သင့်နှလုံးသားလေး အိုနေပြီလား
သွေးဖိအားကိုကောင်းစွာထိန်းသိမ်းမှုမရှိခြင်း၊ ဆေးလိပ်သောက်ခြင်း၊ သွေးချိုဆီးချိုရောဂါရှိခြင်း၊ သွေးတွင်း ကိုလက်စထရောလ်များခြင်း၊ ခန္ဓာကိုယ်ထုထည်စံနှုန်း (BMI) ရလဒ်မှာ အ၀လွန်နေသည်ဟုပြသခြင်း တို့ကြောင့် နှလုံးဟာ မိမိရဲ့ လက်ရှိအသက်အရွယ်ထက် ပိုအိုစာနေပြီဆိုတာ သတိမူသင့်နေပါပြီ။ နှလုံးက အသက်ပိုကြီးလာလေ နှလုံးတိုက်ခိုက်ခံရခြင်း၊ လေဖြတ်ခြင်းကို ပိုမိုခံစားရနိုင်ပြီး အသက်သေဆုံးနိုင်ခြေ ပိုမြင့်မားတာကြောင့် ကျန်းမာအသက်ရှည်စွာနေနိုင်ဖို့အတွက် နှလုံးအာဟာရဖြည့်ပေးဖို့ မဖြစ်မနေလုပ်ဆောင်ပေးသင့်ပါတယ်။
နှလုံးအာဟာရဖြည့်တယ်ဆိုရာမှာ နှလုံးကိုအိုမင်းစေတဲ့ ကျန်းမာရေးဆိုးကျိုးတွေလျော့ ကျအောင် လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်စေမယ့် အစားအစာတွေကိုရွေးချယ်စားသုံးခြင်းဖြင့် သက်ရှည်ကျန်းမာစေဖို့ ကြိုးစားအားထုတ်ဖို့လိုအပ်ပါတယ်။ အသက်ဘယ်လောက်ကြီးကြီး ကျန်းမာရေး လိုက်စားဖို့၊ ကျန်းမာစေမယ့်နည်းလမ်းကောင်းတွေကို လက်ခံကျင့်သုံးဖို့ မသင့်တော်ဘူးဆိုတာ မရှိပါဘူး။ အသက် 50 အရွယ်ရောက်နေပေမယ့် ဆေးလိပ်ဖြတ်လိုက်ပါက နှလုံးရဲ့ သက်တမ်းက 14 နှစ်လောက် ပိုရှင်သန်သွားစေနိုင်ပါတယ်။ ဒါကြောင့် လူသားတိုင်းအနေနဲ့ မိမိနှလုံးကို မိမိအသက်ထက် ပိုငယ်စေဖို့ နေ့စဉ်နေထိုင်စားသောက်မှုပုံစံကို အထူးဂရုစိုက်သင့်ပြီး ကျန်းမာရေးချို့တဲ့စေတဲ့ အကျင့်စရိုက်တွေကို ရှောင်ကြဉ်သွားကြဖို့ အကြံပြုလိုပါတယ်။
CMS
















