အမျိုးအစား (2) သွေးချိုအင်ဆူလင်လိုပြီဆိုလျှင် စောစောထိုး
အမျိုးအစား (2) သွေးချိုလူနာသည် အင်ဆူလင်ထိုးဆေးထိုးရန် လိုတတ်ပုံကို ဆောင်းပါးနှစ်ခုလောက် ရေးဖူးသည်။ ယာယီမဟုတ်၊ အစဉ်အမြဲထိုးရန်လိုခြင်းဖြစ်သည်။ ဒီအကြောင်းဒီအပတ်ထပ်ရေးပါဦးမည်။ တစ်နေ့က မန္တလေးရောက်တော့ ငယ်သူငယ်ချင်းဆရာ၀န် တစ်ယောက်နှင့်တွေ့သည်။ သူကိုယ်တိုင်က သွေးချိုလူနာ၊ သွေးချို သောက်ဆေးပုံမှန်သောက်နေသည့် လူနာ၊ သွေးချိုဆေးသုံးမျိုးသောက်နေရာ၊ ယခင်က သွေးချိုပုံမှန်ထိန်းလို့ရပေမယ့် လွန်ခဲ့သည့် လေး၊ ငါး လကစပြီး သွေးချိုကထိန်းရခက်လာသည်ဟုဆိုသည်။ နံနက်အိပ်ရာထလည်းမြင့်၊ အစာစားပြီးနှစ်နာရီလည်းမြင့်၊ ဒီတော့ သူက စာရေးသူကိုမေးသည်။ ဘာဆက်လုပ်ရမလဲ။ အင်ဆူလင်ထိုးဖို့လိုပြီ လားဟု။ သူကတော့ အင်ဆူလင်ထိုးချင်ပုံသိပ်မပေါ်။ တခြားနည်းတစ်မျိုးမျိုးစမ်းချင်ပုံရသည်။
အင်ဆူလင်ထိုးဖို့လိုပြီဟုဆိုလျှင် သိမ်းရဆည်းရဤလုပ်ရှုပ်မှာ၊ ဆေးထိုးလို့အသားနာမှာ၊ ပြင်ရဆင်ရ စုတ်ရထိုးရ ကရိကထများမှာစိုးသဖြင့် သူသူကိုယ်ကိုယ် မထိုးချင်ကြ။ တတ်နိုင်သလောက် သောက်ဆေးလေးနှင့် ထိန်းချင်ကြသည်။ ဆရာ၀န်ကမဖြစ်မနေ ထိုးဖို့လိုပြီဟုဆိုလျှင်တောင် တတ်နိုင်သလောက် အချိန်လေးဆိုင်း ထားချင်ကြသည်။ သူငယ်ချင်းဖြစ်သူကိုတော့ အင်ဆူလင်ထိုးသင့်ပြီဟုယူဆကြောင်း၊ ပိုသေချာအောင် HbA1C စစ်ကြည့်ပြီး မြင့်တက်နေပါက မဖြစ်မနေထိုးသင့်ကြောင်း၊ အမှန်က ဒီထက်ပင်ခပ်စောစော အချိန်ကတည်းကထိုးလျှင် ပိုကောင်းကြောင်းအတိုချုပ်ရှင်းပြပြီး ဂျာနယ်မှာ အဲဒီအကြောင်းအသေးစိတ်ရေးဦးမည်ဟု ပြောထားခဲ့သည်။
လူကြီးတွေမှာဖြစ်သည့် အမျိုးအစား(2)သွေးချိုသည် ခန္ဓာကိုယ်ကလာပ်စည်းဆဲလ်များက အင်ဆူလင်တုံ့ ပြန်မှုနည်းခြင်းနှင့် မုန့်ချိုအိတ်မှအင်ဆူလင် အထုတ်နည်းခြင်းတို့ကြောင့်ဖြစ်ရာ အင်ဆူလင်ကို တုံ့ပြန်မှုနည်းခြင်းကစသည်။ နောက်မှ တဖြည်းဖြညး်မုန့်ချိုအိတ်မှ အင်ဆူလင်အထုတ်နည်းခြင်းက လိုက်သည်။ ထို့ကြောင့်လည်း ရှေ့ပိုင်းမှ သောက်ဆေးသုံးပြီးအင်ဆူလင်တုံ့ပြန်မှု ကောင်းအောင် လုပ်ရသည်။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ အ၀လွန်သူခန္ဓာကိုယ်အလေးချိန်ချခြင်းတို့ကလည်း အင်ဆူလင်ကိုအားကောင်းစေသည်။ သို့ပေမယ့် သွေးချို သက်တမ်းရင့်လာသည်နှင့် အင်ဆူလင်တုံ့ပြန်မှုက ပိုအားနည်းလာ၊ မုန့်ချိုအိတ်အင်ဆူလင်အထုတ်ကလည်း တဖြည်းဖြည်းပိုကျလာ၊ ဒီတော့ သွေးချိုရောဂါဖြစ်စဉ် သဘောသဘာ၀ဟုပဲဆိုရမည်။ သွေးချိုသက်တမ်းရင့်လေ၊ သွေးချိုထိန်းရခက်လေ၊ သောက်ဆေး အမျိုးအမည်နှင့် ပမာဏပိုလိုလာလေဖြစ်လေသည်။ ထို့ကြောင့် နောက်ပိုင်း ကုသရေးလမ်းညွှန်း များတွင် သွေးချိုကို စောစောသိအောင် ပုံမှန်စစ်၊ ရောဂါနုချိန်တွင် အကောင်းဆုံးအထိရောက် ဆုံးကု၊ လေ့ကျင့်ခန်းပုံမှန်လုပ်၊ ကိုယ်အလေးချိန် မများအောင်ထိန်း၊ နောက်ဆက်တွဲပြဿနာများမ၀င်ခင်ကု၊ သို့မှသာ အင်ဆူလင် တုံ့ပြန်မှုလည်းကောင်း၊ မုန့်ချိုအိတ်မှ အင်ဆူလင်ပုံမှန်ထွက်အောင် ထိန်းထားနိုင်၊ သွေးချို လည်းထိန်းရလွယ်၊ သွေးချိုဆေးလိုအပ်ချက် လည်းလျော့၊ ဆေးနည်းနည်းနှင့် ခပ်ကြာကြာ၊ အကောင်းဆုံးထိန်းထားနိုင်သည့်သဘော။ ယင်းအကျိုးကျေးဇူးများကို နောင်နှစ်များစွာတိုင် မှတ်ဉာဏ်သဖွယ်ထိန်းထားနိုင်မည်ဟုဆိုသည်။
အစောဆုံးနှင့် အကောင်းဆုံးကုရန်လမ်းညွှန်သည်။
ရောဂါဖြစ်လို့ဖြစ်မှန်းမသိ၊ နောက်ကျမှသိ၊ နောက်ဆက်တွဲပြဿနာတော်တော်များများ ၀င်ပြီးမှကု၊ လေ့ကျင့်ခန်းလည်းမလုပ်၊ ဆေးသောက်ရုံနှင့်ပြီးပြီမှတ်၊ သွေးချိုကို စံချိန်မီမကု၊ တော်ရိရော်ရိကုဆိုလျှင်တော့ အင်ဆူလင်တုံ့ပြန်မှုနည်းသည်ထက်နည်း၊ မုန့်ချိုအိတ်က အင်ဆူလင်မြန်မြန်ခန်း၊ သွေးချိုထိန်းရခက်၊ ဆေးနှစ်မျိုး၊ သုံးမျိုးသောက်သည့်တိုင် သွေးချိုကမကျ၊ တက်ပြီးရင်းတက်၊ နောက်ဆုံးအင်ဆူလင်ထိုးဖို့လိုလာသည့်သဘောဖြစ် သည်။ သွေးချိုရောဂါဗေဒ ဖြစ်စဉ်ကြောင့်ဟု ဆိုနိုင်သော်လည်း မိမိလျစ်လျူရှုခဲ့သမျှ၊ ရောဂါနုစဉ်က ဂရုမစိုက်ခဲ့သမျှ၊ မိမိ၏ပယောဂနည်းနည်းတော့ ပါသည်ဟုလည်းဆိုနိုင်သည်။
သောက်ဆေးမတိုး၊ အင်ဆူလင်လိုပြီဟုဆုံးဖြတ်ရာတွင် နံနက်စောစောသွေးချိုမကျလို့၊ အစာစားပြီး နှစ်နာရီသွေးချိုမကျလို့ထက် လွန်ခဲ့သောလေးလခန့်က သွေးချိုအခြေအနေကိုပြသည့် A1C နှင့် ဆုံးဖြတ်သည်။ သွေးချိုဆေးသုံးမျိုးလောက်သောက်လျက်နှင့် A1C စံချိန်မီမရောက်လျှင်တော့ ဆရာ၀န်က သောက်ဆေးမထိုးတော့ဟု ဆုံးဖြတ်သည်။
အမျိုးအစား(2)သွေးချို၊ ယာယီမဟုတ်၊ အမြဲတမ်းအင်ဆူလင်ထိုးဖို့လိုပြီဟု ဆုံးဖြတ်ချက်ချပုံ နှစ်မျိုး ရှိသည်။ တစ်မျိုးက လူတိုင်းသိ၊ ဆေးသုံးမျိုးသောက်၊ ဆေးပမာဏထပ်တိုးလို့မရလောက်အောင် ခပ်များများ သောက်လျက်နှင့် သွေးချိုက မကျ၊ သွေးချိုမကျတာကို သောက်ဆေးပဲသောက်မည်ဆိုပြီးပေကပ် ပြီးသောက်နေလို့လည်း အကျိုးမထူးမှန်း လူနာကသိပြီး မတတ်သာသည့်အဆုံး အင်ဆူလင်ထိုးဖို့ လက်ခံသည့်အမျိုးဖြစ်သည်။ ဒီလိုလူမျီုးကတော့ သွေးချိုသက်တမ်းကလည်းရင့်၊ ဆေးနှစ်မျိုး၊ သုံးမျိုးနှင့် ကျလေမလားဟုစောင့်ရင်း၊ စောင့်ရင်း မကျသည့်သွေးချို၊ အမြဲတက်နေသည့်သွေးချိုက ခန္ဓာကိုယ်ကိုအတော်အသင့်ဖျက်ဆီးပြီးဖြစ်လို့ နောက်ဆက်တွဲ ပြဿနာတော်တော်များများ၀င်နေကြပြီးဖြစ်သည်။ ဒီလိုလူနာမျိုးအတွက် အင်ဆူလင်ပြောင်းထိုး၊ သွေးချို အထိန်းက ကောင်းလာပေမယ့် ပျက်စီးပြီးနောက်ဆက်တွဲကတော့ လွန်နေပြီဖြစ်သည်။ ယင်းနောက်ဆက်တွဲ ဆက်မဆိုးအောင် ထိန်းနိုင်လို့သိပ်မဆိုးလှဆိုမည်ဆိုလည်းဆိုနိုင်သည်။ စာရေးသူ၏ သူငယ်ချင်းလိုလူနာမျိုးဖြစ်သည်။
နောက် ဆုံးဖြတ်ချက်ချပုံက တစ်မျိုး၊ ရောဂါဖြစ်စေ၊ သို့မဟုတ် ရောဂါသက်မရင့်မီ၊ နောက်ဆက် တွဲ ပြဿနာတစ်ခုမျှ မ၀င်မီ၊ သွေးချိုဆေးတစ်မျိုးသောက်ရုံနှင့်မကျ၊ သွေးချိုက အမြဲတမ်းခပ်မြင့်မြင့်၊ နောက်ထပ်သွေး ချိုဆေးနှစ်မျိုးလောက် ထပ်တိုးသောက်သော်လည်း နည်းနည်းလောက်ပဲကျမည်ဟု မှန်းထားသည့်လူနာများတွင် အင်ဆူလင်ထိုးဆေးကို စောစောစီးစီးစသည့်နည်းဖြစ်သည်။ အင်ဆူလင်စောစောစတော့၊ ရောဂါသက် လည်း နုသေးတော့၊ သွေးချိုက ခပ်လွယ်လွယ်ထိန်းလို့ရသည်။ လေ့လာသုတေသနများက လည်း သွေးချိုသောက်ဆေး အုပ်စုနှင့် အင်ဆူလင်ထိုးဆေးအုပ်စုနှစ်ခုကို ယှဉ်ကြည့်ရာတွင် အင်ဆူလင်ထိုးအုပ်စုက သောက်ဆေး အုပ်စုထက် သွေးချိုပိုကျသည်၊ ရှသင့်သည့်စံချိန်သို့ ပိုရောက်သည်ဟုဆိုသည်။
ရောဂါသက်နုစဉ်၊ နောက်ဆက်တွဲပြဿနာမ၀င်ခင်၊ အင်ဆူလင်စောစောစတော့ နောက်ဆက်တွဲမ၀င်အောင်၊ အ၀င်နှေးအောင်တားထားလို့ရသည်။ စောစောစထိုးထားသည့်အင်ဆူလင်က မုန့်ချိုအိတ်မှ အင်ဆူလင် ထုတ်အားကို မယိုယွင်းစေ၊ ထုတ်အားကိုပုံမှန်ထိန်းထားနိုင်သည်။ အင်ဆူလင်တုံ့ပြန်မှုကိုလည်း အားပြန်ကောင်းစေသည်။ ထို့ကြောင့်လည်း သွေးချိုလွယ်လွယ်နှင့် ပိုကျခြင်းဖြစ်သည်။
သွေးချို၏ နောက်ဆက်တွဲပြဿနာမျိုးစုံ၏ ဒဏ်ကိုမခံချင်သူတွေက အင်ဆူလင်စောစောထိုးသည့်နည်းကို ကြိုက်ကြသည်။ အင်ဆူလင်ခပ်စောစောစ၊ ဆေးတစ်နေ့နှစ်ကြိမ်လောက် ထိုးရုံနှင့် နှလုံးသွေးကြော ပိတ်၊ လေဖြတ်၊ မျက်စိကွယ်၊ ကျောက်ကပ်ပျက်၊ အာရုံကြောချည့်နဲ့စသည့်နောက်ဆက်တွဲပြဿနာဆိုးများကို ထိထိရောက်ရောက် ကာကွယ်နိုင်သည်ဆိုတော့ သူတို့က တန်သည်ဟုတွက်ကြသည်။
သွေးချိုသောက်ဆေးနှင့် သွေးချိုမကျချိန် အင်ဆူလင်နေပါဦး၊ စောင့်ပါဦးပြောသည့်လူနာများကို အင်ဆူလင်ခပ်စောစောလေးစထိုးရအောင်ဟုပြောလျှင် ထွက်ပြေးကြမည်ထင်သည်။ မည်သို့ဆိုစေကာမူ အင်ဆူလင်ထိုးဆေး၏ အကျိုးအပြစ်၊ နောက်ဆက်တွဲပြဿနာတို့၏ ကြီးမားသောဒုက္ခတို့အကြောင်း အချိန်ပေး ရှင်းလျှင်တော့ သူတို့လည်း အင်ဆူလင်ခပ်စောစောစထိုးဖို့ သဘောတူကြမည်ထင်သည်။
Credit; ပါမောက္ခနေ၀င်း
Health Digest Journal
Vol; 12, No; 20, 11-2-2015
















