အသက်ကြီးလာတာနှင့်အမျှ အမြင်မဝါးစေဖို့
ဘယ်လောက်ပဲ ကျန်းမာနေပါစေ၊ အသက်ကြီးလာတာနဲ့အမျှ မျက်လုံးအပါအဝင် အားလုံးယိုယွင်းလာတတ်ကြပါတယ်။ အမေရိကန်မျက်လုံးဌာနရဲ့ လေ့လာချက်မှာ အသက် ၈၀ အရွယ် အမေရိကန်လူမျိုးတွေရဲ့ တစ်ဝက်ကျော်ကျော်လောက်မှာ အတွင်းတိမ် သို့မဟုတ် ရေတိမ်ခွဲဖူးတဲ့ရာဇဝင် ရှိနေပါတယ်။
အတွင်းတိမ်ဆိုတာ မျက်လုံးထဲက မှန်ဘီလူးအကြည်ကလေး ထူပြီးမှုန်ဝါးလာတာကြောင့် ကြည့်လိုက်တိုင်း ဝါးတားတား ဖြစ်လာခြင်းကို ခေါ်ပါတယ်။ အတွင်းတိမ်ကို ကာလည်း မကာကွယ်နိုင်တဲ့အပြင် အများစုမှာ တဖြည်းဖြည်းချင်း ပိုပိုပြီးဆိုးလာတတ်တယ်။ အတွင်းတိမ်ဖြစ်လာခဲ့ရင် ခွဲစိတ်ပြီး ပြင်ပမှန်ဘီလူးခုံးကို အစားထိုးလို့ရတယ်။
>> ခွဲဖို့လိုတယ်လို့ ဘယ်အချိန်မှာ သိနိုင်မလဲ?
● အလုပ်ကောင်းကောင်း မလုပ်နိုင်၊ ကား ကောင်းကောင်း မမောင်းနိုင်တေ့ာရင်
● စာဖတ်ရတာ၊ တီဗီကြည့်ရတာ ဝါးတားတားဖြစ်လာရင်၊ ညဘက်တွေ ကောင်းကောင်း မမြင်ရတော့ရင်
● သူတပါးကို မှီခိုလာရရင်
ဒီလိုအချိန်မျိုးမှာတော့ မဖြစ်မနေ ခွဲဖို့လိုလာတယ်။
>> နောက်အဆင့်တွေအနေနဲ့ -
မျက်စိဆရာဝန်နဲ့ မှန်မှန်ပြပါ။
ခွဲစိတ်တော့မယ်ဆိုရင် ဘယ်လိုမှန်ဘီလူးအမျိုးအစား ထည့်ချင်လဲဆိုတာကို ဆွေးနွေးပါ။
ခွဲစိတ်မယ့်ဆရာဝန်ကို ရွေးတဲ့အခါမှာလည်း
● ပြနေတဲ့ဆရာဝန်နဲ့ ပြောဆိုဆွေးနွေးရတာ အဆင်ပြေလား?
● အကြောင်းအရာတွေကိုရော သေချာရှင်းပြရဲ့လား?
● ကောင်းကျိုး၊ ဆိုးကျိုးတွေက ဘာတွေရှိလဲ?
● ခွဲပြီး အနာ ကျက်၊ မကျက်ကို ဘယ်သူက စောင့်ကြည့်ပေးမှာလဲ?
● ရက်ချိန်းကိုရော ဘယ်သူနဲ့ပြရမှာလဲ?
● ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေ၊ ပိုးဝင်တာတွေကို ဆရာဝန်က တာဝန်ယူနိုင်လား?
ဒီအချက်တွေကို သေချာစဉ်းစားဖို့ လိုတယ်။ ပြီးပြည့်စုံတဲ့ အကောင်းဆုံး မျက်လုံးခွဲစိတ်မှုဆိုတာ မရှိပေမယ့် ကြိုသိထားရင် ပိုကောင်းတာပေါ့။
အမြင်အာရုံကို အခုပဲ ကာကွယ်ကြစို့။
>> လုံးလုံးကြီး ကာကွယ်လို့မရပေမယ့် တတ်နိုင်သမျှ နောက်ကျမှဖြစ်အောင် ကာကွယ်နိုင်တယ်။
● ခရမ်းလွန်ရောင်ခြည်ကို တားဆီးဖို့ နေကာမျက်မှန်၊ အကာပါတဲ့ဦးထုပ်တွေ ဆောင်းပေးပါ။
● ဆေးလိပ်သောက်နေရင် ဆေးလိပ်ဖြတ်ဖို့ ကြိုးစားပါ။
● အင်တီအောက်စီဒန့်တွေ ကြွယ်ဝတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးဝလံတွေ များများစားပေးပါ။
အသက် ၆၀ နဲ့အထက်လူတွေမှာ နှစ်နှစ်တစ်ကြိမ်လောက် မျက်လုံးစမ်းသပ်သင့်ပါတယ်။ အတွင်းတိမ်ကို စစ်ဆေးရင်းနဲ့ အသက်ကြီးသူတွေမှာ ဖြစ်တတ်တဲ့ တခြားမျက်လုံးရောဂါတွေကိုပါ ကာကွယ်နိုင်ပါလိမ့်မယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















