အသက်ကြီးလာတာနဲ့အမျှ ကိုယ်အလေးချိန် ထိန်းသိမ်းပါ။
အသက်ကြီးလာတာနဲ့အမျှ ကိုယ်အလေးချိန် ထိန်းသိမ်းဖို့ အင်မတန် အရေးကြီးလာပါတယ်။ ဒါမှသာ အဝလွန်ခြင်းနဲ့ ဆက်စပ်နေတဲ့ နှလုံးရောဂါ၊ ဆီးချိုရောဂါစတဲ့ နာတာရှည်ရောဂါတွေကို ကာကွယ်နိုင်ပြီး ကျန်းကျန်းမာမာ နေထိုင်နိုင်မှာပေါ့။
ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ -
၁။ ညီညွတ်မျှတတဲ့ အစားအသောက်ကို စားပေးပါ။
အသက်ကြီးလာတာနဲ့အမျှ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ အစား လျှော့စရာ မလိုပါဘူးနော်။ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကိုတော့ ရအောင် စားသောက်ဖို့ လိုတာပေါ့။
နေ့စဉ်နေ့တိုင်း အစာအုပ်စုလေးအုပ်စုကို မျှတအောင် စားသောက်ပေးဖို့ လိုပါတယ်။
ဒါပေမဲ့ အစာအုပ်စုတွေထဲ မပါတဲ့ -
● ဖုတ်ထားတဲ့ အစားအသောက်တွေ : ပိုင်မုန့်၊ ကိတ်မုန့်၊ ကွတ်ကီးတွေ
● ငန်တဲ့သရေစာတွေ : အာလူးကြော်၊ မုန့်ကြွပ်တွေ
● အကြော်အလှော်တွေ : အာလူးကြော်
● ဆိုဒါ၊ အအေးတွေ
စတဲ့ အစားအသောက်တွေမှာတော့ ကျန်းမာရေးနဲ့ ညီညွတ်တာ ဘာမှမပါတာမို့ ရှောင်ကြဉ်ပေးဖို့ လိုပါတယ်။
၂။ ကိုယ် စားတာတွေကို သေချာမှတ်သားထားပေးပါ။
ကိုယ် ဘာတွေစားတယ်၊ ဘယ်လောက် စားလိုက်တယ်ဆိုတာကို သေချာမှတ်သားထားဖို့ လိုပါတယ်။ ဒါမှ ကိုယ် ဘယ်လောက်စားလိုက်တယ်၊ အစာအုပ်စု လေးအုပ်စု မျှတရဲ့လားဆိုတာကို သိနိုင်မှာပါ။
၃။ လှုပ်လှုပ်ရှားရှားနေပါ။
ကိုယ်လက်လှုပ်ရှားမှုက ကျန်းမာရေးအတွက် အင်မတိအင်မတန် အရေးကြီးပါတယ်။ လှုပ်ရှားမှုက နှလုံးရောဂါ၊ လေဖြတ်လေဖြန်း၊ ကင်ဆာ၊ ဆီးချိုနဲ့ တခြားနာတာရှည်ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်လက်လှုပ်ရှားမှုက ခွန်အားသန်မာမှု၊ ကိုယ်ဟန်မျှတမှုတွေအတွက် အရေးကြီးပါတယ်။
တစ်ပတ်ကို အနည်းဆုံး ၂ နာရီခွဲလောက် လမ်းလျှောက်၊ ရေကူး၊ စက်ဘီးစီး စတဲ့ လှုပ်ရှားမှုမျိုး ပြုလုပ်သင့်ပါတယ်နော်။ ကြွက်သားနဲ့ အရိုးတွေ သန်မာစေတဲ့ လေ့ကျင့်ခန်းမျိုးလုပ်ပေးဖို့လည်း လိုပါသေးတယ်။ အလေးမတာ၊ ယောဂဆော့တာမျိုးကလည်း ကျန်းမာရေးအတွက် ကောင်းပါတယ်။ ကိုယ် ဘယ်လိုလေ့ကျင့်ခန်းမျိုးနဲ့ သင့်တော်မလဲဆိုတာ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
အပေါင်းအဖော်နဲ့လုပ်ရတဲ့ ထိုက်ချိ၊ လမ်းလျှောက်စတဲ့ လေ့ကျင့်ခန်းမျိုးဟာ တောက်လျှောက်လုပ်သွားနိုင်ဖို့ တွန်းအားရစေနိုင်ပါတယ်။
၄။ အပြောင်းအလဲ သေးသေးလေးကနေ စတင်ပါ။
အလေ့အကျင့်ဆိုတာ ဖြတ်ရခက်ပါတယ်။ ဒါကြောင့် တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲဆိုသလိုပဲ စားတဲ့အလေ့အကျင့်ကို တဖြည်းဖြည်းချင်း ပြောင်းလဲပါ။
● ၂% အဆီပါတဲ့နို့၊ ဒီ့ကနေ အဆီမပါတဲ့နို့
● ကော်ဖီ၊ လက်ဖက်ရည်ထဲ သကြား လျှော့ထည့်တာ
● အချို၊ ကိတ်မုန့်၊ သရေစာတွေအစား အသီးအနှံ အချိုတည်းတာ
● ညစာအတွက် အသားအစား ပဲအမျိုးမျိုး ပြောင်းစားတာ
● အချိုရည်အစား ရေသောက်တာ စသဖြင့် အပြောင်းအလဲ သေးသေးလေးတွေကို တစ်ပတ်တစ်ခုလိုမျိုး လုပ်ကြည့်ပါ။
ကိုယ့်ချက်ပြုတ်တဲ့ပုံစံကို ပြောင်းလဲလို့လည်း ရပါတယ်။ ပါဝင်ပစ္စည်း ပြောင်းလဲပေးတာကလည်း ကယ်လိုရီပါဝင်မှုကို လျော့နည်းစေနိုင်ပါတယ်။
၅။ အပြင် ထွက်စားကြတဲ့အခါ ကျန်းမာရေးနဲ့ ညီညွတ်တာ ရွေးချယ်စားသုံးပါ။
အပြင်ထွက်စားတာဟာ ချက်ပြုတ်ဆေးကြောရတဲ့ဒုက္ခက ကင်းဝေးပြီး အပြောင်းအလဲလေး ဖြစ်စေတယ်ဆိုပေမယ့် တချို့စားသောက်ဆိုင်တွေဟာ ပွဲအရမ်းများတာ၊ ဆားတွေ အချိုမှုန့်တွေ၊ ဆီတွေ အရမ်းများတာ စသဖြင့် ကျန်မာရေးနဲ့ မညီညွတ်တာ များပါတယ်။ ဒါကြောင့် ဒီလို အပြင်ထွက်စားတိုင်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ကို ရွေးချယ်စားသောက်ဖို့ အရေးကြီးပါတယ်။
အသက်ကြီးလာတာနဲ့အမျှ ကျန်းမာရေးကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ ကျန်းမာရေးနဲ့ ညီညွတ်တာတွေ ရွေးချယ်စားသုံးမယ်၊ ကယ်လိုရီ လျှော့စားမယ်၊ လှုပ်လှုပ်ရှားရှား နေမယ်။ ဒီလောက်ပါပဲနော်။
Dr. Mya Phoo Ngon (www.drmyanmar.com)















