အသက် ၆၅ နှစ်အထက် အမျိုးသမီးများနှင့် ပါရာသိုင်းရွိုက်ဟော်မုန်း အလွန်အကျွံများခြင်း
ပါရာသိုင်းရွိုက်ဟော်မုန်း (PTH) အလွန်အကျွံထုတ်လုပ်ခြင်းပြဿနာသည် အသက် 65 နှစ်နှင့်အထက် အမျိုးသမီးများတွင် အမျိုးသားများထက် နှစ်ဆခန့်ပိုမိုဖြစ်ပွားလေ့ရှိကြောင်းသိရပါတယ်။
ဒါပေမယ့်လည်း ဘာရောဂါလက္ခဏာမျှပြလေ့မရှိတာကြောင့် မကြာခဏဆိုသလို ရောဂါရှိကြောင်း မသိကြပါဘူး။ တခါတရံ ကြွက်သားအားနည်းခြင်း၊ မှတ်ဉာဏ်ချို့တဲ့ခြင်း၊ စိတ်ကျရောဂါခံစားရခြင်း၊ အရိုးအဆစ်များနာကျင်ခြင်းတို့ ခံစားရတတ်ပေမယ့်လည်း အခြားရောဂါများကြောင့်လို့ အထင်ရှိတတ်ကြပါတယ်။
ပါရာသိုင်းရွိုက်ဟော်မုန်းအလွန်အကျွံများခြင်းပြဿနာ (PHPT) သည် ထင်ထားသည်ထက်ရှစ်ဆခန့် ပိုမိုဖြစ်လေ့ရှိကြောင်းကို သုတေသနပညာရှင် Joyce Shin က ပြောကြားခဲ့ပါတယ်။ ဒီပြဿနာနဲ့ပတ်သက်ပြီး စိတ်ပူရတဲ့အကြောင်းအရင်းတွေကတော့ အောက်ပါတို့ကိုဖြစ်စေနိုင်လို့ပဲဖြစ်ပါတယ်။
- ကျောက်ကပ်တွင်ကျောက်တည်ခြင်း
- အရိုးပါးခြင်း
- အရိုးပွခြင်း
- စိတ်ကျရောဂါဖြစ်ခြင်း
>> သေးငယ်ပေမယ့် အစွမ်းထက်တဲ့ပါရာသိုင်းရွိုက်ဂလင်း
လည်ပင်မှာရှိတဲ့ ဆန်စေ့အရွယ် ပါရာသိုင်းရွိုက်ဂလင်း 4 ခုဟာ ကြွက်သားနဲ့အာရုံကြောစနစ်တွေ အဆင်ပြေချောမွေ့စွာ အလုပ်လုပ်နိုင်ဖို့အတွက် အလွန်ပင်အရေးကြီးလှပါတယ်။
၎င်းဂလင်းတွေဟာ သွေးတွင်းကယ်လ်ဆီယမ်ကိုနေ့ညမပြတ်ထိန်းညှိပေးနေပါတယ်။ ကယ်လ်ဆီယမ်ပမာဏကျဆင်းနေပါက ပါရာသိုင်းရွိုက်တွေဟာ PTH ကိုထုတ်ပြီး ကယ်လ်ဆီယမ်ကိုပုံမှန်အနေအထားပြန်ရောက်အောင် ဆွဲတင်ပါတယ်။ PTH တွေအများကြီးထုတ်နေပါက သွေးတွင်းကယ်လ်ဆီယမ်ပမာဏဟာ မြင့်မားနေမှာဖြစ်ပါတယ်။
ထိုကဲ့သို့ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းသုံးခုမှာ -
1. တစ်ခု (သို့) တစ်ခုထက်ပိုတဲ့ ဂလင်းတွေမှာ ကင်ဆာမဟုတ်တဲ့ အကျိတ်ဖြစ်ခြင်း
2. နှစ်ခု (သို့) ထို့ထက်ပိုတဲ့ ဂလင်းတွေကြီးလာခြင်း
3. ကင်ဆာဖြစ်ခြင်း
ထို့ပြင် အချို့သောသူတွေမှာ မျိုးရိုးဗီဇကြောင့် PTH တွေအများကြီး ထုတ်နေတာဖြစ်ပါတယ်။
>> Cleveland ဆေးခန်း၏ လေ့လာတွေ့ရှိမှု
Cleveland ဆေးခန်းရဲ့ခွဲစိတ်ပညာရှင်တွေဟာ လူရာပေါင်း 7000 ကျော်ရဲ့ ဆေးမှတ်တမ်းတွေကို ပြန်လည်ကြည့်ရှုပြီးတော့ PHPT ရှိ/မရှိ စစ်ဆေခြင်းပြုလုပ်ထားသလားဆိုတာကို လေ့လာခဲ့ပါတယ်။ သွေးတွင်းကယ်လ်ဆီယမ်ပမာဏ လုံးဝမကျဆင်းဘဲမြင့်တက်နေခြင်းနဲ့ အောက်ပါဆက်နွယ်နေတဲ့အခြေအနေတွေ ရှိ/မရှိကိုလည်း ရှာဖွေခဲ့ပါတယ်။
- ကျောက်ကပ် ကျောက်တည်ခြင်း
- အရိုးပါးခြင်း
- အရိုးပွခြင်း
- စိတ်ကျရောဂါဖြစ်ခြင်း
Dr.Shin က ပြောကြားရာမှာ 43% သောသူတွေမှာ ရောဂါဖြစ်နေတယ်ဆိုတာကို မသိကြဘဲ ခွဲစိတ်ကုသမှုခံယူဖို့လည်း မပြောကြားခဲ့ကြဖူးလို့သိရပါတယ်။
၎င်းအပြင် သွေးတွင်းကယ်လ်ဆီယမ်ပမာဏတက်နေတဲ့လူနာတွေဟာ PTH နဲ့ ဗီတာမင် D ပမာဏကိုလည်း စစ်ဆေးသင့်ကြောင်း၊ ဒီစစ်ဆေးမှုသုံးခုပေါင်း၍ PHPT ရောဂါကို အမည်တပ်နိုင်ကြောင်းလည်း သူမကဖြည့်စွက်ပြောကြားခဲ့ပါတယ်။
Dr.Shin နဲ့အဖွဲ့ဟာ ကယ်လ်ဆီယမ်ပမာဏမြင့်တက်နေတဲ့လူနာတွေကို ဆေးရုံတွေမှာ PTH စစ်ဆေးမှုကို အလိုအလျောက် အချက်ပေးနိုင်တဲ့လျှပ်စစ်ဆေးပညာမှတ်တမ်းတွေ ထားရှိသင့်တယ်လို့လည်း အကြံပြုထားပါတယ်။
>> ခွဲစိတ်ကုသခြင်း
PHPT ကိုကုသနိုင်ဖို့ဆေးဝါးမရှိတာကြောင့် ခွဲစိတ်ခြင်းဟာလိုအပ်ပါတယ်။ ရောဂါဖြစ်နေတဲ့ ပါရာသိုင်းရွိုက်ဂလင်းကို ဖယ်ရှားလိုက်ခြင်းဖြင့် ဒီပြဿနာကိုဖြေရှင်းနိုင်မှာဖြစ်ပြီး ကျန်ခဲ့တဲ့ဂလင်းတွေက ကယ်လ်ဆီယမ်ပမာဏကိုထိန်းညှိပေးမှာဖြစ်ပါတယ်။
ကယ်လ်ဆီယမ်နဲ့ ဗီတာမင် D ချို့တဲ့ခြင်းကြောင့်လည်း PTH ဟော်မုန်းတက်စေနိုင်တာကြောင့် ၎င်းဓာတ်တွေအလုံအလောက်ရရှိနေရန်မှာ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။
Dr.Shin က အကြံပြုပြောကြားထားတာကတော့ အစားအသောက်ကနေ လုံလုံလောက်လောက်မရဘူးလို့ထင်တဲ့ လူနာတွေကို ကယ်လ်ဆီယမ်ဖြည့်စွက်အာဟာရပေးသင့်တဲ့အပြင် ဗီတာမင် D ကိုလည်း သွေးတွင်းပုံမှန်ပမာဏကိုထိန်းထားရန် တစ်နေ့လျှင် 2,000 ယူနစ်ခန့် သောက်သုံးစေသင့်ကြောင်းသိရပါတယ်။
Dr. Thinzar Wynn (www.drmyanmar.com)