အက်ဆစ်၊ အယ်ကာလီ မျှခြေကို ထိန်းသိမ်းပေးသော အစားအစာများ
အက်ဆစ်၊ အယ်ကာလီ မျှခြေဆိုသည်မှာ
အက်ဆစ် ဒါမှမဟုတ် အယ်ကာလီတိုင်းတာတဲ့ ယူနစ်ကို pH လို့ခေါ်ပါတယ်။ pH တန်ဖိုးကို ‘O’ ကနေ ‘14’ အထိ သတ်မှတ်ထားပါတယ်။ အလယ်တည့်တည့်မှာရှိတဲ့ pH7 ကို Neutral လို့သတ်မှတ်ပြီး အက်ဆစ်ရဲ့လက္ခဏာရော၊ အယ်ကာလီရဲ့လက္ခဏာပါ မရှိတဲ့ဆုံမှတ်လို့ ပြောနိုင်ပါတယ်။ သူ့ရဲ့အောက် pH (6.9) ကနေ pH (0) အထိကို အက်ဆစ်လို့သတ်မှတ်ပါတယ်။ တန်ဖိုးနည်းလေလေ ပြင်းအားပိုများလေလေဖြစ်ပါတယ်။ pH ‘O’ ဆိုရင်တော့ Absolute Acidity လို့ခေါ်ပါတယ်။ တန်ဖိုးတစ်ခုနဲ့ တစ်ခုကြားမှာ ပြင်းအားအနေနဲ့ “၁၀” ဆကွာပါတယ်။ ဥပမာ - pH (6) ထက် pH (5) က အက်ဆစ်ပြင်းအား ၁၀ ဆ ပိုပြင်းပါတယ်။ pH (4) ဆိုရင် pH (6) ထက် အဆ (100) ပိုပြင်းပြီး pH (3) ဆိုရင်တော့ pH (6) ထက် အဆတစ်ထောင်ပိုပြင်းတယ်လို့ ဆိုပါတယ်။ အလားတူပဲ။ pH (7.1) ကနေ pH (14) အထိကို အယ်ကာလီလို့ ခေါ်ပါတယ်။ pH (8) ထက် pH (9) က (၁၀) ဆ ပိုပြင်းပြီး pH (10) ဆိုရင် အဆ (၁၀၀)၊ pH (11) ဆိုရင် အဆ ၁၀၀၀ ပိုပြင်းတယ်လို့ ဆိုလိုပါတယ်။
လူ့ခန္ဓာကိုယ်ရဲ့ pH
ကျွန်တော်တို့ခန္ဓာကိုယ်ကြီးမှာ အစာအိမ်နဲ့ အူလမ်းကြောင်းတစ်လျှောက်ကလွဲလို့ သွေးလှည့်အဖွဲ့အစည်းနဲ့ ထိတွေ့နေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးရဲ့ pH ဟာ (7.39) ဖြစ်လို့ အယ်ကာလီဓာတ်ဘက်ကို အနည်းငယ် ရောက်ပါတယ်။ ဒီအခြေအနေမှာ ခန္ဓာကိုယ်ကြီးဟာ ကျန်းမာသန်စွမ်းပြီး သူ့ထက်အနည်းငယ်သာ အပြောင်းအလဲ ဒဏ်ကို ခံနိုင်ပါတယ်။ တိတိကျကျပြောရရင် pH တန်ဖိုး ±0.03 အတွင်းမှာသာ ကျန်းမာစွာ နေနိုင်ပါတယ်။ ဒါကြောင့် pH 7.39±0.03 ဆိုတော့ pH 7.36 ကနေ pH 7.42 အတွင်းဖြစ်ပါတယ်။ pH 7.36 ထက် လျော့နည်းသွားရင် အယ်ကာလီဓာတ် လျော့နည်းသွားပြီး အက်ဆစ်ပတ်၀န်းကျင် (Acidosis) ကို ရောက်သွားမှာဖြစ်ပြီး pH 7.42 ထက် ပိုသွားခဲ့ရင်လည်း အယ်ကာလီဓာတ် ပိုမိုလွန်ကဲသွားပြီး အယ်ကာလီပတ်၀န်းကျင် (Alkalosis) လို့ခေါ်ပါတယ်။ ဒီ အခြေအနေနှစ်ခုစလုံးမှာ လူဟာကျန်းမာရေးထိခိုက်လာမှာဖြစ်ပါတယ်။
pH ပြောင်းလဲခြင်း၏ အကျိုးဆက်များ
လူတစ်ယောက်မှာ pH 7.36 ထက်လျော့နည်းသွားပါက ခန္ဓာကိုယ်ပြင်ပမှာ ရှိတဲ့ pH တန်ဖိုးနဲ့ ကြည့်ရင် pH 7.36 ကနေ pH 7.0 အတွင်းက အယ်ကာလီလို့ပြောလို့ရပေမယ့် လူ့ခန္ဓာကိုယ်ရဲ့ Neutral pH ဖြစ်တဲ့ pH 7.39 နဲ့ နှိုင်းယှဉ်ရင်တော့ အက်ဆစ်ဘက်ကို ပိုရောက်သွားတဲ့အတွက် အက်ဆစ်ဘက် ပိုမိုကျရောက်သွားခြင်း (Acidifi cation) လို့ပြောနိုင်ပါတယ်။ အဲဒီတန်ဖိုးလျော့နည်းမှု များလေလေ ကျန်းမာရေးကို ပိုပြီးထိခိုက်လေဖြစ်ပါတယ်။ အဲဒီလို အက်ဆစ်ဓာတ်တွေများလာခဲ့ရင် ခန္ဓာကိုယ်မှာ အကျိုးဆက်အနေနဲ့ အချက် (၃) ချက်ဖြစ်ပေါ်ပါတယ်။
1) ပထမဆုံးအနေနဲ့ ခန္ဓာကိုယ်အတွင်းရှိ အင်ဇိုင်း (Enzyme) တွေ အလုပ်ကောင်းကောင်းမလုပ်နိုင်တော့ပါ။ အင်ဇိုင်းဆိုတာ ပရိုတင်းမော်လီကျူးလေးတွေဖြစ်ပြီး စက်ရုံတစ်ရုံနဲ့နှိုင်းယှဉ်ရင် အလုပ်သမားတွေနဲ့တူပါတယ်။ အဲဒီ အလုပ်သမားတွေ ကောင်းကောင်းမလည်ပတ်နိုင်ရင် စက်ရုံကြီး ကောင်းကောင်းမလည်ပတ်နိုင်တော့သလို ခန္ဓာကိုယ်ထဲမှာ လုံး၀အလုပ်မလုပ်တဲ့အင်ဇိုင်းတွေ ပါခဲ့ရင်လည်း အချို့လုပ်ငန်းတွေအကုန်ရပ်သွားပါမယ်။ အဲဒီအခါမှာ အသက် သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဥပမာ - အသက်ရှူတာကို ပြုလုပ်ပေးတဲ့အလုပ်မျိုး။
2) ဒုတိယအနေနဲ့ အက်ဆစ်ရဲ့ သဘောသဘာ၀လက္ခဏာဖြစ်တဲ့ တိုက်စားပျက်စီးခြင်း (Corrosive) ဒဏ်ကို ခန္ဓာကိုယ် အနံ့ှအပြားမှာရှိတဲ့ တစ်သျှူးတွေကခံရတဲ့အတွက် တစ်သျှူးရောင်ရမ်းပျက်စီးတာကနေ လုံး၀ပျက်စီးတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဥပမာ - အဆစ်အမျက်ရောင်ရမ်းတာ (Arthritis)၊ ပါးစပ်ကနေ အူနံရံတစ်လျှောက်ရောင်ရမ်းတာ (Enteritis, Colitis), စအို၀မှာ ပူစပ်ပူလောင်ဖြစ်တာ (Burning sesation in the anus)၊ အာရုံကြောတွ ရောင်ရမ်းတာ (Neuritis)၊ အရေပြားပေါ်မှာ အလာဂျီထွက်တာ (Itching, Red patches, Eczema, Hives), ဆီးပူတာ (Burning urination)၊ ဆီးပြွန်ရောင်တာ (Urethritis)၊ ဆီးအိမ်ရောင်တာ (Cystitis) တို့ကို ခံစားရနိုင်ပါတယ်။ အဲ့လို တစ်သျှူးတွေ ရောင်တဲ့အတွက် ပြင်ပက ရောဂါပိုးတွေ အလွယ်တကူ၀င်ရောက်ပြီး အခြေအနေပိုဆိုးတတ်ပါတယ်။
3) တတိယအချက်က များလာတဲ့ အက်ဆစ်ဓာတ်တွေကို ခြေဖျက်ပေးဖို့ ခန္ဓာကိုယ်တွင်းမှာ စုဆောင်းသိုလှောင်ထားတဲ့ သတ္တုဓာတ် (Mineral) တွေကို ထုတ်ယူသုံးစွဲလိုက်ရပါတယ်။ အသိသာဆုံးနေနဲ့ အရိုးထဲမှာ ကယ်လ်ဆီယမ်တွေ လျော့နည်းသွားပြီး အရိုးပွရောဂါဖြစ်လာပါတယ်။ ဒါကြောင့် အလွယ်တကူ အရိုးကျိုးတာ၊ ခါးကျီးပေါင်းဖြစ်တာ၊ လည်ပင်းကျီးပေါင်း ဖြစ်တာ၊ ခါးကြောညှပ်တာ (Sciatica) တို့ကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် သွားပိုးစားလွယ်၊ ပဲ့လွယ်၊ ကျိုးလွယ်ပါတယ်။
ခန္ဓာကိုယ်တွင်း အက်ဆစ်ဓာတ်ကို တိုင်းတာခြင်း
လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ရှိ အက်ဆစ်ဓာတ်ကို သိနိုင်ရန်အလွယ်ဆုံးနည်းမှာ ဆီးရဲ့ pH ကိုတိုင်းတာ တာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဆီးရဲ့ pH ဟာ 7 ကနေ 7.5 ကြားရှိရပါမယ်။ pH 7 ထက်လျော့နည်းရင် ဆီးထဲမှာ အက်ဆစ် ဓာတ်များနေတယ်လို့ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်ထဲမှာ အက်ဆစ်ဓာတ်များနေရင် ဆီးကနေ ပိုမိုစွန့်ထုတ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ စစ်တဲ့အခါမှာ တစ်ကြိမ်တည်းစစ်တာထက် စစ်တဲ့ရက်မှာ ၃ ကြိမ်စစ်ပြီး ပျမ်းမျှယူတာပိုမှန်ပါတယ်။ မနက်တစ်ခါ၊ နေ့လယ် တစ်ခါ၊ ညနေ တစ်ခါ ခွဲစစ်ရပါတယ်။ မနက်ပိုင်း စစ်ရင်လည်း အိပ်ရာထပြီး ပထမဆုံးသွားတဲ့ ဆီးကိုမယူဘဲ ဒုတိယသွားတဲ့ ဆီးကိုသာယူရပါမယ်။ နေ့လယ် စစ်ရင်လည်း နေ့လယ်စာ မစားမီနဲ့ ညနေစစ်ရင် ညနေစာ မစားမီ ယူရပါမယ်။ ဒါမှ အကောင်းဆုံးအဖြေကို ရမှာဖြစ်ပါတယ်။
pH မျှချေဖြစ်စေမည့် နေထိုင်စားသောက်မှုပုံစံ
လူ့ခန္ဓာကိုယ်မှာ pH ဟာ အမြဲတမ်း မျှခြေမှာရှိနေဖို့အတွက် အနေအထိုင်၊ အစားအသောက် မှန်ကန်ဖို့ လိုပါတယ်။ လူတစ်ယောက်မှာ အက်ဆစ်ဓာတ်တွေများနေပြီဆိုရင် သူ့ရဲ့နေပုံထိုင်ပုံ၊ စားပုံသောက်ပုံတွေ မှားယွင်းနေပြီလို့ ကောက်ချက်ချနိုင်ပါတယ်။
1) ပထမဆုံးပြင်ရမှာက အစားအသောက်ဖြစ်ပါတယ်။ အက်ဆစ်ဓာတ်များစေတဲ့အစားအစာ (Acidifying Food) တွေကို လျှော့စားပြီး အယ်ကာလီဓာတ်များစေတဲ့ အစားအစာ (Alkalizing Food) တွေကို ပိုစားပေးဖို့ဖြစ်ပါတယ်။
2) ဒုတိယအနေနဲ့ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပေးရပါမယ်။ တစ်နေ့ကို ၃၀ မိနစ်လောက် လမ်းလျှောက် ပေးရပါမယ်။
3) တတိယအနေနဲ့ ရေကို လုံလုံလောက်လောက်သောက်ပေးရပါမယ်။ တစ်နေ့ကို ရေ ၂ လီတာပြည့်အောင်သောက် ရပါမယ်။
4) စတုတၳအနေနဲ့ စိတ်ပူပင်သောကတွေနည်းအောင် နေရပါမယ်။ အိပ်ရေး၀၀ အိပ်ရပါမယ်။
5) ဆေးလိပ်သောက်တာ၊ အရက်သောက်တာစတဲ့ အလေ့အကျင့်တွေကို ရှောင်ရပါမယ်။
အက်ဆစ်ဓာတ်များစေသော အစားအစာများ
အက်ဆစ်ဓာတ်များစေတဲ့ အဓိကအုပ်စုကြီး (၃) ခုရှိပါတယ်။ အဲဒါတွေကတော့ -
1) ကာဘိုဟိုက်ဒြိတ်လို့ခေါ်တဲ့ ဆန်၊ ဂျုံ စတာတွေနဲ့ လုပ်တဲ့အစားအစာတွေဖြစ်ပါတယ်။ သူတို့ကိုစားရင် ခန္ဓာကိုယ် ထဲမှာ ဂလူးကို့စ်အဖြစ်ပြောင်းပါတယ်။ အဲဒီဂလူးကို့စ်ကို စွမ်းအင် (Energy) အဖြစ်သုံးရာမှာ အက်ဆစ်ဓာတ်တွေ ထွက်လာပါတယ်။ ပထမ စစ်ထရစ်အက်ဆစ် (Citric acid)၊ နောက်ဆုံး လက်တစ်အက်ဆစ် (Lactic acid) တွေ ထွက်လာပါတယ်။ ဒါကြောင့် ဆန်နဲ့လုပ်တဲ့ အစားအစာတွေ (ထမ်းကစလို့ မုန့်ဟင်းခါး၊ ညှပ်ခေါက်ဆွဲ)၊ ဂျုံနဲ့လုပ်တဲ့ အစားအစာတွေ (ပေါင်မုန့်၊ ခေါက်ဆွဲ၊ ဘီစကွတ်မုန့်မျိုးစုံ) နဲ့ သကြားပါတဲ့အစားအစာတွေဟာ များများမစားသင့်ပါဘူး။ ခန္ဓာကိုယ် လှုပ်ရှားသလောက် လိုအပ်တဲ့ပမာဏသာ စားသုံးသင့်ပါတယ်။ များများစားရင် ကယ်လိုရီတွေ ပိုလျှံလာပြီး လူကလည်း ၀လာ၊ အက်ဆစ်ဓာတ်တွေကလည်းများလာပြီး ခန္ဓာကိုယ်ကို ဒုက္ခပေးမှာဖြစ်ပါတယ်။
2) ဒုတိယအုပ်စုကတော့ အဆီအုပ်စုဖြစ်ပါတယ်။ အဆီတွေကို ဖွဲ့စည်းထားတာက (Fatty Acid) တွေဖြစ်တော့ နဂို ကတည်းက အက်ဆစ်သဘာ၀ဖြစ်နေပါတယ်။ အဲဒီမှာ ကျန်းမာရေးကို အကျိုးပြုတဲ့မပြည့်၀ဆီ (Unsaturated Fatty Acid) နဲ့ အကျိုးမပြုတဲ့ပြည့်၀ဆီ (Saturated Fatty Acid) ဆိုပြီး (၂)မျိုး ထပ်ခွဲပါတယ်။ ပြည့်၀ဆီကို အတတ်နိုင်ဆုံး ရှောင်ပြီး မပြည့်၀ဆီကိုသာ အဓိကစားရပါမယ်။ ဒါပေမဲ့ လိုအပ်တဲ့ ပမာဏထက် ပိုခဲ့ရင် သူလည်းပဲ ကယ်လိုရီတွေပိုလာပြီး အက်ဆစ်ဓာတ်တွေများလာမှာဖြစ်ပါတယ်။ ပြည့်၀ဆီတွေဟာခန္ဓာကိုယ်ကနေ ခြေဖျက်ဖို့ခက်ခဲတာကြောင့် အဆုံးထိ မခြေဖျက်နိုင်ဘဲတစ်၀က်တစ်ပျက် ဓာတ်ပစ္စည်းတွေ ထွက်လာလေ့ရှိပါတယ်။ အဲဒီဓာတ်ပစ္စည်းတွေ အားလုံးဟာ အက်ဆစ်ဓာတ်တွေဖြစ်ပါတယ်။ ဥပမာ- အက်စီတုန်း (Acetone)၊ အက်စီတိုင် အက်စီတစ်အက်ဆစ် (Acetylacetic Acid)၊ ဘီတာ ဟိုက်ဒရိုစီဗြူတိုင်ရစ်အက်ဆစ် (Betahydroxy-butyric acid) စတာတွေဟာ အက်ဆစ်ဓာတ်ကို များစေပါတယ်။
3) တတိယအနေနဲ့ အသားဓာတ် (Protein) တွေဖြစ်ပါတယ်။ ဒီပြဿနာက ကျွန်တော်တို့နိုင်ငံမှာ သိပ်မတွေ့ရဘဲ တိုးတက်တဲ့အနောက်နိုင်ငံတွေမှာ ပိုတွေ့ရပါတယ်။ အသားတွေကို လိုတာထက်ပိုစားလို့ဖြစ်ပါတယ်။ ပရိုတင်းလို့ခေါ် တဲ့အသားဓာတ်ဆိုတာ အမိုင်နိုအက်ဆစ် (Amino Acid) တွေနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ အက်ဆစ်သဘာ၀ရှိပါတယ်။ သူ့ကိုပုံမှန်စားရင် ကျန်းမာရေးကို အထောက်အကူပြုပေမဲ့ အထူးသဖြင့် အနီရောင်အသား (Red Meat) တွေဖြစ်တဲ့ ၀က်သား၊ အမဲသားတွေကို စာသင့်တာထက်ပိုစားရင် ခန္ဓာကိုယ်မှာ အက်ဆစ်ဓာတ်တွေများလာလေ့ရှိပါတယ်။ အသားတွေ ခြေဖျက်ပြီးရင် နောက်ဆုံးမှာယူရစ်အက်ဆစ်တွေ ထွက်လာပြီး ဂေါက်ရောဂါအပါအ၀င် ခန္ဓာကိုယ်ကို ဒုက္ခပေးသလို အက်ဆစ်ဓာတ်ကိုပါ များစေလို့အသားစားကြူးခြင်းဟာလည်း ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။
အယ်ကာလီဓာတ်ပေးတဲ့ အစားအစာများ
ဒီနေ့အစားအစာ တော်တော်များဟာ အက်ဆစ်ဓာတ်လွန်ကဲစေတဲ့အတွက်ကြောင့် ကျန်းမာရေးကိုများစွာ အထောက်အကူပြုတဲ့ အယ်ကာလီဓာတ်ပေးတဲ့အစားအစာတွေကို နေ့စဉ်စားဖို့လည်း လိုအပ်ပါတယ်။ အယ်ကာလီ ဓာတ်ပါ၀င်တဲ့ အစားအစာတွေကတော့ -
1) အစိမ်းရောင် ဟင်းသီးဟင်းရွက်များ (Green Vegetables)
ဥပမာ - သကြားမုန်လာ၊ ပန်းဂေါ်ဖီ၊ ပန်းမုန်လာစိမ်း၊ တရုတ်နံနံ၊ သခွားသီး၊ ကိုက်လန်၊ ဆလတ်ရွက်၊ ကန်စွန်း ရွက်၊ ချဉ်ပေါင်ရွက်၊ ဟင်းနုနယ်၊ ပဲသီးစိမ်း။
2) ရောင်စုံ သစ်သီး၊ သစ်ဥသစ်ဖုများ
ဥပမာ - မုန်လာဥနီ၊ ပန်းသီး၊ ထောပတ်သီး၊ လိမေ္မာ်သီး၊ ငှက်ပျောသီး။
3) အခြောက်ခံထားသော သစ်သီးများ
4) ပြောင်းဖူး
5) နို့နှင့် နို့ထွက်ပစ္စည်းများ
6) Alkaline Mineral Water
7) အချို့သော အခွံမာသစ်စေ့များ
ဥပမာ - ဗာဒံစေ့ (Almond)၊ သီဟိုဠ်စေ့ (Chestnut)
8) သတ္တုဓာတ်တွေ ကြွယ်၀စွာပါ၀င်တဲ့ အာလူး စတာတွေပဲဖြစ်ပါတယ်။
အဲဒီအစားအစာတွေကို ပုံမှန်စားပေးရင် အက်ဆစ်ဓာတ်တွေကို လျှော့ချပေးနိုင်ပါတယ်။
Alkaline Mineral Water
pH 7 သောက်ရေသန့်ဆိုတာ သတ္တုဓာတ်တွကိုထုတ်ထားတဲ့ ရိုးရိုးသောက်ရေသန့်ဖြစ်ပါတယ်။ သဘာ၀ရေမှာ သတ္တုဓာတ် (Mineral) တွေပျော်၀င်နေပါတယ်။ ဒါကြောင့် သဘာ၀ရေဟာ အယ်ကာလီသဘာ၀ဖြစ်ပါတယ်။ အရင် ကတော့ pH 7 ရေဟာ ကောင်းတယ်ဆိုပြီး သုံးခဲ့ကြတယ်။ ဒါဟာလည်း အချို့သောသူတွေအတွက်တော့မှန်ပေမယ့် သာမန်လူကောင်းတစ်ယောက်အနေနဲ့ သောက်သင့်တာက Alkaline Mineral Water ဖြစ်ပါတယ်။
pH 7.2 ကနေ pH 7.6 အတွင်းမှာရှိတဲ့ရေကို နေ့စဉ်သောက်ရင် ပါ၀င်တဲ့သတ္တုဓာတ်တွေကြောင့် ခန္ဓာကိုယ် အတွက် လိုအပ်တဲ့သတ္တုဓာတ်တွေ ဖြည့်တင်းပေးရာရောက်တဲ့အပြင် ခန္ဓာကိုယ်တွင်းမှာ အက်ဆစ်ဓာတ်တွေများလာ ရင်လည်း ချက်ချင်းခြေဖျက်နိုင်စွမ်းရှိလို့ အက်ဆစ်တွေရဲ့ တိုက်ခိုက်ဖျက်စီးမှုကနေ ကင်းေ၀းစေမှာဖြစ်ပါတယ်။ ကမ်ဘာကျာ်ရေသန့်တံဆိပ်ဖြစ်တဲ့ ပြင်သစ်နိုင်ငံထုတ် Evian ဟာ pH 7.2 ရှိပြီး အင်္ဂလန်နိုင်ငံ M&S က pH 7.4 ရေသန့်ကို ထုတ်လုပ်ပြီး Boots Pharmacy ကထုတ်တဲ့ ရေသန့်ဆိုရင် pH 7.6 ရှိပါတယ်။
အယ်ကာလီဓာတ်ပေးတဲ့ ဆေးဝါးများ
အယ်ကာလီဓာတ်ပေးတဲ့ အစားအစာတွေကို နေ့စဉ်မစားနိုင်တဲ့သူတွေအတွက် ဆေးဝါးတွေရှိပါတယ်။ အဓိက အနေနဲ့ သဘာ၀ကနေ ထုတ်လုပ်ထားတဲ့ ဆေးဝါးအချို့ဟာ ခန္ဓာကိုယ်တွင်း အယ်ကာလီဓာတ်ကိုများစွာ လုပ်ပေး နိုင်စွမ်းရှိပါတယ်။ အဲဒါတွေကတော့ -
1) အာဖာဖာ (Alfalfa)
2) ဂျုံမြက်နု (Wheatgrass)
3) ရွက်စုံအားဖြည့်ဆေး (Vegeplex)
4) ပျား၀တ်မှုန်ဆေး (Bee Pollen)
5) ပျားနို့ဆေး (Royal Jelly)
6) ဆယ်ပင်အားဆေး (Completec) တို့ဖြစ်ပါတယ်။ စိမ်းပြာရေညှိ (Spirulina) ပါ၀င်တဲ့ဆေးဝါးတွေအပြင် တခြား ဆေးဝါးတွေလည်း အများကြီးရှိပါသေးတယ်။ အဓိကအားဖြင့် အယ်ကာလီအာနိသင်ပေးတဲ့ သတ္တုဓာတ်တွေပါ၀င်တဲ့ ဆေးဝါးတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ကယ်လ်စီယမ် (Calcium)၊ မဂ္ဂနီစီယမ် (Magnesium)၊ မဂ္ဂနိစ် (Manganese)၊ ဆီလီကာ (Silica) တို့ပါ၀င်ဖို့လိုအပ်ပါတယ်။
နိဂုံးချုပ်
အချုပ်အားဖြင့်ပြောရရင် လူတွေကျန်းမာဖို့အရေးကြီးတဲ့အချက်တစ်ခုအနေနဲ့ ခန္ဓာကိုယ်ရဲ့ pH ကို 7.36 နဲ့ 7.42 ကြား အမြဲရှိနေဖို့ နေထိုင်စားသောက်ကြပါလို့ ကျွန်တော်အနေနဲ့အကြံပြုပြောကြားလိုပါတယ်။ ဒီကနေ့ ကျွန်တော်တို့ လူအများစုစားနေတဲ့ အစားအသောက်တွေဟာ အက်ဆစ်ဘက်ကို ပိုများလေ့ရှိတာမို့ အယ်ကာလီအာနိသင်ရှိတဲ့ အစားအစာတွေကိုပါ တွဲဖက်စားကြဖို့ကိုလည်း တိုက်တွန်းပြောကြားပါရစေ။ အက်ဆစ်ဓာတ်များစေတဲ့ ကာဗိုဟိုက်ဒြိတ်၊ အဆီနဲ့ အသား၊ ငါးတွေကို ပုံမှန်စားသောက်သင့်ပြီး အလွန်အကြူး မစားကြဖို့နဲ့ အယ်ကာလီဓာတ်များတဲ့ ဟင်းသီးဟင်းရွက်နဲ့ ရောင်စုံသစ်သီး၊ သစ်ဥတွေကို နေ့စဉ်စားပြီး ကျန်းမာတဲ့ဘ၀ကို ရယူကြပါလို့ အကြံပြုပြောကြားချင်ပါတယ်။
Credit: ဒေါက်တာခင်မောင်လွင် (FAME)
ဇီ၀က (ကျန်းမာရေး၊ အလှအပ၊ သုတ၊ ရသ) မဂ္ဂဇင်း
No. 248, Spetember 2015
















