/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/အမျိုးသားများတွင်-အဖြစ်များသောရောဂါများ-အူမကြီးနှင့်

အမျိုးသားများတွင် အဖြစ်များသောရောဂါများ အူမကြီးနှင့် စအိုပိုင်းဆိုင်ရာရောဂါများ - ၃

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဦးမြသိန်းဟန် (ပါမောက္ခ)

        အူမကြီးနှင့် စအိုပိုင်းဆိုင်ရာ ကင်ဆာရောဂါတွေဟာ ယခုခေတ်မှာ အဖြစ်ပိုများလာပြီး ဆင်တူယိုမှားရောဂါ တွေကလည်း ရှိနေပါတယ်။ ဒီရောဂါတွေဟာ စောစောစီးစီးနဲ့ စနစ်တကျမကုသနိုင်ပါက အသက်ကိုပင် အန္တရာယ် ပေးတတ်တာမို့ ဒီရောဂါတွေနဲ့ပတ်သက်ပြီး ပြည်သူလူထုအနေဖြင့် ထိုက်သင့်သလောက် သိထား၊ နားလည်ထား ဖို့လိုအပ်လှပါတယ်။ ဒါမှပဲ ဘယ်လိုရောဂါလက္ခဏာတွေ ပေါ်လာရင် သမားတော်တွေကို ပြသစစ်ဆေး ခံယူသင့်တယ်။ သမားတော်တွေနဲ့ တွေ့တဲ့အခါ ဘာတွေကို ဆွေးနွေးဖို့ လိုအပ်တယ်ဆိုတာ သိထားပြီးကုသဖို့ဆုံးဖြတ်ကြရာမှာ ပါ၀င်ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။ တကယ်တော့ သမားတော်က ရောဂါအကြောင်းကိုရှင်းပြပြီး အကြံဉာဏ်ပေးပါတယ်။ တကယ့်ပြုစုကုသမှုကိုတော့ လူနာနဲ့ လူနာရှင်တွေက သဘောတူလက်ခံပါမှသာ သမားတော်က ကုသမှုကို ဆောင်ရွက်ပေးကြရပါတယ်။ လူနာ၊ လူနာရှင်တွေက သဘောမတူ လက်မခံပါက ဘယ်သူကမှ ဘာမှကုသမှု မပြုကြရပါဘူး။

          အူမကြီးနဲ့ စအိုပိုင်းဆိုင်ရာကင်ဆာ အဖြစ်များလာတာကတော့ လူဦးရေများလာတာရယ်၊ နေထိုင်စားသောက်မှု စရိုက်တွေ ပြောင်းတာတွေကြောင့်ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက် သစ်သီး၀လံတွေ စားပြီး ၀မ်းမချုပ်တဲ့သူတွေဟာ အသားအစားများပြီး ၀မ်းကျစ်သူတွေလို အူမကြီးကင်ဆာ အဖြစ်မများလှပါဘူး။ ယခုခေတ်မှာ စိုက်ပျိုးရေးမှာ အသုံးများတဲ့ ဓာတ်မြေသြဇာတွေ၊ သီးနှံတွေကြီးမားပြီး တာရှည်ခံစေရန် အသုံးပြုတဲ့ ဓာတုဗေဒပစ္စည်းတွေ၊ အချိုမှုန့်တွေ၊ ထုတ်ပိုး ပစ္စည်းတွေနဲ့ စက်ရုံအလုပ်ရုံတွေ၊ အင်ဂျင်စက်တွေကထုတ်တဲ့ ဟိုက်ဒရိုကာဗွန် စတာတွေက ပတ်၀န်းကျင်မှာ ပိုများလာလို့ အထွေထွေကင်ဆာဖြစ်တဲ့နှုန်းဟာ ပိုမြင့်တက်လာတာဖြစ်ပါတယ်။ တကယ်တော့ ဒီကင်ဆာအမျိုးအစားဟာ ကျား၊ မ တွေမှာဖြစ်ကြပေမဲ့ အမျိုးသားတွေမှာ အဖြစ်ပိုများတယ်လို့ဆိုပါတယ်။ အထူးသဖြင့်တော့ အူမကြီးမှာ အနာတွေဖြစ်ပြီး ရောင်ရမ်းတဲ့ Ulcerative Colitis ရောဂါ၊ အသားလုံးများရှိနေတဲ့ Familial polyposis coli ရောဂါ ရှိသူတွေမှာ အဖြစ်များလို့ ဒီရောဂါတွေရဲ့ ဆိုးဝါးတဲ့ရောဂါလက္ခဏာတွေကိုပါ ကုသရင်း ကင်ဆာကိုကာကွယ်ဖို့တချို ့ကတော့ အူမကြီးတစ်ခုလုံးကို ခွဲစိတ်ဖြတ်ထုတ်ဖို့ အကြံပြုကြပါတယ်။ တချို့မှာတော့ သွေး၀မ်းတွေသွားနေတာကို ဆေးနဲ့ထိန်းထားပြီး ကင်ဆာဖြစ်လာ၊ မလာကိုတော့ အူမကြီးအတွင်း မကြာခဏ စစ်ဆေးစမ်းသပ်ကြပါတယ်။

          ဒီကင်ဆာဖြစ်စမှာတော့ ရောဂါလက္ခဏာ ထူးထူးထွေထွေ မပြကြတာလည်းရှိပါတယ်။ အသက်ကြီးသူတွေမှာ အဖြစ်များပေမဲ့ အသက် ၂၀ ပတ်၀န်းကျင်မှာဖြစ်တာလည်း မနည်းလှပါဘူး။ ဒီငယ်ရွယ်သူတွေမှာဖြစ်တဲ့ ကင်ဆာက ပိုဆိုးတတ်ပါတယ်။ အူမကြီးဆိုတာ ဗိုက်ရဲ့ညာဘက်အောက်ပိုင်းကနေ ‘ဂ’ (ဂငယ်) ပုံ ၀မ်းဗိုက်ဘေး တစ်လျှောက်မှာရှိလို့ ကင်ဆာရဲ့ အဆင့်၊ နေရာ၊ နောက်ဆက်တွဲရောဂါတွေပေါ်လိုက်ပြီး လက္ခဏာတွေ ကွဲပြားခြားနားပါတယ်။

          အူမကြီးအစပိုင်းကနေ အပေါ်ပိုင်းတက်သွားတဲ့ Ascending colon အစပိုင်းမှာတော့ အစာတွေက အရည် ဖြစ်နေတာများလို့ ကင်ဆာကြောင့် အူမကြီးပိတ်ဆို့တဲ့ လက္ခဏာပြတာနည်းပါတယ်။ ဒါပေမဲ့ အနာအလုံးအဖုကနေ သွေးတဖြည်းဖြည်းထွက်နေလို့ သွေးအားနည်းပြီး အစားအသောက်ပျက် တာ နုံးခွေနေတတ်ပါတယ်။ တချို့မှာတော့ အလုံးအဖုက ကြီးလာလို့ ၀မ်းဗိုက်နေ စမ်းလို့ရတတ်ပါတယ်။ ၀မ်းမကြာခဏပျက်ပြီး ၀မ်းအရည်၊ သွေးနဲ့ ချွဲတွေ မကြာခဏသွားလို့ ပိန်ချုံးသွားကြတာတွေ့ရပါတယ်။ ဒါကြောင့် ဘာကြောင့်မှန်းမသိဘဲ သွေးအားနည်းကာ ၀မ်းပျက်တတ်သူတွေမှာ အူမကြီးအတွင်းကြည့် မှန်ပြောင်းဖြင့် စစ်ဆေးစမ်းသပ်ကြည့်ဖို့လိုပါတယ်။ အထူးသဖြင့် ၀မ်းထဲမှာမမြင်နိုင်တဲ့ Occult blood ရှိ၊ မရှိ ၀မ်းကိုစစ်ဆေးခြင်း၊ အူမကြီးကင်ဆာရဲ့ Tumor Marker CEA (Chorio Embryonic Antigen) ပဋိဇီ၀ဓာတ်ကို သွေးအတွင်းမှာ စမ်းသပ်စစ်ဆေးကြည့်နိုင်ပါတယ်။ Colonoscopy မလုပ်နိုင်ရင်တော့ Barium Enema ဆိုတဲ့ စအိုကနေ Barium ဖျော်ရည်တွေသွင်းပြီး အူမကြီးကို ဓာတ်မှန်ရိုက် စစ်ဆေးကြည့်တဲ့အခါ အူမကြီးရဲ့ အပြင်အနားစွန်း outline မှာ မညီမညာဖြည့်ထားမှု Persistent filling defect ကိုတွေ့ရပါတယ်။ Double Contrast ဆိုတဲ့လေပါထပ်ထိုးပြီး ဓာတ်မှန်ရိုက်ပါက ပိုမိုထင်ရှားစွာတွေ့ရတတ်ပါတယ်။ Colonoscopy မှာတော့ အသားပိုအလုံးအဖု အနာတွေကို တွေ့ရှိနိုင်ပြီး အသားစကိုပါထုတ်ယူစစ်ဆေးကာ ကင်ဆာရောဂါ ဟုတ်၊ မဟုတ် တိတိကျကျ သိရှိနိုင်ပါတယ်။

          ၀မ်းဗိုက်ဘယ်ဘက် ‘ဂ’ (ဂငယ်) အောက်ဘက်ဆင်းတဲ့ Descending colon နဲ့ Pelvic colon မှာတော့ ၀မ်းထဲက အရည်တွေ စုပ်ယူပြီးသားမို့ ၀မ်းတွေဟာ မာနေတတ်ပါတယ်။ အဲဒီမှာဖြစ်တဲ့ ကင်ဆာရောဂါကလည်း အူမကြီးကို ကျဉ်းမြောင်းသွားစေတတ်တဲ့ Infiltrative tubular သို့မဟုတ် Annular ring အမျိုးအစားဖြစ်လို့ အူမကြီးပိတ်ဆို့တဲ့ လက္ခဏာတွေကို တွေ့ရတာများပါတယ်။ ၀မ်းဗိုက်က ပူပြီး မကြာခဏ လေထိုးသလို ဗိုက်နာကာ တချို့မှာကင်ဆာ အလုံးအဖု၊ တချို့မှာ စမြင်းတုံးတွေကို ၀မ်းဗိုက်အောက်ပိုင်းမှာ စမ်းမိတတ်ပါတယ်။ တချို့မှာတော့ ၀မ်းမာပြီးကျဉ်း မြောင်းတတ်တဲ့ ကင်ဆာကြောင့် ၀မ်းချုပ်တာကို ခံစားရပါတယ်။ အဲဒီအခါ အူမကြီးက ကျယ်လာလို့ ပိတ်ဆို့တာ လျော့ကျ၊ ၀မ်းသွားလို့ ၀မ်းချုပ်လိုက်၊ ၀မ်းသွားလိုက်လည်း ဖြစ်ကြပါတယ်။ ဒီလို ၀မ်းတွေအောင်းပြီး ၀မ်းသွားသလို ဖြစ်တာကို spurious diarrhea  လို့ခေါ်ပါတယ်။ ဒီမှာလည်း ပိုတိကျစွာသိရလို့ Barium Enema သို့မဟုတ် Colonoscopy ဖြင့် စမ်းသပ် စစ်ဆေးပေးနိုင်ပါတယ်။ လောလောဆယ်မှာတော့ စာရေးသူမှာ လူနာတစ်ဦးရှိပါတယ်။ အသက် ၉၁ နှစ်ရှိပြီး ၀မ်းတပျစ်ပျစ်သွားနေကာ သွေးစသွေးနပါ ပါတယ်။ ဗိုက်မှာတော့ ဘာအလုံးအဖုမှ စမ်းမရပါ။ အခြားသမားတော်နဲ့ ပြသခဲ့ပေမဲ့ မသက်သာလို့ လာပြတာပါ။ Colonoscopy လုပ်ဖို့ပြောတော့ သဘောမတူတာနဲ့ မလုပ်ရပါ။ သူတို့က လိပ်ခေါင်းလို့ပြောပေမဲ့ စအိုတွင်းကိရိယာ Proctoscope ထည့်ကြည့်တော့ လိပ်ခေါင်းအနည်းငယ် နဲ့ စအိုအမြှေးပါး နည်းနည်းကျွံနေတာ တွေ့ရပါတယ်။ ဒါနဲ့ အဲဒီလိပ်ခေါင်းလေးနဲ့ အမြှေးပါးကျွံတာကို Rubber band နဲ့ ချည်နှောင် ဖြတ်ထုတ်ပေးလိုက်ပါတယ်။ ပြီးတော့ ၀မ်းကိုက်ပျောက်ဆေးတွေလည်း ပေးလိုက်ပေမဲ့ ခေတ္တသက်သာပြီး ပြန်ဖြစ်နေတာမို့ ရောဂါသိရဖို့အတွက် Colonoscopy လုပ်ဖို့ လိုအပ်လှကြောင်း အတန်တန်ပြောမှ သဘောတူ လက်ခံလို့လုပ်ကြည့်တော့ ဘယ်ဘက် အူမကြီးအောက်ပိုင်းမှာ အနာဖြစ်နေတဲ့ အလုံးအဖု ၂ လုံး ၃ လုံးတွေ့ရပါတယ်။ အသားစကို စစ်ဆေးကြည့်တော့ အူမကြီးကင်ဆာဖြစ်နေပါတယ်။ လူနာကတော့ ၀မ်းမမှန်တာကလွဲလို့ သူနေကောင်းကြောင်း အသက်ကကြီးပြီဖြစ်လို့ မခွဲမစိတ်ဘဲ ကုသပေးဖို့ပြောပါတယ်။ ဆေးဝါးနဲ့ကုသဖို့က အလုံးအဖုက ကြီးနေပြီး ဆေးဝါးဒဏ်ကိုလည်း မခံနိုင်မှာစိုးတာနဲ့ ယခုထိတော့ ထပ်မံရှင်းပြဖို့စီစဉ်နေပါတယ်။ လူနာ၏ မိသားစုအချို့ကလည်း အသက်ကြီးပြီမို့ နောင်အခါ သက်တောင့်သက်သာဖြစ်စေဖို့ပဲ လိုလားပါတယ်။

          မစင်အိမ်နဲ့ စအို၀ကင်ဆာတွေကတော့ လိပ်ခေါင်းရောဂါလက္ခဏာတွေဖြစ်တဲ့ ၀မ်းသွားတဲ့အခါ စအို၀က သွေးယိုစီးခြင်း၊ စအို၀ကျွံထွက်ခြင်းတွေဖြစ်တတ်ပါတယ်။ ၀မ်းကိုက်တဲ့လက္ခဏာတွေလည်းရှိတတ်လို့ လိပ်ခေါင်းရောဂါ၊ ၀မ်းကိုက်ရောဂါနဲ့ စအိုမစင်အိမ်ကင်ဆာတွေဟာ ဆင်တူယိုးမှားရောဂါ လက္ခဏာတွေ ပြတတ်ပါတယ်။ ဒါကြောင့်လည်း မှားပြီးကုသပေးတတ်ကြပါတယ်။ တချို့မှာတော့ ဒီရောဂါတွေဟာ တစ်ချိန်တည်းမှာပဲ အတူရှိနေကြလို့ရောဂါတစ်ခုကို ကုသပြီးပေမဲ့ ကျန်တဲ့ရောဂါက ရောဂါလက္ခဏာတွေပြ တာတ်ို့ ရောဂါအမြစ် မပြတ်ဘဲ ဖြစ်နေတတ်ပါတယ်။ များသောအားဖြင့် တွေ့ရတာက အဖြစ်များတဲ့ လိပ်ခေါင်းရောဂါနဲ့ ၀မ်းကိုက်ရောဂါကို ကုသပေးပြီးပေမဲ့ ကင်ဆာရောဂါက ကျန်နေသေးလို့ ရောဂါက ခေတ္တသက်သာပြီး မကြာမီရောဂါလက္ခဏာတွေ ပြန်ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရောဂါလက္ခဏာတွေ သိပ်မသဲကွဲတဲ့အခါမှာတော့ အူမကြီးနဲ့မစင်အိမ်၊ စအိုတွေမှာ အခြားရောဂါတွေ ရှိ၊ မရှိ သေချာစွာ မှန်ပြောင်းကြည့်စစ်ဆေးဖို့ လိုအပ်လှပါတယ်။ ဒီဧရိယာတစ်၀ိုက်မှာ ကင်ဆာဖြစ်နေပါက ၀မ်းသွားရတာခက်ခဲပြီး ၀မ်းကျန်သလိုခံစားရကာ ၀မ်းသွားမှု မပြည့်မစုံဖြစ်နေတတ်ပါတယ်။ သွေးစိမ်းသက်သက် အစက်လိုက်၊ ပန်းထွက်တာ မဟုတ်ဘဲ သွေးအညိုအမည်း အခဲတွေဟာ ၀မ်း၊ ချွဲတွေနဲ့ရောပြီး ပါလာတတ်ပါတယ်။ စအို၀နားနီးတဲ့ ကင်ဆာတွေကိုတော့ လက်ညှိုးနဲ့ စမ်းသပ်တွေ့ရှိနိုင်သလို မစင်အိမ်အတွင်းကြည့် proctoscope ကိရိယာနှင့်လည်း စမ်းသပ်တွေ့ရှိနိုင်ပြီး အသားစကို ညှပ်ယူကာ ဓာတ်ခွဲစမ်းသပ်နိုင်ပါတယ်။

          ဒီကင်ဆာရောဂါမှာလည်း ပဋိဇီ၀ဆဲလ်အမျိုးအစားတွေ ကွဲပြားခြားနားသလို ရောဂါအဆင့်ကိုလည်း ခွဲခြား ထားပါတယ်။ များသောအားဖြင့် အူမကြီးအတွင်းပိုင်း အမြှေးပါးက ဖြစ်ပေါ်တဲ့ Adeno carcinoma နဲ့ စအိုအပြင် အရေပြားက စဖြစ်တဲ့ Squamous cell carcinoma ဖြစ်ကာ ဆဲလ်တွေ လုံး၀ပုံပန်းသဏ္႑ာန် ပြောင်းလဲပြီးဖြစ်လာတဲ့ ကင်ဆာကတော့ Anaplastic Carcinoma ဖြစ်ကာ ကြီးထွားမှုနှုန်းမြန်ဆန်ပြီး၊ ခန္ဓာကိုယ် အခြားနေရာများသို့ ပြန်နှံ့မှု မြန်ဆန်ခြင်းတို့ကြောင့် လူကို မြန်မြန်ဆန်ဆန် ဒုက္ခပေးတတ်ပါတယ်။ ရောဂါအဆင့် အနေနဲ့တော့ အဆင့် A မှာ ရောဂါဟာ အမြှေးပါးမှာပဲစဖြစ်ပြီး အဆင့် B မှာတော့ အူမကြီး နံရံကြွက်သားတွေကို စတင်ထိုးဖောက် နေပြီဖြစ်ပါတယ်။ အဆင့် C မှာတော့ အူမကြီးနံရံကို ဖောက်ထွင်းပြီး အဆီရည်ကျိတ်တွေအထိ ကင်ဆာရောဂါက ပျံ့နှံ့နေတတ်ပါတယ်။ အူမကြီးနံရံနဲ့ ကပ်လျက် အဆီရည်အကျိတ်မှာ ကင်ဆာပျံ့နေပါက “Duck C1” ဖြစ်ပြီး သွေးကြော တစ်လျှောက်အကျိတ်မှာ ကင်ဆာရှိတဲ့အခါ “C2” ဖြစ်ပါတယ်။ ခန္ဓာကိုယ်သွေးကြောမကြီး Aorta ဘေးက အကျိတ်တွေမှာ ကင်ဆာဆဲလ်တွေ ရှိနေပါက C3 ဖြစ်ပါတယ်။ အခြားအင်္ဂါအစိတ်အပိုင်းများဖြစ်တဲ့ အသည်း၊ အဆုတ် စတာတွေအထိ ကင်ဆာဆဲလ်တွေ ပြန့်နေခြင်း၊ ၀မ်းဗိုက်အမြှေးပါးမှာ Seeding တွေဖြစ်ကာ သွေးစွန်းတဲ့ဖျဉ်းရည်တွေ ထွက်နေပါက Stage IV & D အဖြစ် သတ်မှတ်ကြပါတယ်။ ဒီကင်ဆာတွေဟာ မူမှန်မှုနည်းပြီး ဖျက်စွမ်းအားမပြင်းဘဲ ရောဂါအဆင့် လည်း နုသေးပါက ကုသရာမှာ သက်သာပျောက်ကင်းမှုရာခိုင်နှုန်းများပါတယ်။ ရောဂါအဆင့်မြင့် သူတွေမှာလည်း ဖြစ်နိုင်ပါက သက်သာစေဖို့ ခွဲစိတ်ကုသပေးနိုင်ပြီး ရောဂါအမြန်ထမလာစေဖို့ ဆေးဝါးများပါ ထပ်လောင်း ဆောင်းပေးကြရပါတယ်။ လူနာက သဘောမတူ၊ လက်မခံတဲ့အခါမှာတော့ ဆေးဝါးနဲ့ အဓိက ကုသပေးကြပါတယ်။ ဒါကလည်း လူနာက ဆေးဝါးဒဏ်ကို ခံနိုင်ရည်ရှိဖို့တော့ လိုအပ်ပါတယ်။ တချို့လူနာတွေမှာ ကင်ဆာအလုံးအဖုက အူ၊ မစင်အိမ်၊ စအိုတွေကို ပိတ်ဆို့နေခြင်း၊ ကင်ဆာအနာက ၀မ်းဗိုက်အတွင်း ပေါက်ထွက်ခြင်း၊ သွေးယိုစီးမှု မရပ်ခြင်း ဖြစ်ပါက စွန့်စားပြီးခွဲစိတ်ပေးဖို့ လိုအပ်လာပါပြီ။ အဓိက ကုသမှုအနေနဲ့ကတော့ ခွဲစိတ်ဖြတ်ထုတ်ပြီး ဆေးဝါးဖြင့် ကူညီပံ့ပိုးပေးရခြင်းဖြစ်ပါတယ်။

          ခွဲစိတ်ကုသရာမှာလည်း ရောဂါဘယ်နေရာမှာ ဖြစ်နေတယ်၊ ဘယ်လောက်ထုပမာဏရှိတယ်။ လူနာရဲ့ ခံနိုင်ရည်အား ဘယ်လောက်ရှိတယ်ဆိုတာတွေ ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ယေဘုယျအားဖြင့်တော့ ကင်ဆာဖြစ်နေတဲ့အပိုင်းကို ဖြတ်ထုတ်ပြီး ကျန်တဲ့အပိုင်းတွေကို ပြန်ဆက်ပေးရတဲ့ ခွဲစိတ်မှုပဲဖြစ်ပါတယ်။ ဖြစ်နိုင်ရင်တော့ စမ်းကြည့်လို့ရတဲ့ အဆီရည်ကျိတ် Lymph node တွေကိုပါ တစ်ကြိမ်တည်းခွဲစိတ်ထုတ်ပစ်ကြပါတယ်။ အူမကြီးရဲ့ ညာဘက်အခြမ်းမှာ ကင်ဆာဖြစ်နေပါက ဒီအစိတ်အပိုင်းတစ်ခုလုံးကို ဖြတ်ထုတ်ပြီး အူသိမ်နဲ့ ကျန်တဲ့အူမကြီးကို ပြန်ဆက်ပေးပါတယ်။ ဒါကိုတော့ Right Hemicolectomy with iliotransverse Colonstomy လုပ်ပေးရပါတယ်။ Pelvis Colum ကင်ဆာမှာလည်း ဒီကင်ဆာဖြစ်တဲ့အပိုင်းကို ဖြတ်ထုတ်ပေးရပါတယ်။ မစင်အိမ် Rectum မှာတော့ အပေါ်ပိုင်းမှာ ကင်ဆာဖြစ်နေပါက အဲဒီအပိုင်းကိုပဲဖြတ်ထုတ်ပြီး ပြန်ဆက်ပေးကြပါတယ်။ ဒါကိုတော့ anterior Restorative Resection လို့ခေါ်ပြီး ဗိုက်မှာ မစင်ထွက်ဖို့ အပေါက်ဖောက်ပေးစရာမလိုပါဘူး။ ဒါပေမဲ့ ကင်ဆာက မစင် အိမ်အောက်ပိုင်းမှာ ဖြစ်နေပြီး လက်ညှိုးတစ်ဆုံးအတွင်းမှာ စမ်းလို့ရပါက ပြန်ဆက်ဖို့ခက်ခဲပြီး ရောဂါ ကြွင်းကျန်နေပြီး ပြန်ဖြစ်မှာစိုးလို့ ၀မ်းဗိုက်နဲ့ စအိုပိုင်းကနေ ပြိုင်တူခွဲစိတ်ပြီး ကင်ဆာအပေါ်နားကနေ မစင်အိတ်နဲ့ စအိုအားလုံးကို ခွဲစိတ်ထုတ်ပစ်ပြီး ၀မ်းသွားနိုင်ဖို့ ၀မ်းဗိုက်ဘယ်အောက်ပိုင်းမှာ အူမကြီးကို ဆွဲထပ်ထားပေးရပါတယ်။ ဒီခွဲစိတ်နည်းကိုတော့ Combined abdomino perineal excision with pelvic colostomy လုပ်ပေးတယ်လို့ခေါ်ပါတယ်။ တချို့ကတော့ စအို၀ကနေ ၂ လက်မအထိမှာ စမ်းလို့ရတဲ့ ကင်ဆာကို stepler များဖြင့် ဖြတ်ပြီးပြန်ဆက်ပေး ကြပါတယ်။ ခုခေတ်မှာတော့ မှန်ပြောင်းများဖြင့် Leproscopic Surgery လုပ်ပေးနိုင်လို့ စအို၀နဲ့သိပ်နီးကပ်နေတဲ့ ကင်ဆာမှလွဲပြီး အခြားနေရာက ကင်ဆာတွေကို စအို၀အသစ်မလုပ်ဘဲ ခွဲစိတ်ကုသပေးနိုင်ကြပါပြီ။ ဒီလိုခွဲစိတ်ဖြတ်တောက်ပြီး ပြန်ဆက်တဲ့အခါ ဗက်တီးရီးယားရောဂါပိုး မ၀င်ဖို့ ပြန်ဆက်တဲ့ နေရာက ၀မ်းမယိုထွက်ဖို့ အရေးကြီးပါတယ်။ တချို့အသည်းတစ်နေရာရာမှာ အမြစ်တွယ်ပွားများနေပါက အဲဒီအသည်း အစိတ်အပိုင်းကိုပါဖြတ်ထုတ်ပေးခြင်းဖြင့် အသက်ပိုရှည်ရှည် နေနိုင်ကြတာတွေ့ရှိရပါတယ်။ စအို၀ကင်ဆာတချို့က ဓာတ်ရောင်ခြည်ဖြင့် ကုသလို့ ထိရောက်လို့ ရောဂါကျန်နေသေးတယ်ထင်ပါက Radio Therapy ကိုပါပေးရပါတယ်။ ကင်ဆာ ကုသဆေးတွေကိုတော့ ဖြစ်နိုင်ပါက ခွဲစိတ်ပြီးတဲ့ လူနာတိုင်းမှာ ဆက်လက်အသုံးပြုကြပါတယ်။ ကင်ဆာရောဂါက အသားပိုလုံးမှာပဲ ဖြစ်နေခြင်း၊ အမြှေးပါးပေါ်မှာ ဖြစ်ခါစဆိုပါက ဒီအသားလုံး ကို ဖြတ်ထုတ်ခြင်း၊ ရောဂါရှိနေတဲ့ အမြှေးပါးကို ခွဲထုတ်တဲ့ နည်းလမ်းများဖြင့် ၀မ်းဗိုက်ခွဲစိတ်ဖို့ မလိုဘဲ ကုပျောက်ကင်းနိုင်ပါကြောင်းဖြင့် နိဂုံးချုပ်အပ်ပါသည်။

Credit: ဒေါက်တာမြသိန်းဟန် (အထွေထွေခွဲစိတ်အထူကု ဆရာ၀န်ကြီး)

ဇီ၀က (ကျန်းမာရေး၊ အလှအပ၊ သုတ၊ ရသ) မဂ္ဂဇင်း

No- 248, September, 2015

www.drmyanmar.com