/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/facebook-စွဲရောဂါ

Facebook စွဲရောဂါ

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဦးမြင့်သန်း (ညောင်လေးပင်)

        Facebook ဖေ့စ်ဘွတ်ခေါ် လူမှုကွန်ရက်သုံးစွဲမှုဟာ၊ ကမ်ဘာတစ်၀န်း အလွန်ကျယ်ပြန့်နေပြီဖြစ်ပါတယ်။ နေ့စဉ် လူအများစုက အင်တာနက်မှာ ချိတ်ဆက်အသုံးပြုနေကြပါတယ်။ ဖော့စ်ဘွတ်ကို သုံးလာရင်းနဲ့၊ မသုံးရမနေနိုင်အောင် စွဲလမ်းလာနေကြပါတယ်။ ပုံတွေတင်၊ စာတွေရေး၊ မိတ်ဆွေတွေဖြစ်ကြ၊ အချင်းချင်း ချိခတ်ဆက်ကြနဲ့၊ ကြည့်မ၀၊ ရေးမ၀၊ တချို့ဆိုရင်လည်း ဖေ့စ်ဘွတ်မှာ မိမိကိုယ်ရေးအတွက် တစ်ပါးသူကိုအပုပ်ချတာ၊ မမှန်မတိကမရေရာတဲ့ သတင်းတွေတင်တာ၊ မှားယွင်းတဲ့သတင်းတွေကို အမှန်လိုတင်တာ၊ လူ့အဖွဲ့အစည်း အချင်းချင်း ရန်မုန်းပွားစေမယ့် သတင်းစကားမျိုးတွေတင်တာ စသည်တို့ကြောင့်၊ ပြဿနာများစွာ ဖြစ်နေတာတွေ လည်း တွေ့နိုင်ပါတယ်။

          ဖေ့စ်ဘွတ်ကို သုံးရင်း မသုံးရမနေနိုင်အောင် Addiction ဖြစ်နေတာတွေ့နေရပြီဖြစ်ပါတယ်။ မိမိကိုယ်ကို စွဲနေမှန်းမသိသူတွေလည်း ရှိနေပါပြီ။ Facebook Addiction  ဖြစ်နေမှုများဟာ စိတ်ကျရောဂါနဲ့ ဆက်စပ်မှုရှိနေကြောင်း ပိုလန်နိုင်ငံမှ လေ့လာမှုတစ်ခုအရသိရပါတယ်။ လူငယ်လေးတွေ ဖေ့စ်ဘွတ်ပေါ်မှာ အချိန်များစွာပေးနေမှုဟာ ကျန်းမာစွာနေထိုင်မှုကို စတင်ထိခိုက်လာစေတာဖြစ်ပါတယ်။ စိတ်ပညာရှင်ကြီး Dr.C.Robert Cloninger (Washington University School of Medicine in St. Louis) က “ဖေ့စ်ဘွတ်သုံးမှုနဲ့ Personality ကိုယ်ရည်ကိုယ်သွေး ဆက်စပ်မှုရှိနေကြာင်း” ပြောပါတယ်။ ကိုယ်ရည်ကိုယ်သွေးနိမ့်ပါးသူ၊ လူမှုရေးရာတွေမှာ ရှက်ကြောက်တတ်လွန်းသူတွေ အဖို့ ဖေ့စ်ဘွတ်က ပြဿနာတွေပေးနိုင်တယ်လို့ ယူဆကြောင်းပြောပါတယ်။ Introverted ခေါ် အတွင်းစွဲသူများ လို့ စိတ်ပညာအရခေါ်တဲ့ သူများဖြစ်ကြပါတယ်။ မမှန်တဲ့သတင်းတွေ၊ စိတ်ပျက်စရာအကြောင်းတွေကြောင့် အဲဒီလို စိတ်ကိုယ်ခံအားနည်းသူတွေဟာ စိတ်ကျန်းမာရေးကို အလွန်ထိခိုက်လွယ်ကြပါတယ်။ John Paul II Catholic University of Lublin က သုတေသီ Agata Blachnio ဦးဆောင်ပြီး စစ်ဆေးမှုတွေ လုပ်ပြီး လေ့လာရာမှာ “အင်တာနက်သုံးစွဲမှုများသည် စိတ်ကျန်းမာရေးပေါ် သိသာသော လွှမ်းမိုးခံရမှုများ ရှိနေသလို၊ အထူးသဖြင့် ဖေ့စ်ဘွတ်သုံးစွဲမှုသည် စိတ်ကျရောဂါဖြစ်လွယ်ရလွယ်မှုနှင့် အထူးဆက်စပ်နေနိုင်ကြောင်း” တွေ့ရပါသည်။

          အင်တာနက်ကို အမြဲသုံးစွဲနေတတ်မှုသည် စိတ်ကျရောဂါ၊ အထီးကျန်မှု (Loneliness)၊ လိင်ဆက်ဆံမှုဆိုင်ရာ ထိခိုက်မှုများ၊ အခြား ဆေးစွဲ၊ အရက်စွဲမှုစသည်တို့ကိုလည်း ရလွယ်စေနိုင်ကြောင်းပြောပါတယ်။ နေ့စဉ် အင်တာနက်၊ ဖေ့စ်ဘွတ်သုံးစွဲမှု အချိန်များလေ မိမိတို့ကို ထိခိုက်လာနိုင်စေလို့ဆိုပါတယ်။ ဖေ့စ်ဘွတ်ကို အပြင်းအထန်အသုံးများလာလေ၊ နေ့စဉ်အလုပ်များကို ထိုခိုက်လာစေနိုင်သလို၊ ပေါင်းသင်းဆက်ဆံရေးကိုလည်း ထိခိုက်လာစေနိုင်ပါတယ်။ လေ့လာခံရသူတွေဟာ အသက် 15 နှစ်မှ 75 နှစ်ကြားရှိသူ 672 ဦးဖြစ်ပြီး ပျမ်းမျှအသက် 28 နှစ်၊ အမျိုးသမီး အများစု ဖြစ်ကြပါတယ်။ ဖေ့စ်ဘွတ်ကို ဘယ်လောက်သုံးသလဲ၊ စိတ်အခြေအနေက ဘယ်လိုလဲဆိုတဲ့အချက်တွေ ပေါ်လွင်အောင်လေ့လာဖော်ထုတ်ပါတယ်။ ဖေ့စ်ဘွတ်အသုံးပြုချိန်များလွန်းရင် စိတ်ကျမှုလည်းဖြစ်လွယ်တယ်လို့ သုံးသပ်ပါတယ်။ အင်တာနက် သုံးချိန်များတာထက်၊ ဖေ့စ်ဘွတ်သုံးချိန်များ တာက ပိုဆိုးတယ်လို့ဆိုပါတယ်။ မိမိကိုယ်ကို ထင်ပေါ်လိုစိတ်၊ ဘာလေးပဲလုပ်လုပ် ပုံတင်မယ်ဆိုတဲ့ စိတ်တွေများလာရာက ဖေ့စ်ဘွတ်ဟာ မိမိ်အတွက် မရှိမဖြစ် အားထားစရာ ကျေးဇူးရှင်ကြီးလို ထင်မိလာတတ်ပါတယ်။

           လူအချင်းချင်း ရင်ဆိုင်တွေ့ဆုံတတ်မှုတွေ လျော့ပါးလာပါတယ်။ Online ပေါ်ကနေပဲ ဘာမဆို ဆက်သွယ် တတ်လာပါတယ်။ လူတွေနဲ့ ထိတွေ့မှုနည်းလာပြီး အထီးကျန်ဆန်လာပါတယ်။ ဒီလိုမျိုး စိတ်ထားတတ်လာလေ၊ မိမိကိုယ်ကိုယုံကြည်မှု နည်းလာလေ၊ အားကိုးမှုနည်းလာလေဖြစ်တတ် ပါတယ်။ ပြဿနာတစ်ခုကို ရင်ဆိုင်ရတဲ့အခါ ဆောက်တည်ရာ မရဖြစ်တတ်ပါတယ်။ ဆက်ပြီးစိတ်ကျလွယ်လာတတ်လို့ဆိုပါတယ်။ ဒါကြောင့် ဖေ့စ်ဘွတ်ကို သင့်သလောက်သာသုံး၊ ကောင်းတဲ့ဘက်မှာသုံး၊ အများအကျိုးပြုနိုင်ဖို့၊ သတင်းအချက် အလက်တွေဖြန့်ေ၀ဖို့သုံး စသည်တို့ကို ဆောင်ရွက်သင့်ပါတယ်လို့ Blachnio ကပြောပါတယ်။ (Reuters 4.6.2015)

           ဖော့စ်ဘွတ်ကို လက်ရှိအချိန်မှာ အပျော်အပျက်၊ အတိုက်အခိုက်၊ အကြွားအဝါတွေအတွက် အသုံးပြုမှုတွေ များလာနေတာတွေ့နိုင်ပါတယ်။ တစ်ခုခုဖြစ်လာကြုံလာရင် အေးအေးဆေးဆေး ရင်ဆိုင်လိုစိတ်တွေမရှိဘဲ အလွယ်တကူအရှုံးပေးလိုတာ၊ ရှောင်ပြေးလိုစိတ် ရှိလာတာတွေလည်းတွေ့ရပါတယ်။ နောက်တစ်ခုက ဖေ့စ်ဘွတ်မှာအသုံးများတဲ့ Selfie ခေါ် ကိုယ့်ဓာတ်ပုံကိုယ်ရိုက်ပြီး တင်တာဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံ Danny Bowman ဆိုသူ ဆယ်ကျော်သက်ရွယ်မိန်းကလေးဟာ စိတ်ဓာတ်တွေကျပြီး မိမိကိုယ်ကို သေကြောင်းကြံဖို့ ကြိုးစားခဲ့ပါတယ်။ သူ့မှာ ထူးခြားတာက Compulsive selfie-taking ခေါ် မိမိကိုယ်ကို အကြိမ်ကြိမ်အခါခါ ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘွတ်ပေါ်တင်တာဖြစ်ပါ တယ်။ တစ်နေ့ကိုပုံပေါင်း 200 လောက် တင်ပါတယ်တဲ့။ အစားမစားရရင်နေပါစေ၊ ဒီလိုလုပ်နေရရင် ကျေနပ်တယ်တဲ့။ တခြားဘာကိုမှလည်း စိတ်မ၀င်စားတော့ဘူး။ ဆေးစွဲ၊ အရက်စွဲသလိုဖြစ်နေပါတော့တယ်။ အစကတော့ ပုံလေးတွေ ရိုက်လိုက်၊ တင်လိုက်နဲ့နောက်တော့ ဒါကို မလုပ်ရမနေနိုင်ဖြစ်လာတော့တာပါပဲ။ Dr.David Veale ဆိုသူ စိတ်အထူးကု ဆရာ၀န်ကြီးကတော့ သူမကို အတော်ကုသပေးလိုက်ရတယ်။ ဒါတွေဟာ နည်းပညာကိုသင့်တော်သလို စနစ်တကျ မသုံးတတ်ကြတာနဲ့ လူမှုရေးရာတွေမှာ လူငယ်တွေ လစ်ဟင်းနေတာကို မိဘတွေက မျက်ကွယ်ပြုထားကြတာကြောင့်ပါပဲလို့ ပြောပါတယ်။ ဒီလိုဓာတ်ပုံတွေ ဆက်တိုက်တင်ကြတာ၊ အချိန်တွေဖြုန်းနေကြတာတွေဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဆီ ဦးတည်နေပါတယ်။ လူငယ်တွေရဲ့ ပေါင်းသင်း ဆက်ဆံရေးကိုလည်း ထိခိုက်လာစေတယ်။ အထီးကျန်မှုကိုလည်း ဖြစ်လာစေနိုင်ပါတယ်။ ဒီလို ဓာတ်ပုံတင်စွဲလမ်းမှုကို Selfitis လို့ခေါ်နေကြပါပြီ။ စိတ်ပညာရှင်အချို့က စိတ်ေ၀ဒနာတစ်မျိုးလို့တောင် ယူဆနေကြပါတယ်။ Selfitis မှာ Borderline က တစ်နေ့ကို ဓာတ်ပုံ 3 ကြိမ်ထက် မနည်းရိုက်သော်လည်း ဖေ့စ်ဘွတ်ပေးမတင်သူ၊ Acute selfitis က တစ်နေ့ 3 ကြိမ်ထက်မနည်း ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘွတ်ပေးတင်လေ့ရှိသူ၊ Chronicselfitis က တစ်နေ့ကို 6 ကြိမ်ထက်မနည်း ရိုက်၊ ပုံတင်သူများလို့လည်း သိရပါတယ်။

           Facebook ကို Social Networking Service လူမှုကွန်ရက်၀န်ဆောင်မှုလို့ခေါ်ကြပြီး 2004 ခုနှစ် ဖေဖော်ဝါရီလက ဟားဗတ်တက္ကသိုလ်ကျောင်းသား Mark Zuckerberg နဲ့ သူ့ရဲ့အခန်းဖော် Eduardo Saverin သူငယ်ချင်းနှစ်ဦးတို့က စတင်တီထွင်သုံးခဲ့တာဖြစ်ပါတယ်။ စတင်ချိန်က မိတ်ဆွေသူငယ်ချင်းတွေ ဆက်သွယ်နိုင်အောင် Website ကွန်ရက်ဖွဲ့သုံးဖို့ ရည်ရွယ်ပါတယ်။ နောက်ပိုင်းမှာ ဘော်စတွန်ဒေသ တစ်၀ိုက်က တက္ကသိုလ်များနဲ့ အမေရိကန် တစ်နိုင်ငံလုံးသာမက ကနေဒါနိုင်ငံအထိပါ ကျယ်ပြန့်သွားခဲ့ပါတယ်။ 2006 ခုနှစ် စက်တင်ဘာလမှာတော့ အသက် 13 နှစ် ပြည့်ပြီးသူတွေကို Email address တွေပေးပြီး ဆက်သွယ်တဲ့စနစ်ပါ ကျင့်သုံးလာပါတယ်။ Facebook, Email စသည်တို့ဟာ ဆက်သွယ်ရေးမှာ အထူးမြန်ဆန်တိကျလှတဲ့အပြင် ပုံများကိုပါ ချက်ချင်းပေးပို့နိုင်တာမို့ အလွန်အသုံး၀င်လှ ပါတယ်။ စနစ်တကျနဲ့ မှန်မှန်ကန်ကန် သုံးနိုင်ရင် လူတွေကို အထူးအကျိုးပြုနိုင်ပါတယ်။

           ပုံမှာ ဖေ့စ်ဘွတ်သုံးစွဲမှုကိုတွေ့နိုင်ပါတယ်။ 2014 ခုနှစ်၊ ဒီဇင်ဘာလ 31 ရက်နေ့အထိ သုံးစွဲသူပေါင်း 1390 သန်း၊ တစ်နှစ်ပတ်လုံး သုံးစွဲနေကြပြီဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ဟာ နေရာတကျသုံးနိုင်ရင် အကျိုးပြုနိုင်ပါတယ်။ ကျွန်တော်တို့ နို်င်ငံမှာတော့ နှစ်ပေါင်း 50 လောက် သတင်းအမှောင်ကျခဲ့ကြတာ၊ အခုမှ ပွင့်လင်းလာတော့သတင်း လွတ်လုပ်မှုကို စနစ်တကျမသုံးနိုင်သေးတာလည်း အကြောင်းတစ်ခုလို့ ထင်ပါတယ်။ မည်သို့ဆိုစေ မိမိအကျိုး၊ အများအကျိုးဖြစ်စေနိုင်တဲ့ ဘောင်အတွင်းမှာသာ ဖြစ်သင့် ပါတယ်။ ဖေ့စ်ဘွတ်သည် ဖွဘွတ်မဖြစ်စေသင့်ပါဘူး။ ဘယ်နေရာမဆို သတိနှင့်ယှဉ်၊ အသိနှင့်ယှဉ်ပြီး ဆောင်ရွက်တတ်အောင် ကြိုးစားသင့်ကြတာပဲဖြစ်ပါတယ်။

 

 

Credit; ဒေါက်တာမြင့်သန်း (ညောင်လေးပင်)

Health Digest Journal

Vol: 12, No: 41, Pg: 19

www.drmyanmar.com