/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/မျက်စိကို-ဘယ်လိုဂရုစိုက်ကြမလဲ

မျက်စိကို ဘယ်လိုဂရုစိုက်ကြမလဲ

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဦးကံညွန့် (ပါမောက္ခ)

        ကျွန်တော့်ထံ တပည့်ဆရာ၀န်တစ်ဦးက သူ့သမီးကလေး၏မျက်စိ လာပြပါသည်။ သူ့သမီးလေးမှာ (၉) တန်းကျောင်းသူဖြစ်ကြောင်း၊ စာဖတ်ပြီးလျှင် မျက်စိကို ခဏခဏပွတ်နေကြောင်း၊ မျက်စိတစ်ဖက်၊ ခေါင်းတစ်ခြမ်းကလည်း ခဏခဏကိုက်၍ စာကြာကြာ မဖတ်နိုင်ကြောင်း၊ နောင်နှစ် (၁၀) တန်းဆိုလျှင်ပိုဖတ်ရတော့မှာကြောင့် မျက်စိလာပြရကြောင်း ပြောပြပါသည်။

          “ယခင်က မျက်စိဆရာ၀န်နှင့်ပြဖူးသလား” ဟုမေးကြည့်ရာ တစ်ခါမှ မပြဖူးကြောင်းပြောပါသည်။ သို့နှင့် ပထမဦးစွာ အမြင်စွမ်းအား စမ်းကြည့်ရာ မျက်စိနှစ်ဖက်မှာ တစ်ဖက်နှင့်တစ်ဖက် အမြင်များမတူဘဲ တစ်ဖက်သည် အပေါ်ဆုံး စာကြောင်းသာမြင်ရပြီး နောက်တစ်ဖက်မှာ အောက်ဆုံးအကြောင်း အပေါ်ထိသာမြင်ရပါသည်။ သို့နှင့် ရောဂါတစ်ခုခု ရှိ၊ မရှိ စမ်းသပ်ပြီး (Pin Hole) ခေါ် ပင်အပ်ခေါင်းအရွယ် အပေါက်ကလေးမှ အမြင်စွမ်းအား Chart အား ကြည့်ခိုင်းလိုက်ရာ ယခင်အပေါ်ဆုံးသာ မြင်ရသောဘက်မှ လေးကြောင်းခန့် မြင်လာပြီး နောက်တစ်ဖက် ကမူ အောက်ဆုံးကြောင်းထိ မြင်လာနိုင်တော့သည်။

          သို့နှင့် မျက်မှန်စမ်းကြည့်လိုက်ရာ မျက်စိနှစ်ဖက်စလုံးမှာ အေ၀းမှုန်မျက်မှန် တပ်ရမည့်သူဖြစ်ပြီး တိုင်း၍ရ သောမျက်မှန်ကို တပ်လိုက်သောအခါ တစ်ဖက်က အောက်ဆုံးအကြောင်းထိ မြင်ရသော်လည်း ယခင်အပေါ်ဆုံးစာ ကြောင်းသာမြင်ရသည့်ဘက်ကမူ မျက်မှန်တပ်ဆင်သော်လည်း လေးကြောင်းထက် ပိုမမြင်နိုင်တော့သည်ကို တွေ့ရပါသည်။

          ဖခင်ဆရာ၀န်ကို ထိုသို့ဖြစ်ရခြင်းမှာ ငယ်စဉ်ကပင် မျက်မှန်တပ်ရန်လိုကြောင်း၊ နည်းဆုံး ခုနစ်နှစ်အရွယ် လောက်ကစ၍ မျက်မှန်မတပ်လိုက်ရသဖြင့် ထိုသို့ဖြစ်ရကြောင်း၊ သမီးလေးမှာ တစ်ဖက်မျက်စိက အကောင်းဆုံးနီးပါး ဖြစ်သဖြင့် တစ်ချိန်လုံးယင်းမျက်စိကိုသာ အသုံးပြုပြီး ကျန်မျက်စိတစ်ဖက်ကို အသုံးမပြုတော့ကြောင်း၊ ထို့ကြောင့် မျက်စိသည် မျက်မှန်ဘယ်လောက်ပင် တပ်တပ် အမြင်အာရုံပကတိပြန် မကောင်းနိုင်တော့ကြောင်း၊ ယင်းကို မျက်ကြောသေရောဂါ (Amblyopia) ဟု ခေါ်ကြောင်း၊ သမီးလေးမှာ ကောင်းသည့်မျက်စိတစ်ဖက်ကိုသာ အသုံးပြုနေပြီး တစ်ဖက်ကလည်း မျက်မှန်ပါဝါအနည်းငယ် လိုလာသဖြင့် ကြာကြာအာရုံစိုက်ရပြီး စာဖတ်လိုက်သောအခါ မျက်စိကိုက်ခြင်း၊ ယားခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်ထိုးခြင်းတို့ ဖြစ်ပေါ်ကြောင်းရှင်းပြရတော့သည်။

          ကျန်းမာရေး၀န်ထမ်းတစ်ဦးဖြစ်သည့် ဆရာ၀န်တစ်ဦးကပင် ကိုယ့်ကလေးကို မျက်စိစမ်းရန် သတိမထားဘဲ အမှုမဲ့အမှတ်မဲ့နေလိုက်မိလျှင် ကျန်တဲ့လူတွေမှာ ပိုဆိုးမှာပဲဟု တွေးမိပြီး မျက်စိကိုဘယ်လို ဂရုစိုက်ရမလဲ၊ သတိထားလိုသူများ သတိထားနိုင်အောင် ဤဆောင်းပါးကို ရေးလိုက်ရပါသည်။

          အမှန်တော့ ကိုယ့်ကလေးမျက်စိကို ဂရုမစိုက်ဘဲ ဘယ်သူနေချင်ပါ့မလဲ၊ အလုပ်အကိုင်အခြေအနေ အရပ်ရပ်၊ အကြောင်းကြောင်းကြောင့်သာ ဂရုမစိုက်ဘဲ နေကြရတာဖြစ်ပါသည်။ တချို့ကလည်း ဂရုစိုက်ချင်ပေမဲ့ ဘယ်လိုဂရုစိုက်ရမလဲ မသိတာကြောင့်ဖြစ်ပါသည်။ ယခုကျွန်တော့်ဆောင်းပါးတွင် ကလေးအရွယ်နှင့် လူကြီးပိုင်းဂရုစိုက်ရမည့် အချက်များကို နှစ်ပိုင်းခွဲတင်ပြပါမည်။

          ကလေးအရွယ်တွင် မွေးစကလေးအားမွေးပြီး ရက်ပိုင်းအတွင်းမှာပင် မျက်စိကို စစ်ဆေးကြည့်ရန် လိုပါသည်။ ယင်းမှာ ဆေးရုံဆေးပေးခန်းများ၊ ရပ်ကွက်သားဖွားဆရာမများနှင့် မွေးသူတို့က ကြည့်ရှုပေးပြီးဖြစ်ပါသည်။ အရပ် လက်သည်နှင့် မွေးသူတို့က သင့်တော်သောဆရာ၀န်၊ ဆရာမတစ်ဦးနှင့် ပြသင့်ပါတယ်။ ကလေးခြောက်လအရွယ် တွင်မျက်စိသည် လိုက်ကြည့်တတ်ပြီး တစ်နှစ်ခန့်တွင် မျက်စိသည် ပုံမှန်ဖြစ်နေပါသည်။ မျက်စိသည် အတွင်းစွေခြင်း၊ အပြင်စွေခြင်း၊ မျက်စိသူငယ်အိမ်တွင် အဖြူစက်ပေါ်လာခြင်းတို့ တစ်ခါတစ်ခါ မျက်တောင်မွေးအထဲ၀င်၍ မျက်၀တ်ထွက်၊ မျက်ရည်ထွက်ခြင်း ရှိတတ်ပါတယ်။ ထိုအချိန်တွင် မျက်စိဆရာ၀န်နှင့် ပြသင့်ပါသည်။ ထိုသို့ မဟုတ်ပါက ပြစရာမလိုပါ။

          ထို့နောက် ကလေးလေးနှစ်၊ ငါးနှစ်အရွယ်တွင် အမြင်အာရုံနှင့် အမြင်စွမ်းအားစမ်းခြင်းကို မျက်စိ ဆရာ၀န်နှင့် ပြသင့်ပါသည်။ မျက်စိဆရာ၀န်နှင့် ေ၀းကွာသည့် ကလေးများအတွက်အမြင်စွမ်းအား စမ်းခြင်းကို ကျောင်းကျန်းမာရေး ဆရာ၀န်များ၊ ဆရာမများက ပြုလုပ်ပြီး အမြင်စွမ်းအားနည်းနေကြောင်း တွေ့ရှိမှသာ မျက်စိဆရာ၀န်ထံပြသသင့်ပါသည်။ ယင်းအချိန်တွင် မျက်မှန်လို၍ မျက်စိမှုန်ခြင်း၊ မျက်စိနီခြင်း၊ ကိုက်ခြင်း ရုတ်တရက် မှုန်သွားခြင်းဖြစ်ပါကလည်း မျက်စိဆရာ၀န်ထံ ချက်ချင်းပြသင့်ပါသည်။ မျက်စိမှုန်ခြင်းအပြင် မျက်စိစွေစောင်းရောဂါကိုလည်း စမ်းသပ်နိုင်ပြီး ရှိနေပါက ကုသမှုကို ယင်းအရွယ်ကပင် ခံယူသင့်ပါသည်။ ယင်းသို့ ခံယူမှသာ ကျွန်တော်၏ တပည့်ဆရာ၀န်၏ သမီးလေးကဲ့သို့ (Amblyopia) ဖြစ်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ပါသည်။ ထို့ပြင် ထိခိုက်ဒဏ်ရာရခြင်းသည် ကလေးအရွယ်၌ အဖြစ်များတတ်သဖြင့် ကလေးများအား ချွန်ထက်သော အရာများဖြင့် ဆော့ကစားခြင်းမပြုရန်ကိုလည်း မိဘဆရာများက သတိထားသင့်ပါတယ်။

          အစားအသောက်အနေဖြင့် ကလေးအရွယ်ကပင် နေ့စဉ် နွားနို့တိုက်ခြင်း၊ ပဲပြုတ်၊ ကြက်ဥ ကျေွးခြင်း၊ ရွှေဖရုံသီး၊ ကန်စွန်းဥ တို့ကဲ့သို့ ဝါသောအသီးအနှံများကျေွးခြင်းတို့ နေ့စဉ်မဟုတ်ပေမဲ့ တစ်ပတ်နှစ်ခါလောက် အနည်းဆုံး ကျေွးသင့်ပါသည်။ သာမန်ကလေးတိုင်းကို ၅ နှစ်၊ ၇ နှစ်၊ ၁၀ နှစ်၊ ၁၅ နှစ် အရွယ်တို့တွင် မျက်စိဆရာ၀န်နှင့်ပြနိုင်ပါက ပိုကောင်းပါသည်။ သို့သော် မိခင်၊ ဖခင် တစ်ဦးဦး၌ အေ၀းမှုန်၊ အနီးမှုန်ရောဂါရှိခြင်း (ငယ်စဉ်ကပင် မျက်မှန်တပ်ရခြင်း)၊ ညမမြင်ရောဂါရှိခြင်း၊ ကလေး၏ မောင်နှမမွေးချင်းထဲတွင် မျက်စိကင်ဆာရောဂါရှိခဲ့ဖူးခြင်းများရှိလျှင် နှစ်နှစ်တစ်ကြိမ် ပုံမှန်စမ်းသပ်သင့်ပါသည်။

          နောက်သတိထားရန်အချက်မှာ ကလေးသည် မျက်တောင်ခဏခဏခတ်ခြင်း၊ မျက်စိယားခြင်း၊ မျက်စိနီခြင်း၊ မျက်ရည်ပူကျခြင်း၊ စာဖတ်လျှင် အိပ်ငိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ တီဗီကြည့်လျှင် အနီးကပ်ကြည့်ခြင်း စသည်တို့ ဖြစ်ပါက မျက်စိဆရာ၀န်နှင့် အချိန်မရွေးပြသသင့်ပါသည်။

          လူကြီးများအတွက် အသက် ၄၀ ခန့်တွင် လူတိုင်းမျက်စိပြသင့်ပါသည်။ သက်ကြီးအနီးမှုန် မျက်စိရောဂါသည် ထိုအရွယ်တွင် စတင်၍ လူတိုင်း အနီးကြည့်ရန်၊ စာဖတ်ရန် မျက်မှန်လိုတတ်ပါသည်။ ထိုအချိန်တွင် လိုအပ်သော မျက်မှန်ကိုစမ်းရင်း မျက်စိရောဂါ ရှိ/မရှိ တစ်ကြိမ်စမ်းသင့်ပါသည်။ ထိုအရွယ်မှစ၍ ပုံရိပ်နှစ်ရိပ်ဖြစ်ခြင်း၊ မိတ်ဆွေသင်္ဂါ ဟများ၏ မျက်နှာကို ကြည့်လိုက်တိုင်း အမည်ရိပ်ထင်ပြီး သဲကွဲစွာမမြင်ခြင်း၊ ပုံရိပ်ရွဲ့စောင်းခြင်း၊ စာဖတ်ခက်ခြင်း၊ မြင်ကွင်းချို့ယွင်းခြင်း၊ မြင်ကွင်းကျဉ်းလာခြင်း၊ မြင်ကွင်းတွင် အမည်းစက်များ မြင်ခြင်း၊ နှင်းကျသကဲ့သို့ဖြစ်ခြင်း၊ အရိပ်များဖြစ်ခြင်း၊ လျှပ်စီးလက်သကဲ့သို့မြင်ခြင်း စသည်တို့ရှိပါမူ မျက်စိဆရာ၀န်ထံအချိန်မရွေး ပြသင့်ပါသည်။ မျက်စိနီခြင်း၊ ကိုက်ခြင်း၊ ရုတ်တရက်မှုန်သွားခြင်းများ ဖြစ်ပါကလည်း မျက်စိဆရာ၀န်ထံ ချက်ချင်းပြသသင့်ပါသည်။

          ထို့ပြင် အသက် ၄၅ နှစ်ကျော်သူတိုင်း သွေးတိုး၊ ဆီးချိုရောဂါ ရှိ/မရှိ စမ်းသပ်၍ ရှိပါက ကုသမှုခံယူသင့်ကြပါ သည်။ သွေးတိုးနှင့် ဆီးချိုရောဂါသည် မျက်စိရုတ်တရက် ကွယ်သွားခြင်းကို ဖြစ်စေနိုင်သဖြင့် မျက်စိအမြင်အာရုံ စောင့်ထိန်းရေးတွင် အထူးအရေးပါသော ကိစ္စတစ်ရပ်ဖြစ်ပါသည်။ သွေးတိုး၊ ဆီးချိုရှိမှန်း မသိဘဲ ယင်းရောဂါတစ်ခုခု ကြောင့် မျက်စိတစ်ဖက်ဗြန်းခနဲ ကွယ်သွားတော့မှ ရောက်လာတတ်သည့် အသက် ၅၀ ကျော် လူနာအများ အပြားကို တွေ့ရတတ်၍ ဖြစ်ပါသည်။

          သာမန်လူများအတွက် အသက် ၄၀ ကျော်သူတိုင်း အနည်းဆုံးနှစ်နှစ်တစ်ကြိမ် မျက်စိဆရာ၀န်ထံ စမ်းသပ်မှု ခံယူသင့်ပါသည်။ အသက် ၅၀ ကျော်သူများအတွက် တစ်နှစ်တစ်ကြိမ် စမ်းသပ်မှုခံယူသင့်ပြီး သွေးတိုး၊ ဆီးချိုရောဂါ ရှိသူများ၊ အဖေနှင့် အမေတွင် ရေတိမ်၊ အတွင်းတိမ်ရှိသူများအတွက်မူ ခြောက်လတစ်ကြိမ် စမ်းသပ်မှုခံယူသင့်ကြပါသည်။

          နေပူထဲတွင် အလုပ်လုပ်ရသူများ၊ ဂဟေမီးနှင့် အလုပ်လုပ်ရသူများ၊ တွင်ခုံလုပ်ရသူများ အတွက်မူ နေကာမျက်မှန်၊ ဖိုင်ဘာကာဘာမျက်မှန်ကို အမြဲတပ်ဆင်အသုံးပြုသင့်ပါသည်။ တချို့နေပူမြင့်ချိန်တွင် ဂေါက်သီးကစားသူများလည်း နေကာမျက်မှန်တပ်ဆင်သင့်ပါ သည်။ နေကာမျက်မှန်သည် နေရောင်ထွက်လာသည့် Ultra Violet Ray ကို မျက်စိထဲသို့ တိုက်ရိုက်၀င်ခြင်းမှ ကာကွယ်ပြီး သဲ၊ ဖုန်၊ အမှိုက်၀င်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါသည်။ နေရောင်မှ လာသော Ultar Violet Ray ၀င်ခြင်းဖြင့် မျက်စိအတွင်းတိမ်ရောဂါဖြစ်ခြင်း၊ မျက်စိအာရုံလွှာရောင်ရမ်းခြင်း၊ မျက်ခမ်း ကင်ဆာဖြစ်ခြင်းတို့မှ ကာကွယ်နိုင်ပါသည်။ ယခု UV Protect နေကာမျက်မှန်များ ဈေးကွက်ထဲတွင် ရှိပြီး နိုင်ငံတကာတွင် တွင်ကျယ်စွာ အသုံးပြုနေကြပြီဖြစ်ပါသည်။

          မျက်စိရောဂါကာကွယ်ရေးနှင့် မျက်စိကျန်းမာရေးအတွက် အစားအသောက်အနေနှင့်လည်း ကြက်ဥ၊ မြေပဲ၊ နွားနို့၊ အသား၊ ငါးအပြင် စိမ်းလန်းသော ဟင်းသီးဟင်းရွက်၊ အဝါရောင်ရှိသော အသီးအနှံ၊ Vitamin E, B, C Zinc နှင့် Selenium, Carotene ပါသော အားဆေးများ စားသုံးသင့်ပါသည်။ ကလေးမိဘများ အနေဖြင့် ဆောင်းပါးအစက ဖော်ပြခဲ့သည့် ဆရာ၀န်၏သမီးလေး ကဲ့သို့ Amblyopia ေ၀ဒနာမခံစားရအောင် သတိထားလိုက်နာကြပါဟု တိုက်တွန်းလိုက်ပါသည်။

 

Credit: ပါမောက္ခဦးကံညွန့် (မျက်စိအထူးကုဆရာ၀န်ကြီး)

ဇီ၀က (ကျန်းမာရေး၊ အလှအပ၊ သုတ၊ ရသ) မဂ္ဂဇင်း

No. 246, July 2015

www.drmyanmar.com