အစာအိမ်ကင်ဆာပြန်ဖြစ်ခြင်း (ကင်ဆာရောဂါအမေး၊ အဖြေ)
မေး ။ ဆရာခင်ဗျား။ ကျွန်တော်ရဲ့ဇနီးဟာ လွန်ခဲ့တဲ့ 2 နှစ်က အစာအိမ်ကင်ဆာဖြစ်ခဲ့ပြီး ခွဲစိတ်ကုသခဲ့တဲ့အပြင် ကင်ဆာဆေးများနဲ့လည်း ကုသခံခဲ့ရပါတယ်။ အခုတော့ အစာမ၀င်လို့ အစာအိမ်ထဲ မှန်ပြောင်းနဲ့ ကြည့်တဲ့အခါ အစာအိမ်ကင်ဆာပြန်ဖြစ်နေတာတွေ့ရပါတယ်ဆရာ။ အသည်းမှာလည်း ကင်ဆာပျံ့နှံ့တဲ့ လက္ခဏာတွေ့ရပါတယ်။ သည်တစ်ခါမှာတော့ ခွဲစိတ်ကုသလို့မရတော့ဘဲ ကင်ဆာဆေးများသွင်းပြီး ကုသဦးမယ်လို့ ဆရာ၀န်ကြီးက ပြောပါတယ်။ မှန်ပြောင်းကနေ ယူထားတဲ့အသားစမှာ HER 2 အမည်ရ စစ်ဆေးချက်တစ်ခုကိုပါ ဆရာ၀န်ကြီးက စစ်ဆေးခိုင်းပါတယ်ဆရာ။ ကျွန်တော့်အသိတစ်ယောက် ရင်သားကင်ဆာဖြစ်တဲ့အခါမှာလည်း အဲသည် HER 2 အဖြေကို စစ်ဆေးခိုင်းတယ်လို့သိရပြီး အဲဒီအဖြေ Positive ပြနေရင် ရင်သားကင်ဆာများမှာ အဲဒါကိုကုသဖို့ဆေးလည်းရှိတယ်၊ ရလဒ်လည်းကောင်းတယ်လို့ သိရပါတယ်။ အစာအိမ်ကင်ဆာမှာရော အဲသလိုရလဒ်တွေ၊ ဆက်စပ်မှု တွေရှိနေသလားဖြေကြားပေးပါဆရာ။
ဖြေ ။ ဟုတ်ကဲ့။ ဒီမေးခွန်းလေးကို ဖြေရှင်းနဲ့ ကြုံကြိုက်လို့အစာအိမ်ကင်ဆာအကြောင်းကိုပါ နည်းနည်းလောက် ပြောပြပါရစေ။ အစာအိမ်ကင်ဆာဟာ ကမ်ဘာပေါ်မှာအဖြစ်အများဆုံး နံပါတ် (4)နေရာမှာရှိပါတယ်။ ကမ်ဘာနဲ့အ၀န်း ကင်ဆာကြောင့်သေဆုံးသမျှရဲ့ ဒုတိယအကြောင်းရင်းဟာ အစာအိမ်ကင်ဆာဖြစ်ပါတယ်တဲ့။
H.pylori ခေါ်တဲ့ ဗက်တီးရီးယား၊ ဆားပါ၀င်မှုများတဲ့ မီးကင်မီးမြှိုက်ထားတဲ့အသားငါး၊ အရက်စားသောက်ခြင်း၊ ဟင်းသီးဟင်းရွက်စားသောက်မှုနည်းခြင်းစတာတွေဟာ အစာအိမ်ကင်ဆာဖြစ်စေတဲ့ အကြောင်းတွေဖြစ်ပါတယ်။ နာမည်ကျော် ဇာဇ၀င်ဘုံလူဆိုးကြီး ဆေးလိပ်ဟာလည်း စာအိမ်ကင်ဆာကို ဖြစ်စေတဲ့အထဲမှာ ပါနေပါတယ်။ မီးမြှိုက်မီးကင်ထားတဲ့၊ ဆားနယ်ထားတဲ့ ငါးတွေကိုအစားများ ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံတွေမှာ အစာအိမ်ကင်ဆာဖြစ်ပွားမှုများပါတယ်။
အစာအိမ်ကင်ဆာများရဲ့ 90 ရာခိုင်နှုန်းဟာ Adenocarcinoma အမျိုးအစားဖြစ်ပါတယ်။ အစာအိမ် ကင်ဆာဖြစ်ပြီဆိုရင် ဘယ်လောက်အသက်ရှည်မယ်၊ ရောဂါပျောက်ကင်းမယ်ဆိုတာ ရောဂါစသိတဲ့အချိန်မှာ ဘယ်အဆင့်ရောက်နေလဲဆိုတဲ့အချက်ပေါ်မှာ လုံးလုံးကြီးမူတည်နေတာပါ။ အကြမ်းဖျင်းပြောရရင် အစာအိမ် ကင်ဆာဟေ့ဆိုတာနဲ့ ဗိုက်ထဲကအလုံးကြီးကို ခွဲထုတ်နိုင်တဲ့အဆင့်မှာ သိရတယ်ဆိုရင် ကောင်းတယ်လို့မှတ်ရပါမယ်။
ခွဲစိတ်ဆရာ၀န်များအနေနဲ့ အစာအိမ်ထဲက ကင်ဆာဖြစ်တဲ့နေရာကို ဖြတ်ထုတ်ပြီး ကျန်ခဲ့တဲ့အစာအိမ် ကောင်းတဲ့အပိုင်းနဲ့ အူသိမ်အပိုင်းကို ပြန်ပြီးဆက်ပေးတဲ့ခွဲစိတ်မှုကို ပြုလုပ်ပေးကြတာဖြစ်ပါတယ်။ ခွဲတဲ့နေရာမှာလည်း အစာအိမ်ပတ်လည်က ပြန်ရည်ကျိတ် (Lymph node) တွေကို ရသလောက် ခွဲထုတ်ပေးကြပါတယ်။ တစ်ချိန်မှာ ကင်ဆာပြန်ကြွလာရင် အဲဒီအကျိတ်တွေက ပြန်ကြွတတ်လို့ပါ။ ဒီလိုခွဲထုတ်လို့ရနိုင်တဲ့ အဆင့်ဆိုရင် ကောင်းတာပေါ့။
အဲ .. အချို့အစာအိမ်ကင်ဆာများကျတော့ စသိကတည်းက အဆင့်(4)ဖြစ်နေပြီး၊ အသည်းကိုရောက်နေမယ်၊၊ ခပ်ေ၀းေ၀းက အကျိတ်တွေဆီရောက်နေမယ်။ ဒါဆိုရင် ခွဲလို့မရတောဘူးပေါ့ ဒီလူနာများအတွက်တော့ ကင်ဆာဆေးများနဲ့ ကုသဖို့နည်းတစ်နည်းပဲကျန်တော့မပေါ့။ တချို့လူနာများကျတော့ ဓာတ်မှန်တွေမှာ တခြားကို ပျံ့တဲ့လက္ခဏာမတွေ့ရပေမယ့် ဗိုက်ဖွင့်လိုက်တော့မှ ကင်ဆာဆဲလ်တွေဟာ ဟိုကပ်၊ သည်ကပ်ဖြစ်ပြီး အလုံးကြီး ကိုခွဲထုတ်လို့မရလို့ ပြန်ပိတ်လိုက်ရတာမျိုးလည်းရှိပြန်ပါရော။ အဲသလို လူနာတွေမှာလည်းကင်ဆာဆေးများနဲသာ ကုသဖို့ဖြစ်ပါတယ်။
ဒီမေးခွန်းထဲက လူနာလိုခွဲလို့လည်းရတယ်၊ ကင်ဆာဆေးတွေနဲ့လည်း သွင်းပြီးကုသထားတယ်။ ဒါတောင် မှပြန်ဖြစ်သေးလားလို့မေးလာရင် စိတ်မကောင်းစွာနဲ့ပဲ ပြန်ဖြစ်နိုင်ပါတယ်လို့ဆိုပါရစေ။ ဘာဖြစ်လို့လဲဆိုတော့ အစာအိမ်ကင်ဆာလူနာများရဲ့ 80 မှ 90 ရာခိုင်နှုန်းအထိဟာ အချိန်ကာလတစ်ခုအတွင်းမှာ တခြားနေရာကို ပျံ့န့ှ့ံနိုင်လို့ပါတဲ့။
စဖြစ်ကတည်းက စောစောသိပြီး ကင်ဆာက အစာအိမ်ကိုဖောက်မသွားသေးဘူး၊ အနီးအနားကပြန်ရည် ကျိတ်တွေဆီကိုလည်း မရောက်သေးဘူး၊ အတော်စိတ်ချလက်ချခွဲစိတ်ခံထားရတယ်ဆိုတဲ့ လူနာများမှာတော့ လူနာ 100 မှာ 95 ယောက်အထိ 5 နှစ်တာသက်တမ်းရှည်နိုင်ပါတယ်တဲ့။ အဲ … အနီးအနားပြန်ရည်ကိျတ်တွေမှာ ကင်ဆာဆဲလ်တွေ တွေ့ထားတယ်ဆိုရင်တော့ ဘယ်လောက်ကင်းရှင်းအောင်ခွဲစိတ်ထားနိုင်တယ်ပြောပြော လူနာ 100 မှာ 25 ယောက်လောက်သာ 5 နှစ်သက်တမ်းရှည်နိုင်ပါလိမ့်မယ်။
သို့ပေမယ့် အစာအိမ်ကင်ဆာမှာ ဆေးသွင်းပြီးကုသဖို့ ကင်ဆာဆေးတွေပြောင်းလဲရွေးချယ်စရာရှိနေပါတယ်။ HER 2 ကို စစ်ဆေးခိုင်းတယ်ဆိုရာမှာလည်း အစာအိမ်ကင်ဆာတချို့မှာ အဲဒီရလဒ်ရှိနေရင် ရင်သားကင်ဆာတွေမှာ သုံးတဲ့ Trastuzumab ဆေးကိုသုံးပြီး ကုသတဲ့အခါ သက်တမ်းခြောက်လလောက်ပိုရှည်မှာ ဖြစ်လို့ပါ။
ငွေကြေးတတ်နိုင်တဲ့လူနာများမို့ ဒီလိုစစ်ဆေးချက်ကို ရှာဖွေခိုင်းတာဖြစ်ပါလိမ့်မယ်။ သို့ပေမယ့် အစာအိမ် ကင်ဆာလုံး၀ပျောက်ကင်းမှာမဟုတ်ဘဲ လပိုင်းမျှသာ သက်တမ်းရှည်မှာမို့ လူနာမိသားစု၀င်များ ချင့်ချိန်ဆုံးဖြတ် ကြဖို့ဖြစ်ပါတယ်။
နိဂုံးချုပ်ပြောရရင် အစာအိမ်ကင်ဆာဟာ အဆုတ်ကင်ဆာလိုပဲ ကုသမှုရလဒ်မကောင်းတတ်တာမို့ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ကောင်း၏ဆိုးတဲ့အတိုင်း တတ်နိုင်သလောက် ရောဂါဖြစ်နိုင်သော အချက်တွေကို ရှောင်ကြဉ်ပါလို့ အကြံပြုပါရစေ။
Credit; ဒေါက်တာလွှမ်းမိုးဟန်
Health Digest Jouranl
















