ဖဲကစားခြင်းသည် လေဖြတ်ထားသူများ ပြန်လည်သန်စွမ်းရေးတွင် အထောက်အကူပြုကြောင်းတွေ့ရှိရ
ဖဲကစားနည်းများသည် လေဖြတ်ထားသူများအား လှုပ်ရှားမှုများပြန်လည်ကောင်းမွန်လာစေရန် အထောက်အကူပြုကြောင်း ကနေဒါနိုင်ငံမှ သုတေသနပညာရှင်များက ပြောကြားခဲ့သည်။ အလားတူပင် ဂျန်ဂါ (Jenga)၊ ဘင်ဂို (Bingo) ကဲ့သို့သော ကစားနည်းများနှင့် လှုပ်ရှားမှုဖြင့် ဆော့ကစားရသော Wii ကဲ့သို့သောဗွီဒီယိုဂိမ်းစက်များသည်လည်း လေဖြတ်သူများပြန်လည်သန်စွမ်းစေရန် ကူညီပေးသည်။ လက်နှင့် လက်မောင်းများအား ကြိမ်ဖန်တလဲလဲထိရောက်စွာ လှုပ်ရှားစေသော လှုပ်ရှားမှုတိုင်းသည် လှုပ်ရှားမှုပြန်လည်သန်စွမ်းစေရေး (Motor Rehabilitation) အတွက် အကျုံးဝင်ကြောင်း ၄င်းတို့က Lancent Neurology ဂျာနယ်သို့ပြောကြားခဲ့သည်။
သုတေသနပညာရှင်များက လေဖြတ်ထားပြီး လက်လှုပ်ရှားမှုများ ချွတ်ယွင်းနေသော လူနာ 141 ဦးအား လေ့လာမှုများပြုလုပ်ခဲ့ကြသည်။ အဆိုပါလူနာများထဲမှ အုပ်စုတစ်စုအား Wii ဂိမ်းစက် အသုံးပြု၍ ပြန်လည်သန်စွမ်းရေးများ လုပ်ဆောင်စေခဲ့ပြီး အခြားတစ်အုပ်စုအား ဖဲကစားခြင်းကဲ့သို့သော အခြားသောကစားနည်းများကိုအသုံးပြု၍ ပြန်လည်သန်စွမ်းရေး လုပ်ဆောင်စေခဲ့သည်။ တစ်ချိန်တည်းမှာပင် အုပ်စုနှစ်စုလုံးအား ပုံမှန်ပြန်လည်သန်စွမ်းရေးကုထုံးများကိုလည်း ဆက်လက်လုပ်ဆောင်ပေးသည်။ အုပ်စုနှစ်စုလုံးတွင် သိသာသောတိုးတက်ကောင်းမွန်မှုများကို တွေ့ရှိခဲ့ရပြီး တိုးတက်မှုမှာလည်း နှစ်အုပ်စုလုံး တူညီကြောင်းတွေ့ရသည်။ ခေတ်မီနည်းပညာများသည် ပိုမိုကောင်းမွန်မည်ဟု သုတေသီတို့ ယူဆခဲ့ကြသော်လည်း လက်တွေ့တွင် ရိုးရှင်းလွယ်ကူသော ကစားနည်းများသည်လည်း ခေတ်မီ ဂိမ်းစက်နည်းတူ ကောင်းမွန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ လေဖြတ်ရာတွင် အသက်ရှင်ကျန်ရှိခဲ့ သူထောင်ပေါင်းများစွာသည် မလှုပ်ရှားမသွားလာနိုင်သည့်ပြဿနာများ ကြုံတွေ့ရလေ့ရှိရာ ယခုတွေ့ရှိချက်အရ အကုန်အကျသက်သာ၍ နေရာမရွေးလုပ်ဆောင်နိုင်သော ဖြည့်စွက်လှုပ်ရှားမှုကုထုံးများသည်လည်း ခေတ်မီ နည်းပညာများနည်းတူ အထောက်အပံ့ပြုနိုင်သည့်အတွက် ဝမ်းမြောက်ဖွယ်ပင်ဖြစ်သည်။
လေဖြတ်ခြင်းမှာ ဦးနှောက်အစိတ်အပိုင်းတစ်ခုသို့ ထောက်ပံ့သောသွေးကြောတွင် သွေးခဲပိတ်ဆို့ခြင်း (သို့မဟုတ်) သွေးယိုစီးခြင်းကြောင့်ဖြစ်ပေါ်တတ်ပြီး ရောဂါလက္ခဏာအချို့မှာ မျက်နှာရွဲ့ခြင်း၊ အာလေးလျှာလေး စကားမပီဖြစ်ခြင်း၊ လက်များ၊ ခြေများထုံခြင်း၊ အားနည်းခြင်း၊ မလှုပ်ရှားနိုင်ခြင်းတို့ပါဝင်ပြီး ချက်ချင်းကုသမှု ခံယူရမည့် အရေးပေါ်ရောဂါအခြေအနေဖြစ်သည်။ လေဖြတ်ပြီးသူများတွင် မိမိဘာသာ လှုပ်ရှားသွား လာနိုင်စေရန် ကာလရှည်ကြာပြန်လည်သန်စွမ်းရေးလုပ်ဆောင်ရပြီး အချို့လူနာများတွင် သေရာပါ အထိဖြစ်နိုင်သည်။
Dr. Thanda Lin















