ကလေးနို့တိုက်နေတုန်းမှာ ဘာသနေ္ဓတားဆေးတွေက အန္တရာယ်ကင်းသလဲ?
>> ကလေးနို့တိုက်နေတုန်း ကိုယ််ဝန်မရအောင် ဘယ်လိုတားထားမလဲ?
နို့တိုက်မိခင်ပဲ ဖြစ်ပါစေ၊ ကလေးမွေးပြီး ဘယ်အချိန်မှာမဆို ကိုယ်ဝန် ထပ်ရနိုင်ခြေ ရှိပါတယ်။ ကလေးနို့တိုက်ခြင်းက ပထမခြောက်လအတွင်းမှာ ကိုယ်ဝန်ရနိုင်ခြေကို လျော့ကျစေပြီး ဒါကလည်း 4 နာရီ - 6 နာရီခြား တစ်ခါလောက် မိခင်နို့တစ်မျိုးတည်းကို တိုက်ကျေွးမှပါ။
သနေ္ဓတားနည်းလမ်းတွေ အများကြီးရှိပေမယ့် အီစရိုဂျင်ပါတဲ့ တားဆေးတွေက နို့ထွက်တာကို အကျိုးသက်ရောက်မှု ရှိစေတဲ့အတွက် နို့တိုက်မိခင်တွေအနေနဲ့ ဘယ်လိုသနေ္ဓတားနည်းကို သုံးသင့်လဲဆိုတာကို ဆရာဝန်နဲ့ သေချာတိုင်ပင်ဖို့ လိုပါတယ်။
>> သနေ္ဓတားနည်းများ
1. သားအိမ်တွင်းထည့်ပစ္စည်း
သားအိမ်တွင်းထည့်တဲ့ပစ္စည်းက ရေရှည်သားဆက်ခြားနည်းလမ်းဖြစ်ပြီး ထိရောက်မှုအာနိသင် 99% ရှိပါတယ်။ ဒီနည်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ထည့်ပြီးနောက် ဗိုက်အောင့်ခြင်း၊ ပုံမှန် (သို့) ပုံမမှန် သွေးဆင်းခြင်း၊ ရာသီ တစ်ခါနဲ့တစ်ခါကြားတွင် သွေးအနည်းငယ်ဆင်းခြင်းတို့ ဖြစ်ကြပါတယ်။ ဒီဘေးထွက်ဆိုးကျိုးတွေက ထည့်ပြီး 6 လလောက်ကြာရင် သက်သာသွားပါတယ်။
ကလေး ပြန်လိုချင်တယ်ဆိုရင် ဒီပစ္စည်းကို ပြန်ထုတ်ပြီး ပုံမှန်အတိုင်း ကလေးရဖို့ ပြန်ကြိုးစားလို့ ရပါတယ်။
2. Mini pill - ပရိုဂျက်စရိုဂျင် ဟော်မုန်းတစ်မျိုးသာပါသော သောက်ဆေး
သနေ္ဓတားဆေး သောက်ဆေးပဲ သောက်ချင်တယ်ဆိုရင်တော့ ပရိုဂျက်စရိုဂျင် ဟော်မုန်းတစ်မျိုးသာပါတဲ့ဆေးက နို့တိုက်မိခင်တွေအတွက် စိတ်ချရပါတယ်။ ဟော်မုန်းပါတဲ့ သနေ္ဓတားဆေးတွေသောက်ရင် နို့ထွက်တာ လျော့သွားတတ်ပါတယ်။ နို့ထွက် မလျော့စေဖို့အတွက် ကလေးကို မကြာခဏ နို့တိုက်ပေးပါ။ နောက်ပြီး ဒီဆေး စသောက်ပြီး ရက်သတ္တပတ် အနည်းငယ်ကြာတဲ့အထိ ကလေး နို့တိုက်ပြီးရင် နို့ကို ညှစ်ထုတ်ပေးပါ။ ဒီလိုလုပ်တာတောင်မှ နို့ထွက် နည်းနေသေးတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
3. အကာအကွယ်သုံးခြင်း
အကာအကွယ်သုံးတဲ့ နည်းလမ်းကတော့ သားအိမ်ထဲကို သုတ်ပိုးတွေ မဝင်နိုင်အောင် တားဆီးပေးပါတယ်။ နို့ထွက်နည်းစေတဲ့ဟော်မုန်း ပါဝင်ခြင်း မရှိပါဘူး။ ကလေးမွေးပြီး လိင်ဆက်ဆံလို့ ရပြီဆိုရင် စပြီးသုံးနိုင်ပါတယ်။ အကာအကွယ်တွေကတော့ အမျိုးသားကွန်ဒုံး၊ အမျိုးသမီးကွန်ဒုံး၊ သားအိမ်စွပ်တို့ ဖြစ်ကြပါတယ်။
4. လက်မောင်းတွင်းထည့်ပစ္စည်း
ဒီလက်မောင်းတွင်းထည့်တဲ့ပစ္စည်းက မီးခြစ်ဆံလောက်ပဲရှိတဲ့ အချောင်းလေးဖြစ်ပြီး လက်မောင်းအရေပြားအောက်ကို ထည့်ရတာပါ။ 4 နှစ်လောက်အထိ ကိုယ်ဝန်မရအောင် တားပေးနိုင်ပါတယ်။ ဒီပစ္စည်းထဲမှာ ပရိုဂျက်စရိုဂျင်ဟော်မုန်း ပါဝင်ပြီး ဒီဟော်မုန်းက သားဥအိမ်ကနေ မမျိုးဥမထွက်အာင် ကာကွယ်တားဆီးပေးပါတယ်။ ဒါ့အပြင် သားအိမ်အချွဲတွေကို ထူစေပြီး သုတ်ပိုးတွေ မမျိုးဥဆီ မရောက်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
ကလေး မွေးပြီးတာနဲ့ ထည့်လို့ရပြီး ကိုယ်ဝန် ထပ်လိုချင်တယ်ဆိုရင် ထုတ်လိုက်လို့ ရပါတယ်။
5. 3 လခံထိုးဆေး (Depo)
ဒီထဲမှာလည်း ပရိုဂျက်စရိုဂျင်ဟော်မုန်းပါပြီး 3 လခံပါတယ်။ အကျိုးသက်ရောက်မှုအာနိသင် 97% လောက်ရှိပြီး 12 ပတ်တစ်ခါထိုးခြင်းဖြင့် အကျိုးသက်ရောက်မှု ပိုရစေပါတယ်။
ဆိုးကျိုးတွေကတော့ ဗိုက်အောင့်ခြင်းကနေပြီး ခေါင်းကိုက်ခြင်းအထိ၊ ကိုယ်အလေးချိန် တက်ခြင်းတွေ ဖြစ်တတ်ပါတယ်။ တချို့အမျိုးသမီးတွေမှာ အရိုးသိပ်သည်းဆ လျော့နည်းသွားတာမျိုး ကြုံရတတ်ပါတယ်။ ကလေး လိုချင်တယ်ဆိုရင် ဒီနည်းက ဆေးဖြတ်ပြီး ကလေးရဖို့အတွက် 10 လကျော်လောက် စောင့်ဖို့ လိုပါတယ်။
6. သဘာဝသားဆက်ခြားနည်းလမ်းများ (ရက်ရှောင်ခြင်း)
ဒါက ဟော်မုန်းမလိုဘူး ဆိုပေမယ့် အသေးစိတ် ဂရုစိုက်ဖို့ လိုပါတယ်။ ကိုယ့်ခန္ဓာကိုယ်ရဲ့ လက္ခဏာတွေကို သိနေဖို့ လိုပါတယ်။ ဥပမာ - ကိုယ့်ခန္ဓာကိုယ်ရဲ့ သဘာဝစည်းချက်တွေ၊ ရာသီစက်ဝန်းကြာချိန်ကို သေချာသိဖို့ လိုပါတယ်။ အများစုအတွက် ရာသီစက်ဝန်းက 26 - 32 ရက်အကြား ရှိပါတယ်။
ဒါပေမဲ့လည်း ကလေးမွေးပြီးနောက် ဘယ်လောက်ကြာရင် (သို့) ဘယ်အချိန်မှာ သနေ္ဓ ပြန်အောင်နိုင်လဲ ဆိုတာကို သိဖို့ခက်ပါတယ်။ အမျိုးသမီးအများစုက မမျိုးဥ ကြွေနေတာတောင်မှ ရာသီ ပြန်မလာသေးတာမျိုးလည်း ရှိပါတယ်။ ကလေးမွေးပြီး ရာသီ ပြန်လာကာစဆိုရင် လာတာ ပုံမမှန်ဘဲ ဖြစ်တတ်ပါတယ်။
သဘာဝနည်းကို ရွေးမယ်ဆိုရင်တော့ အချွဲတွေကို စောင့်ကြည့်ဖို့၊ ပြက္ခဒိန်နည်း သုံးတတ်ဖို့၊ ကိုယ်အပူချိန်နဲ့ လက္ခဏာတွေကို သေချာသိနေဖို့ လိုပါတယ်။ သဘာဝနည်းရဲ့ အကျိုးသက်ရောက်မှုကတော့ သေချာမလုပ်ဘူးဆိုရင် 76% (သို့) ဒီထက် နည်းနိုင်ပါတယ်။ ရာသီမမှန်တဲ့ အမျိုးသမီးတွေအတွက် မသင့်တော်ပါဘူး။ ကလေး နို့တိုက်နေချိန်မှာလည်း မသင့်တော်ပါဘူး။ ဒီနည်းကိုပဲ သုံးချင်တယ်ဆိုရင်တော့ ကွန်ဒုံးပါ သုံးသင့်ပါတယ်။
7. သားကြောဖြတ်ခြင်း
ကလေး ထပ်ပြီးမလိုချင်တော့ဘူးဆိုတာ သေချာရင်တော့ သားကြောဖြတ်လိုက်တာ ကောင်းပါတယ်။ ဒါက အပြီးပိုင်သနေ္ဓတားနည်း ဖြစ်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)















