အမျိုးသားများတွင် အဖြစ်များသောရောဂါများ ကြောက်စရာခြေထောက်အနာဆီးချိုရောဂါသည်မှာ
ဘာကြောင့် ဆီးချိုရောဂါသည်တွေမှာခြေထောက်အနာဖြစ်တဲ့အခါ စိုးရိမ်စရာ၊ ကြောက်စရာဖြစ်ရပါသလဲ။
အနာက ဖြစ်စမှာသေးငယ်ပြီးဒုက္ခသိပ်မပေးလို့ လူနာကဂရုမစိုက်ပါကအနာဟာတဖြည်းဖြည်းရင်းပြီး ပုပ်ဆွေး ကြီးမားကာအနာအောက်ကအရွတ်တွေ၊ အသားတွေကိုပါ လှိုက်စားပြီးပုပ်ရိကုန်လို့ သာမန်အရေးမကြီးဘူးလို့ ထင်ရတဲ့ အနာလေးကနေနောက်ဆုံးခြေထောက်ကို ဖြတ်ထုတ်ခြင်း၊ သွေးဆိပ်တက်ပြီးအသက်ပါ ဆုံးရှုံးရခြင်းများ ဖြစ်တတ်လို့ “ကြောက်စရာ့ခြေထောက်အနာဆီးချိုရောဂါမှာ” လို့ တင်ပြရခြင်းဖြစ်ပါတယ်။
ဒီရောဂါဟာအမျိုသားနဲ့ အမျိုးသမီးတွေမှာ ဖြစ်တတ်ကြပေမဲ့ အမျိုးသားတွေကမိမိကျန်းမာရေးကိုဂရုစိုက်မှု နည်းပါးတာရယ်၊ သွားလာလှုပ်ရှားမှု များပြားလို့ မတော်တဆထိခိုက်မှု ပိုများတာရယ် စတာတွေကြောင့် အနာအကျက်နှေးပြီးနောက်ဆက်တွဲရောဂါအဖြစ် အနာထဲ ပိုး၀င်ဖျက်ဆီးမှုကြောင့် ယခုလိုကြေကွဲစရာအဖြစ်ဆိုးများနဲ့ ကြုံတွေ့ကြရတာဖြစ်ပါတယ်။ တချို့က သွေးချိုဓာတ်လွန်ကဲနေတဲ့ ဆီးချိုရောဂါရှိနေတယ်ဆိုတာကိုပင် သတိမထားမိ တတ်ကြပါဘူး။ အနာကအကျက်နှေးပြီး ပြည်တစိုစိုနဲ့ ပုပ်ရိနေမှ သမားတော်ကို ပြသရာသွေးအတွင်းတချို့ သကြား ဓာတ်ကိုစစ်ဆေးကြည့်မှပဲသိရသလိုတချို့ကတော့ ဆီးကိုပုရွတ်ဆိတ်တွေအုံနေမှပဲ ဆီးချိုရောဂါဖြစ်နေကြောင်း သိကြရပါတယ်။ အထူးသဖြင့်တော့ ကျန်းမာရေးအသိပညာခေါင်းပါးတဲ့ ကျေးလက်တောရွာတွေမှာနဲ့ တစ်နေ့လုပ်မှ တစ်နေ့စားကြရတဲ့ သူတွေမှာတွေ့ရတာများလှပါတယ်။ အဓိကကတော့ ကျန်းမာရေးအသိပညာခေါင်းပါးမှုဟာ ပင်မတရားခံပဲဖြစ်ပါတယ်။ ဘာကြောင့်ဆီးချိုရောဂါသည်တွေမှာ ဘယ်လိုဖြစ်ကြရသလဲဆိုတော့ ဒီရောဂါမှာ သွေးတွင်းအချိုဓာတ် (Glucose) များသလိုသွေးကြောမွှားကလေးတွေရဲ့ အမြှေးပါးကို အလွယ်တကူ ရေနဲ့အတူ ဖြတ်သန်းသွားနိုင်တဲ့ အချိုဓာတ်တွေဟာ ပဋိဇီ၀ဆဲလ်တွေနဲ့ ဒီဆဲလ်တွေရဲ့ ကြားနေရာမှာရှိတဲ့ အရည်တွေထဲကို လည်းစိမ့်၀င်နိုင်တာမို့ ဒီ Intercellular space တွေမှာလည်း Glucose level ဟာများနေပါတယ်။ ဒီ Glucose တွေကပိုးမွှားတွေအတွက် အာဟာရဖြစ်ပြီးပိုးမွှားတွေ၊ အထူးသဖြင့် Bacteria တွေဟာသာမန်နေရာတွေမှာထက် ပေါက်ဖွားကြီးပွားမှု မြန်ဆန်များပြားပြီး အဆိပ်အတောက်တွေ ထုတ်ပေးတာမို့ ဒီလိုလူနာမျိုးမှာအနာဟာပိုရင်းပြီး ရောင်ရမ်းနေတတ်ပါတယ်။
ဒီမှာ Tissue Resistance လျော့ပါးသွားတာပါ ရှိနေလို့ရောဂါဟာပိုပြင်းထန်လာခြင်းလည်းဖြစ်ပါတယ်။ အသက်ကြီးတဲ့သူတွေမှာတော့ ဆီးချိုရောဂါဟာသွေးအတွင်း အချိုဓာတ်အပြင်အဆီဓာတ်များဖြစ်တဲ့ Cholesterol တွေပါ များနေပြီးမကောင်းတဲ့ LDL (Low Density Lipid) တွေကြောင့် အဆီတွေ အနည်ထိုင်ကာသွေးကြောနံရံတွေ မာကြောလာခြင်းနဲ့ ကျဉ်းမြောင်းမှုတွေလည်းဖြစ်လာပါတယ်။ အထူးသဖြင့် အသက်ကြီးရင့်သူတွေ၊ ဆီးချိုရောဂါ ကိုမထိန်းသိမ်း၊ မလျှော့ချနိုင်သူတွေမှာတွေ့ရပါတယ်။ အလွယ်ကူဆုံးဥပမာပြရရင်တော့ သံပိုက်တွေမှာသံချေး တက်ပြီးကျဉ်းမြောင်းသွားသလိုပါပဲ။ အဲဒီအခါမှာဆီးချိုရောဂါကနေသွေးတိုးရောဂါပါ ထပ်တိုးဖြစ်ပွားလာပါတယ်။ ဒီလို သွေးလွှတ်ကြောတွေ ကျဉ်းသွားတာကိုဦးနှောက်သွေးကြောတွေ၊ မျက်စိအတွင်းသွေးကြောတွေ၊ နှလုံးသွေးကြောတွေ၊ ကျောက်ကပ် သွေးကြောတွေ၊ အူရဲ့သွေးကြောတွေနဲ့ ခြေထောက်သွေးကြောတွေမှာတွေ့ကြရပါတယ်။ ဦးနှောက်သွေးကြောတွေ မာတောင့်ကျဉ်းမြောင်းပြီးသွေးတိုးရောဂါထတဲ့အခါမှာ ပေါက်ထွက်ကာလေဖြတ်ခြင်း၊ မျက်စိအတွင်းသွေးကြော Retinal vessel တွေ ထိခိုက်တဲ့အခါမှာတော့ Retina ခေါ်တဲ့ မျက်စိအတွင်းအာရုံခံအလွှာ ပျက်စီးသလိုအာရုံကြောသွေးကြောတွေပါ ပျက်စီးလို့မျက်စိမှုန်ကာအမြင်စွမ်းအားကျဆင်းခြင်းတွေ့ရပါတယ်။
နှလုံးသွေးကြောကျဉ်းတဲ့အခါမှာတော့ နှလုံးကောင်းစွာအလုပ်မလုပ်နိုင်တော့လို့ လူနာဟာအမောမခံနိုင်ဘဲ ရင်ဘတ်အောင့်နာမှုကို ခံစားရကာကံဆိုးလွန်းသူတွေမှာတော့ နှလုံးသွေးကြော ရုတ်တရက်ပိတ်ကာ ရုတ်ခြည်းအသက်ဆုံးရှုံးရသည်အထိ ဒုက္ခဖြစ်တတ်ပါတယ်။ ကျောက်ကပ်သွေးကြော ကျဉ်းသူတွေမှာတော့ Rental Ischemia သွေးသွားလာမှု နည်းပါးလို့ သွေးကြောအကျဉ်းအကျယ်ကို ထိန်းသိမ်းတဲ့ လုပ်ငန်းချွတ်ယွင်းပြီး သွေးတိုး မှုကိုပိုမိုဆိုးရွားစေကာ နောက်ဆုံးကျောက်ကပ်ပျက်စီးသည်အထိ အန္တရာယ်ပေးတတ်ပါတယ်။ အူတွေကိုသွေးပို့ ပေးတဲ့သွေးကြောတွေ ကျဉ်းတဲ့အခါမှှာတော့ သွေးသွားလာမှု နည်းနေတတ်ပြီး အစာစားပြီစအစောခြေဖျက်ဖို့ သွေးတွေလုံလောက်စွာ မပေးနိုင်တဲ့အခါမှာ Intestinal angina ခေါ်တဲ့ လေထိုးလေအောင့် အစာမကြေကို ဖြစ်စေတတ်ပါတယ်။ ခြေထောက်တွေမှာ လည်း သွေးကြောကျဉ်းတဲ့အခါ သွေးသွားလာလည်ပတ်မှု ယိုယွင်းနေလို့ ခြေထောက်တွေ အေးစက်ထုံကျဉ်နေပြီး ခရီးေ၀းလမ်းမလျှောက်နိုင်ဘဲမကြာခဏရပ်နားနေရတဲ့ Intermittent claudication ရောဂါ လက္ခဏာကိုဖြစ်ပေါ်စေပါတယ်။ သွေးသွားလာလှည့်ပတ်မှု ယိုယွင်းတော့ Tissue perfusion မကောင်းဖြစ်ပြီး အာဟာရအပြည့်အ၀မရတော့ အနာဖြစ်တဲ့အခါမှာ အနာကျက်မှုဟာလည်း နှေးကွေးသွားပါတယ်။
ဆီးချိုရောဂါသည်တွေမှာ Tissue တွေအတွင်းမှာအချိုဓာတ်များပြီး ရောဂါပိုးမွှားများမှုကိုအားပေးသလို ခန္ဓာကိုယ်ရဲ့ ခုခံအားကိုလည်းကျဆင်းစေပါတယ်။ ဒီ့အပြင် သွေးလည်ပတ်မှုမကောင်းလို့ ရောဂါပိုးတွေ ကို ပြန်လည်တိုက်ထုတ်ပေးမည့် သွေးဖြူဥတွေကိုလည်းလုံလောက်စွာမပို့ပေးနိုင်လို့ ရောဂါပိုးတွေ ထင်တိုင်းကျဲနေတတ် ပါတယ်။ တိုက်ပွဲတစ်ခုမှာလမ်းပန်းဆက်သွယ်ရေးမကောင်းလို့ စစ်ကူမပို့ပေးနိုင်တဲ့အခါမှာ စစ်ရှုံးပြီးမိမိနယ်ပယ်တွေမှာ ရန်သူတွေ ရမ်းကားဖျက်ဆီးမှုကိုခံရသလိုပါပဲ။ ဒီအကြောင်းအချက်နှစ်ခုအပြင် ဆီးချိုရောဂါမှာ Vasa vasorum ခေါ်တဲ့ အာရုံကြောတွေကိုသွေးကနေ တစ်ဆင့် အာဟာရဖြည့်ပေးတဲ့ သွေးကြောငယ်တွေပါ ထိခိုက်ပျက်စီးစေတတ်တာမို့ အာရုံကြောတွေကောင်းစွာ အလုပ်မလုပ်နိုင်တော့ဘဲထုံကျဉ်ကိုက်ခဲခြင်း၊ အာရုံခံမှု ယိုယွင်းကာထိခိုက်မိတဲ့ အခါမှာလည်းနာလို့ နာမှန်းမသိဘဲထပ်ခါတလဲလဲထိခိုက်မိလို့ သာမန်အချိန်တိုအတွင်းသက်သာပျောက်ကင်း ရမည့် အနာဟာမပျောက်ကင်းနိုင်ဘဲအနာအကျက်နှေးကွေးခြင်း၊ ဗက်တီးရီးယားပိုးများထကြွပွားများဖျက်ဆီးလို့ အနာရောင် ကိုင်းပြီးပုပ်ဆွေးကာ သွေးဆိပ်တက်ခြင်းများ ဖြစ်တတ်လို့ ဒီသွေးချိုလွန်ကဲတဲ့ ဆီးချိုရောဂါသည်တွေမှာ ဂရုစိုက်ပြုစု ကုသပေးနိုင်ပါမှ နောက်ဆက်တွဲအဖြစ်ဆိုး (complication) များကိုတားဆီးကာကွယ်နိုင်ပြီး သက်သာပျောက်ကင်းနိ်ုင်မှာဖြစ်ပါတယ်။
အတိုချုံးအားဖြင့်တော့ အာရုံကြောတွေ ထိခိုက်ယိုယွင်းမှုကြောင့် အာရုံခံစားမှုများချို့တဲ့ကာဖိနှိပ်အား၊ အပူရှိန်နှင့် ထိခိုက်ဒဏ်ရာရမှုများကိုမတားဆီးနိုင်ဘဲနာကျင်ခြင်းကင်းမဲ့မှုကလည်း ကြွက်သားများထိန်းသိမ်းမှု အားနည်းစေပြီး ခန္ဓာကိုယ်ကိုမထိန်းသိမ်းနိုင်စေတဲ့ ဒဏ်ရာအလွယ်တကူရစေပါတယ်။ အင်္ဂလန်နိုင်ငံမှာတော့ အာရုံကြောယိုယွင်းသွားတဲ့ ဆီးချိုရောဂါသည် 20% ခန့်ရှိပြီးလူနာ 1000 မှာ 0.5 မှ 5 ဦးမှာ ခြေထောက် ဆုံးရှုံးကြရပါတယ်။ အသက်ကြီးရင့်သူတွေမှာတော့ မမြင်မကန်းဖြစ်ရတာရယ်၊ ခန္ဓာကိုယ်ကိုမထိန်းနိုင် တာရယ်၊ သွေးတိုးရောဂါ၊ အဆီများတဲ့ရောဂါနဲ့ ဆေးလိပ်၊ အရက်သောက်မှုတွေကြောင့် ခြေထောက်မှာ အနာပိုဖြစ်တတ်ပါတယ်။ အာရုံကြောနဲ့ သွေးကြောတွေ ယိုယွင်းတာအပြင် မကြာခဏထိခိုက်မိခြင်း၊ အပူလောင်ခြင်း၊ တာရှည်ဖိမိခြင်းတို့ ဖြစ်ပြီးကျပ်တည်းတဲ့ ဖိနပ်တွေကတော့ အနာဖြစ်ရခြင်းအတွက် အများဆုံးအကြောင်းရင်း တစ်ခုဖြစ်ပါတယ်။ အရေပြားပေါက်ပြဲအနာဖြစ်ပြီးနောက် ပိုး၀င်ဖျက်ဆီးခြင်း၊ သွေးသားလည်ပတ်မှု ချွတ်ယွင်းခြင်းနှင့် ဆက်လက်ထိခိုက်မိခြင်း၊ ကုသမှု အားနည်းခြင်းတို့ဟာ အနာကိုအကျက်နှေးစေပြီး ပုပ်ဆွေးရိရွှဲကာ အပေါ်ယံအနာကနေ အရိုးထိဖျက်ဆီးတဲ့ ပုပ်ဆွေးရောင်ရမ်းမှုကိုပါဖြစ်စေလို့ ခြေထောက်ဖြတ်ခံရတဲ့အထိ ဒုက္ခပေးတတ်ပါတယ်။ များသောအားဖြင့် ဆီးချိုခြေထောက် အနာတွေဟာနာကျင်မှုမရှိဘဲဖက်ခွက်နာ (Punch cut) များကအသားမာ နေရာတွေ မှာ ဖြစ်ကာရောင်ကိုင်းပြီး ပြည်များရှိကာအနံ့ဆိုးနေကြပါတယ်။ တချို့က ခြေဖဝါးအနာသားမှာ ရှိတတ်ပြီးတချို့ကတော့ ခြေမကြီးအရင်း ခြေဖဝါးမှာ ရှိကြကာခြေထောက်ဟာ အေးစက်ပြီး အရေပြားပါးလွှာနေတတ်ပါတယ်။
အသေးအမွှားအနာလေးကနေ ခြေထောက်ဖြတ်ရသည်အထိ ဖြစ်တတ်လို့ ဆီးချိုရောဂါ သည်တွေမှာ ခြေထောက်ကိုအထူးဂရုစိုက်စစ်ဆေးပြီး ဘာကြောင့်ပဲဖြစ်ဖြစ် အနာဖြစ်ပေါ်လာပါက ထိထိမိမိကုသပေးဖို့ လိုအပ်လှပါတယ်။ Prevention is better than cure ဖြစ်တာမို့ အသိသတိရှိရှိဖြင့် မိမိခြေထောက်ကို သန့်ရှင်းခြောက်သွေ့ စွာထားပြီးနေ့စဉ် ဂရုစိုက်စစ်ဆေးဖို့ လိုအပ်သလိုခြေသည်းတွေကိုလည်း အသားအရေပြားကိုမထိခိုက်စေဘဲ အပတ်စဉ် ညှစ်ပစ်ဖို့ လိုအပ်လှပါတယ်။ ကျပ်တည်းပြီး အံ၀င်ခွင်ကျမဖြစ်သော ဖိနပ်များကိုမစီးဘဲမထိခိုက်မိအောင် ဂရုစိုက်သွားလာနေထိုင်ကြရမှာဖြစ်ပါတယ်။ အထူးသဖြင့်တော့ ဆီးချိုရောဂါကိုကောင်းစွာ မထိန်းနိုင်သူတွေ၊ မကြာခဏထိခိုက်ချော်လဲဒဏ်ရာရသူတွေမှာ အဖြစ်များတာမို့ သွေးချိုကိုမကြာခဏတိုင်းကြည့်ပြီးသင့်တော်တဲ့ ဆီးချို ထိန်းဆေးတွေကိုစားသောက်ခြင်း၊ ထိုးခြင်းများ ပြုလုပ်ပေးသင့်ပါတယ်။ အစားအသောက်၊ အနေအထိုင်ဆင်ခြင်ဖို့ကလည်း အလားတူအရေးကြီးလှပါတယ်။
စာရေးသူ၏ လူနာတစ်ဦးဟာအသက် 70 ကျော်ပြီးယားဖုလေးကို ကုတ်ခြစ်မိရာက အနာလေးဖြစ်ပါတယ်။ ဆီးချိုထိန်းဆေးတွေပေးပြီး ပိုးသတ်ဆေးပေးကာ အနာကိုသန့်ရှင်းစွာ ထားပြီး ဆေးထည့်ပေးခိုင်းထားပါတယ်။ အာရုံကြောထိခိုက်ထားလို့ မနာတာနဲ့ လူနာကဂရုမစိုက်ဘဲ ညွှန်ကြားချက်တွေကို ကောင်းမွန်စွာမလိုက်နာဘဲ၊ သင်္ကြန်ပြီးလို့လာပြတော့ အနာကရောင်ကိုင်းပြီးအသားတွေပုပ်ဆွေးနေလို့ တဖြည်းဖြည်း ဖြတ်ထုတ်ပေးရင်း ခြေဖဝါး အရိုးတွေပဲ ကျန်တော့လို့ ခြေထောက်ကိုဒူးအောက်ကနေ ဖြတ်ပေးလိုက်ရပါတယ်။
အခြားတစ်ဦးကတော့ အသက် 65 နှစ်အရွယ်ရှိပြီးခြေထောက် တစ်ဖက်ဖြတ်ပြီးသားဖြစ်ပါ တယ်။ ဆေးကို မှန်မှန်မသောက်ဘဲအစားလည်းမလျှော့လို့သွေးချိုတွေ အဆမတန်တက်ပြီး ကျန်ခြေတစ်ဖက်မှာလည်းအနာဖြစ်ကာ ပုပ်ရိလာလို့ ဒူးအထက်မှာဖြတ်ပေးလိုက်မှပဲ သွေးဆိပ်တက်မှုကိုထိန်းနိုင်ပြီး ပြောစကားနားမထောင်၊ ညွှန်ကြားချက် မလိုက်နာပါက အသက်ပါဆုံးရှုံးသွားနိုင်တယ်ဆိုမှပဲ သူ့စိတ်ကို သူထိန်းပြီးကုသမှုခံယူလို့ ယခုအခါမှာတော့ မပေါင်တိုအဖြစ် ဘီးတပ်လှည်းကိုပဲအသုံးပြုနေရပါတယ်။ လောလောဆယ် အသက် 50 ၀န်းကျင် ဇနီးမောင်နှံ မှာတော့ ခြေဖဝါး၊ ခြေခုံတွေဖြစ်တဲ့ အနာတွေကို တတ်ယောင်ကားကုရာမှ ကြွက်သားကြောတွေပေါ်လာပြီး အနားသားထူကာ ပြည်တွေဖြစ်လာလို့ မကောင်းတဲ့အသားစတွေကို စနစ်တကျကုသပေးလို့ လုံး၀ပျောက်ကင်းနေပါတယ်။ ဒါပေမဲ့ ဂရုမစိုက်ပါက ပြန်ဖြစ်တတ်လို့ ဘာကြောင့်ဆီးချိုရောဂါမှာ အနာအသေးအဖွဲကနေ ကြီးကျယ်လာပြီးဆက်လို့ ဒုက္ခပေးတတ်တယ်။ ဘာတွေ ဂရုစိုက်ရမယ် စတာတွေကိုရှင်းပြပေးလိုက်ရပါတယ်။ အစားအသောက် အနေအထိုင်ကစပြီးဆေးကိုမှန်မှန်သောက်ကာဘယ်လို Monitor လုပ်ရမယ်ဆိုတာတွေကို လိုက်နာဆောင်ရွက်နိုင်ရင်တော့ ဆီးချိုရောဂါရှိနေပေမဲ့ သက်တမ်းစေ့အသက်ရှင်သန်နိုင်မှာဖြစ်ကြောင်း၊ မိမိခြေထောက်မှာ အနာမဖြစ်ပေါ်လာစေဖို့ ဘယ်လိုဂရုစိုက်ဆောင်ရွက်ရမယ်ဆိုတာတွေကို ဆီးချိုရောဂါရှိသူတိုင်းလိုက်နာ ဆောင်ရွက်နိုင်ကြစေဖို့ ဆန္ဒပြုရင်းနိဂုံးချုပ်အပ်ပါသည်။
Credit; ပါမောက္ခဦးမြသိန်းဟန် (အထွေထွေခွဲစိတ်အထူးကု)
ဇီ၀က (ကျန်းမာရေး၊ အလှအပ၊ သုတ၊ ရသ) မဂ္ဂဇင်း
No. 243, April 2015















