်းတွေ့ရှိရသည်။

(3) သွေးနီဥမပျက်စီး၊ အရေအတွက် လျော့မကျပါဘဲ ကလေးေ၀ဒနာရှင်တို့ထံ သွေး (သွေးနီဥများ) သွင်းနေခြင်း သည်သာ မလိုအပ်ဘဲ မှားယွင်းသော သွေးသွင်းကုသမှုဖြစ်နေကြောင်း၊

(4)   မလိုအပ်ဘဲ မှားယွင်းသွေးသွင်းကုသမှုကြောင့် (Over Loading of RBC to the Heart) နှလုံးမနိုင် နှလုံးပန်း ရောဂါကြောင့် ကလေးသေပျောက်မှုနှုန်းများပြားခဲ့ခြင်းဖြစ်ပါသည်။ ၁၉၇၀ ပြည့်နှစ်ကျော်ကာလက ဖြစ်ပါသည်။

(5) ကမ်ဘာ့ကျန်းမာရေးအဖွဲ့၏ သုတေသနတွေ့ရှိချက်အရ မှားယွင်းသွေးသွင်းကုသမှုရပ်ဆိုင်းလိုက်ပြီး (Plasma) သွေးရည်ကြည်ကိုသာလိုအပ်ပါက ကလေးေ၀ဒနာရှင်တို့ အားသွင်းပေးရန်ကမ်ဘာ့ကျန်းမာရေးအဖွဲ့မှ ဆုံးဖြတ် ချက်ချလိုက်ပါသည်။

(6)   ဤသို့သော သွေးမသွင်းဘဲ (Plasma) သွေးရည်ကြည်ကိုသာ ေ၀ဒနာရှင်ကလေးတို့ကိုပေးသွင်းကုသမှုပြုရန် ဆုံးဖြတ်ချက်အရကုသမှုအသစ်၊ နည်းအသစ်ဖြင့် ကလေးသေဆုံးမှု လွန်စွာနည်းပါးသွားကြောင်း၊

(7)   သွေးလွန်တုပ်ကွေးရောဂါသည် ကလေးတို့ကို သွေးကျန်းမာနေပါ၍ သွေးသွင်းမကုသဘဲ (Plasma)သာ သွင်းပေးသည့် ကုထုံးဖြင့် ကုသပေးလိုက်ရာ ကလေးသေပျောက်မှုနှုန်း သိသိသာသာ ကျဆင်းသွားကြောင်း၊

(8)   ကလေးတို့ သွေးလွန်တုပ်ကွေးရောဂါဖြင့်သေဆုံးမှု သိသိသာသာကြီး ကျဆင်းသွားပါ၍ မန်ချက်စတာတက္ကသိုလ်မှ ပါမောက္ခဆရာ၀န်ကြီးက သွေးလွန်တုပ်ကွေးဆိုသော နာမည်အစားသွေးမလွန်တုပ်ကွေး Non-hemorrhagic Dengue Fever ဟု ကျွန်တော်တို့ကို သင်ကြားပို့ချပေးပါသည်။

(9)   တက္ကသိုလ်သင်ကြားမှုအရ သွေးမလွန်တုပ်ကွေးရောဂါဟု ကျွန်တော်နာမည်တစ်မျိုး သိလိုက်ရပြီဖြစ်ပါ၍ သွေးမလွန်တုပ်ကွေးဟု နာမည်ပြောင်းသင့်ကြောင်း ကျွန်တော်ဆောင်းပါးရေး၍ မြန်မာနိုင်ငံသို့ မန်ချက်စတာမှ ပို့သခဲ့ရာ သက်ဆိုင်ရာ သွေးလွန်တုပ်ကွေးဌာန မြန်မာပြည်မှ ဆရာ၀န်ကြီးအောင်ခင်ဆင့် ပြောတဲ့ သွေးမလွန်တုပ်ကွေး ဆိုသည်မှာ မှန်ကန်သော ပြောကြားချက် ဖြစ်ပါသည်။ မြန်မာနိုင်ငံအစိုးရ ကျန်းမာရေး၀န်ကြီးဌာနကလည်း ကုထုံးသစ်တို့ဖြင့် ဤရောဂါကိုကုသနေပြီဖြစ်ကြောင်း မောင်အောင်ခင်ဆင့် သိသင့်ပါပြီ။ ကုထုံးသစ်ကုနည်းတို့ကိုလည်း သင်ကြားပို့ချနေပြီကုသနေပါ၍ ကလေးသေပျောက်မှုနှုန်းထားလည်း သိသိသာသာကျဆင်း သွားပါ၍ ပြည်သူအများ ၀မ်းသာနေကြပြီဖြစ်ကြောင်း မြန်မာပြည်ဆရာ၀န်ကြီးမှ ကျွန်တော်သိရလေအောင် ဤခေတ်အခါ ၁၉၇၅ ခုနှစ်က အကြောင်းကြားခဲ့ဖူးပါသည်။ နိုင်ငံပေါင်းစုံဖြင့် ဆက်ဆံနေရပါ၍ အများဆုံး၏ဆုံးဖြတ်ချက်မကျပါက နာမည် ပြောင်းခြင်းသည် ဤတစ်နိုင်ငံတည်း အနေဖြင့်မရကြောင်း ပြန်ကြားစာ ကျွန်တော်ရလိုက်ပါ၍ နာမည်ပြောင်းခြင်း ကိစ္စမအောင်ခြင်ကြောင်း ကျွန်တော်သိလိုက်ရပါသည်။

       အမှန်တော့ မန်ချက်စတာတက္ကသိုလ်မှ ပါမောက္ခ ဆရာ၀န်ကြီး၏ သင်ကြားချက်မှာ အမှန်အဖြစ်အပျက်၊ WHO သုတေသနအတွေ့အကြုံဖြင့် တင်ပြခြင်းဖြစ်ကြောင်း ကျွန်တော်သိလိုက်ရပါသည်။

       ယခုသွေးလွန်တုပ်ကွေး နာမည်မပြောင်းသော်လည်း အရှေ့တောင်အာရှ ၁၀ နိုင်ငံလုံး ကုထုံးသစ်ဖြစ်သော သွေးမသွင်းပါဘဲ (Plasma) သွေးရည်ကြည်သွင်းကုထုံးဖြင့် ကလေးေ၀ဒနာရှင် များ သေပျောက်နှုန်းကျဆင်းပြီး (Plasma) ဆေးရည်နည်းဖြင့် အသက်ကယ်နေပြီ ဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေး ဆိုသော်ငြားလည်း အမှန်မှာတော့ သွေးမလွန်ကြောင်း၊ ကုထုံးသစ်ပြောင်းသွားသောကြောင့် အရှေ့တောင်အာရှ တစ်ခုလုံး သွေးမလွန်ကြတော့ကြောင်း၊ ကျွန်တော့်သုတေသနတွေ့ရှိချက်အမှန်နှင့် သွေးသွင်း မကုသသောကြောင့် နှလုံးပန်းရောဂါ (Over Loading of RBC to the Heart) ဖြင့် ကလေးတို့ မသေကြတော့ကြောင်း။

 

Plasma ရရန် သွေးလိုသေးကြောင်း

      ဤရောဂါဖြစ်သူ ကလေးသူငယ်ေ၀ဒနာရှင်တို့ကို ကုသရာ၌ လိုအပ်ပါက (Plasma) သွေးရည်ကြည်သွင်းကုသနိုင်ရန်အတွက် သွေးလှူဘဏ်၊ သွေးလှူရှင်တို့ထံမှ သွေးရယူပြီး သွေးမှ (Plasma) ထုတ်ယူရသေးပါကြောင်း။ သွေးနီဥကို အခြားလူနာများသို့ လှူဒါန်းလို့ရပါကြောင်း။ ေ၀ဒနာရှင်ကလေး၏ မိခင်၊ ဖခင်တို့သိရှိရန် ကျွန်တော်စေတနာ ရှေ့ထား၍ လိုအပ်သမျှဗဟုသုတရစေရန် ရေးသားတင်ပြလိုက်ရပါတယ်။

 

ယခုခေတ် ဒိန်ဂီးအဖျားရောဂါ

      ယခု (Dengue Fever) ကြောင့် ကိုယ်အပူချိန်တက်၊ ကိုက်ခဲနာကျင်ေ၀ဒနာရှင် ဦးရေများစွာ ပေါ်ပေါက်နေပါသော်လည်း သွေးမသွင်းသည့် ကုထုံးသစ်ကြောင့် ကလေးသေပျောက်မှုနှုန်းထားမှာ ၄/၅/၆ ယောက်မျှသာ ရှိပါ၍ WHO ၏ အောင်မြင်သော သုတေသနစမ်းသပ်ကုထုံးသစ် ၁၉၇၅ ခုနှစ် ကို ကျေးဇူးတင်သင့်ပါကြောင်း ကျွန်တော်မှတ်တမ်းပြုတင်ပြလိုက်ရပါသည်။

Credit: ဒေါက်တာ အောင်ခင်ဆင့်

Health Digest (Vol: 12, No: 42, Pg: 4)

www.drmyanmar.com