၀ိတ်ချပေးမယ့် ရေ
ရေလှူဒါန်းမှုပြုပါက လူကြီးသူမတွေက “ရေအကျိုး ဆယ်ပါး” လို့ ပြောကြလေ့ရှိပါတယ်။ ရာသီဥတုပူပြင်းခြောက်သွေ့ တဲ့ဒဏ်ကို ခံရတဲ့အခါ၊ မိုးခေါင်ရေရှားဖြစ်ပွားလေ့ရှိတဲ့အခါ ရေက အရေးကြီးလာပါတယ်။ ရေ … ရေ … သောက်စရာ ရေကြည် တစ်ပေါက်ဟာ သိပ်ကို အဖိုးတန်ပါလားလို့ သိလာကြပါတယ်။ ပင်လယ်ထဲရောက်နေတာတောင် ရေချိုမရ ရေငန်တွေချည်းမြင်ရပြီး ဒုက္ခရောက်ခဲ့တာတွေ ရှိပါတယ်။ ရေချိုပေါတဲ့အရပ်မှာ နေကြရတဲ့သူတွေဟာ သူများတွေလိုရေရှားတဲ့ အရပ်မျိုး မနေထိုင်ခဲ့ရတော့ နေ့စဉ်မိမိအိမ်မှာ မြင်နေရတဲ့ ရေရဲ့ အကျိုးကျေးဇူးကို မမြင်တော့ပါဘူး။ ပိုဆိုးတာက ကိုကာ၊ လက်ဖက်ရည်၊ ကော်ဖီ၊ အချိုရည်၊ ဆိုဒါရည်၊ အစားအသောက်များနှင့် ဖျော်ရည်တွေလိုသလောက် ၀ယ်ယူသောက်သုံးလာနိုင်တဲ့အခါမှာတော့ ရေရဲ့ အကျိုးကျေးဇူး အထူးသဖြင့် ခန္ဓာကိုယ်ကြီးအား ကျန်းမာရေးနဲ့ ပတ်သက်လို့ အကျိုးကျေးဇူးအထူးကြီးမားစွာ ထောက်ကူပေး ကြောင်းကို လုံးလုံးမေ့လျော့သွားကြပြန်ပါတယ်။ “ကျောချမှ ဓားပြမှန်းသိ” ဆိုတဲ့ စကားပုံကို ဆယ်စုနှစ် (4၊ 5) ခု ကြာလာချိန် မှာတော့ ထိုအချိုရည်အမျိုးမျိုးကြောင့် လူတွေမှာ ရောဂါဘယ အမျိုးစုံဖြစ်လာရကြောင်း ဆေးသိပ္ပံ ပညာရှင်များ သတိပေးလာ လို့ လူအတော်များများ သတိပြုမိလာကြပါပြီ။ ကဲ … ရေရဲ့ ကြီးစွာသော ကျန်းမာရေးအကျိုးကျေးဇူးကြီးတွေက ဘာလဲဆိုတာ လေ့လာကြည့်ရအောင် …
လူ့အာဟာရဓာတ်နှင့် အစားအစာများ ဆေးသိပ္ပံဂျာနယ်မှာ မကြာသေးမီက လေ့လာသုတေသနပြုချက် တစ်ခုကို ဖော်ပြခဲ့ပါတယ်။ အဲဒါကတော့ လူသားတွေဟာ အချိုရည်ဖျော်ရည် အမျိုးမျိုးထက် ရိုးရိုးရေကိုသာ ပိုသောက်သင့်တယ်လို့ အကြံပေး ပါတယ်။ ရေများများသောက်လိုက်ခြင်းဖြင့် အဆာပြေစေပြီး အစားအတွေ အများကြီးမစားမိတော့ ကိုယ်အလေးချိန် မတက်အောင် ကာကွယ်ထားနိုင်ပါသေးတယ်။ ထိုသုတေသနကို အီးလီးနွိုက်တက္ကသိုလ်မှ သုတေသီများက 2005 ခုနှစ်နှင့် 2013 ခုနှစ်အကြား အမျိုးသားကျန်းမာရေးနှင့် အာဟာရဓာတ် စစ်ဆေးချက် စစ်တမ်းအရ မှတ်တမ်းပြုစုထားတဲ့ အရွယ်ရောက် လူပေါင်း 18311 ဦးရဲ့ အလေ့အထ အပြုအမူ (ဥပမာ အစားအသောက်နှင့် ပတ်သက်ပြီး) များ အပေါ်စစ်တမ်းပြုစုထားတဲ့ အပေါ်မှ ဖော်ထုတ်လိုက်နိုင်တာဖြစ်ပါတယ်။
ထိုစစ်တမ်းမှာ ပါ၀င်တဲ့လူများကို သီးသန့် 2 ရက်စီမှာ သူတို့ ဘာစားခဲ့သလဲ၊ ဘာသောက်ခဲ့ကြသလဲဆိုတာ ပြန်စဉ်းစားခိုင်းပြီး မေးမြန်းခဲ့ပါတယ်။ ရေသောက်တယ်၊ အချိုရည်သောက်တယ်၊ ဘီယာ၊ အရက်၊ လက်ဖက်ရည်၊ ကော်ဖီ၊ ကိုကာကိုလာ စတဲ့ အရည်အမျိုးမျိုးဖြေကြပါတယ်။ ရေသောက်တဲ့သူဆိုရင် ရိုးရိုးရေလား၊ ပိုက်ကရေလား၊ ရေအေးစက်က ရေလား၊ ရေသန့်ဘူး 1 လီတာဘူးကရေလား၊ ရေပန်းက ရေလား စသည်ဖြင့် အသေအချာရေးမှတ်ခဲ့ကြတယ်။ အချိုရည်ဆိုရင်လည်း သစ်သီးဖျော်ရည်လား၊ ဆိုဒါလား၊ စွမ်းအားပြည့် အချိုရည်လား၊ အားကစားသမားအတွက် သောက်စရာအားဖြည့်ရည်လား၊ အချိုသကြားတုနဲ့ လုပ်တဲ့ အချိုရည်ပုလင်းတွေလား စသည်ဖြင့် စားစရာ၊ သောက်စရာ ဖျော်ရည်တွေကိုလည်း အတိအကျ မေးပြီး မှတ်တမ်းပြုစုခဲ့တယ်။ ဒါ့အပြင် ပါ၀င်ကူညီပေးတဲ့ လူတွေအားလုံးကို “စွမ်းအားပြည့်အချိုရည်များ၊ အာဟာရဓာတ်နည်းပါး တဲ့ အစားအစာများ (ဥပမာ ကွတ်ကီးများ၊ အိုက်စ်ခရင်မ်များ၊ အာလူးကြော်၊ ငါးမုန့်ကြော် အစရှိသည်တို့နှင့် ကိတ်မုန့် အမျိုးမျိုး အပါအ၀င်) ရေစားတတ်သလား စသည့်မေးခွန်းတွေကိုပါ မေးမြန်းခဲ့ပါတယ်။
ထိုသူတွေထဲက လူအများစုဟာ တစ်နေ့လျှင် ရိုးရိုးရေ 5 ခွက်လောက်သာ သောက်ကြကြောင်းတွေ့ရ ပါတယ်။ ထို့အပြင် အချိုမုန့်နှင့် အချိုရည်တွေမှာ 125 ကယ်လိုရီရကြပြီး စွမ်းအားပြည့် အချိုရည်နှင့်အာဟာရ ဓာတ်နည်းနည်းပဲပါတဲ့ အစားအသောက်များထဲမှ 432 ကယ်လိုရီရတာတွေ့ခဲ့ရပါတယ်။
ရိုးရိုးရေကို အများဆုံး သောက်တဲ့လူတွေကတော့ ကယ်လိုရီအနည်းငယ်သာရကြောင်း တွေ့ခဲ့ ရပါတယ်။ ရေဟာ အကောင်းဆုံးဖြစ်ပြီး အဆီဓာတ်မပါ၊ သကြားဓာတ်မပါ၊ ဆားဓာတ်၊ ဆိုဒီယမ်နှင့် ကိုလက်စထရောလ် လုံး၀မပါ။ ဒါ့အပြင် pH7 ကဲ့သို့ ရေသန့်ဖြစ်ရင် ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်နေကြောင်း တွေ့ခဲ့ရပါတယ်။ လူကို ကိုယ်အလေးချိန်မတိုးစေတဲ့အတွက် လူတိုင်းအတွက် ဆေးတစ်ခွက်လို့တောင် ညွှန်းဆိုနိုင်ပါသတဲ့။ သုတေသီတွေရဲ့ တွေ့ရှိချက် အရ ရေကိုပိုသောက် ပေးခြင်းဖြင့် (ဥပမာ တစ်နေ့လျှင် ရေ 3 ခွက်ပိုသောက်ပေးပါက) တစ်နေ့လျှင် ကယ်လိုရီ 68 မှ 205 အထိ လျှော့ချပစ်နိုင်ကြောင်း တွေ့ရှိရပါတယ်။
ဒီနေရာမှာ ရိုးရိုးရေသောက်တဲ့အကျိုးဟာ လူတွေအတွက်မည်မျှ အကျိုးရှိကြောင်း တွေ့ရပြီဖြစ်ပါတယ်။ အထူးသဖြင့် ၀ိတ်ချလိုသူတွေရော၊ သက်ကြီးရွယ်အိုတွေရော၊ ကလေးသူငယ် အရွယ်သုံးပါးမရွေး ရေများများသောက်ကြရပါမယ်။ ဒါ့အပြင် ဆီးချိုသွေးချိုရောဂါရှိသူများ၊ ရေဓာတ်ခမ်းလို့ ခေါင်းကိုက်တတ်သူများနှင့် အငန်အစားများလို့ ရေငတ်သူများလည်း ရေသောက်ပေးရပါတယ်ဆိုတာ တင်ပြလိုက်ရပါတယ်။
Credit: ဒေါက်တာရည်ညွန့်မေ
Health Digest Journal
Vol: 13, No: 35, 8 -6 -2016
















