ကလေးပျက်ခဲ့ဖူးသူ အမျိုးသမီးတချို့ရဲ့ ရင်တွင်းခံစားချက်များ
ကလေးတစ်ယောက် မွေးရတာ စိတ်ပင်ပန်း လူနွမ်းရပေမယ့် နောက်ဆုံးမှာ မိမိနဲ့ မိသားစုအတွက် အနာဂတ်မျိုးဆက်သစ်လေး ဖန်တီးနိုင်ခဲ့ပြီဆိုတဲ့ အတွေးက မိခင်တွေကို တကယ်ပျော်ရွှင်စေပါတယ်။ တစ်ဖက်ကလည်း ကလေးပျက်ကျသွားတဲ့ မိခင်တွေကျတော့ ရင်တွင်းခံစားချက်မှုတွေဟာ လူတွေသိထားတဲ့ အတိုင်းအတာထက် ပိုမိုပြင်းထန် ခက်ခဲနေတတ်ပါတယ်။
1. သက်ဆိုတဲ့ အမျိုးသမီးလေးဟာ သားဥကြွေဖို့ ခက်ခဲတတ်တဲ့ အနေအထားတစ်မျိုး ခံစားနေရပါတယ်၊ သားဥကြွေဖို့ ခဲယဉ်းတော့ ကလေးရဖို့ ဆိုတာလည်း ခက်ပီပေါ့။ ကံအားလျော်စွာ ကိုယ်ဝန် ရှိလာပြန်တော့လည်း သနေ္ဓသားလေးဟာ ဖွံဖြိုးဆဲလတွေမှာတင် နှလုံးခုန်နှုန်း ပျောက်ကွယ်ခဲ့ပါတယ်။ သနေ္ဓသားလေးကို ဆုံးရှုံးပြီးနောက် သားအိမ်ခြစ် ကုသမှုယူပြီးတဲ့အထိ ကျန်းကျန်းမာမာပါပဲ။ ဘဝဟာ နောက်တစ်ရက်ကစလို့ မှောင်မိုက်ကမ်ဘာထဲ ရောက်သွားသလိုပါပဲ။ ပိုဆိုးတာက သူ့အမျိုးသားက ကလေးပျက်တာကို သိပ်ကြေကွဲပုံမရဖူးလို့ ထင်မိပြီး အတွေးနဲ့တင် ထပ်ခါထပ်ခါ စိတ်ဆင်းရဲရပါတယ်။ မိသားစု သူငယ်ချင်းတွေက အားပေးပေမယ့် ဘယ်ဟာမှ မလုံလောက်သလိုပါပဲ။ မီးဖိုထဲက ပစ္စည်းတွေကို ဟိုဒီရွှေ့ပစ်တယ်။ အကြိုက်ဆုံးဓာတ်ပုံတွေကို လွှင့်ပစ်တယ်။ စားနေကျ အစားအသောက်တွေကို အရသာ မတွေ့တော့ဘူး။ ညတိုင်း ထငိုနေမိတယ်။ ဘာကို လွမ်းလို့လွမ်းမှန်း မသိဘူး။ ခက်ခက်ခဲခဲ ရခဲ့တဲ့ ရင်သွေးတစ်ယောက်တည်းကိုတောင် ဆုံးရှုံးခဲ့ရပြီလေ။ သူမ ဘာများလုပ်မိလို့လဲ။ ကိုယ့်ကိုယ်ကို အခါခါ အပြစ်တင်ရင်း ဘဝဟာ ကာလရှည်ကြာ မှုန်မှိုင်း ကြမ်းတမ်းနေခဲ့ပါတယ်။ ခင်ပွန်းသည်ခမျာ မျက်တွင်းတွေဟောက်ပြီး စိတ်မချမ်းသာတဲ့ ဇနီးသည်ကို အပန်းဖြေခရီးလေး စီစဉ်ပေးပြီး ခရီးရက်ရှည် ထွက်ခဲ့ရပါတယ်။
==========================================================
2. မာမာကတော့ ကလေးနှစ်ကြိမ် ပျက်ကျသွားခဲ့သူဖြစ်ပြီး တစ်ကြိမ်နဲ့တစ်ကြိမ် တစ်နှစ်ခန့်သာ ခြားခဲ့ပါတယ်။ သူမကလည်း ကာလရှည်ကြာ ကလေးမရနိုင်လို့ အခက်တွေ့ခဲ့ရသူပါ။ ကိုယ်ဝန်ရှိပြီဆိုတဲ့ သတင်းလေးလာပြီး သိပ်မကြာခင် ပထမဆုံးကလေး ပျက်ကျခဲ့ ရှာပါတယ်။ သူမဟာ အလဲလဲ အပြိုပြိုပါပဲ၊ ရင်ထဲမှာ ဟာနေသလို တစ်ချိန်လုံး ခံစားခဲ့ရပါတယ်။ ထမင်းစားတိုင်း ဘာဝါးလို့ ဝါးနေမိမှန်းလည်း မသိတော့ဘူး။ ညဆို ဖေ့ဘုတ်ပွတ် အင်တာနက်သုံးရင်း ညတစ်ဝက်ခန့်ကို ကုန်ဆုံးစေပါတယ်။ သူမဟာ စိတ်ကူးပေါ်ရာ ကြည့်နေခဲ့ပြီး ကွန်ပျူတာနဲ့ မျက်နှာခွာလိုက်တာနဲ့ အထီးကျန်ခြင်းကို စတင်ခံစားရပါတော့တယ်။ အိပ်ရာထဲမှာ တရှုံရှုံ ငိုနေရတဲ့ရက်လည်း မနည်းတော့ဘူး။ ခေါင်းအုံးလေးတွေတောင် သူမမျက်ရည်တွေ ရွှဲနေပြီ။ ဘာလို့ ငိုနေမိတာလဲ။ ဒီလိုအဖြစ်မျိူး ထပ်မကြုံချင်တော့ဘူး။ နှလုံးသားထံမှာ အရာအားလုံး ကုန်သွားတဲ့ ဗလာခံစားချက်ကို မုန်းတယ်။ ငါ ဒီတစ်သက် ကလေးမရနိုင်တော့ဘူး။ ယူလည်း မယူတော့ဘူး။ သူမ အခါခါ တွေးတယ်။ ဒုတိယကိုယ်ဝန် ပျက်ကျသွားချိန်မှာတော့ သူမဟာ အတော်အသင့် ခံနိုင်ရည် ရှိခဲ့ပါပြီ။ ယောဂသင်တန်း သွားတက်ပြီး တရားထိုင်၊ နေ့စဉ်စာဖတ်ရင်း အတွေးဆိုးတွေကို ကျော်လွှားခဲ့ပါတယ်။ မာမာ့အတွက်တော့ ဘဝမှာ အဆိုးဝါးဆုံး ကံတရားလို့ပဲ နာမည်တပ်ရလိမ့်မယ် ထင်ပါရဲ့။
==========================================================
3. ခင်လေးကတော့ သူနာပြုပီပီ ကလေးပျက်ကျတဲ့ လောကဓံကို ခံနိုင်ရည်ရှိမယ်လို့တော့ မထင်လိုက်ပါနဲ့။ သူများကို နွေးထွေးကြင်နာစွာ ပြုစုပေးတတ်သလောက် သူမအလှည့်မှာတော့ စိတ်ရောကိုယ်ပါ ပင်ပန်းဆင်းရဲခဲ့ပါတယ်။ သားအိမ် နှစ်ခါခြစ်ခဲ့ရပြီး လူလည်း ယဲ့ယဲ့လေးသာ ကျန်ပါတယ်။ အစကတည်းက အစား ချေးများသူမို့ ဘာမှမစားနိုင်ဘဲ သိသိသာသာ ပိန်ကျသွားပါတယ်။ ဖြစ်ခဲ့သမျှကတော့ အိမ်မက်ဆိုးပါပဲ။ သူမကိုယ်သူမ ကမ်ဘာပေါ်ကနေ ပျောက်သွားချင်မိတယ်။ မိဘတွေကို မျက်နှာမဆိုင်ချင်ဘူး။ ချောချောမောမော မွေးသွားတဲ့မိခင်တွေ အများကြီးကြားမှာ သူမကျမှ ဘာလို့ ရွေးဖြစ်ရတာလဲ။ ကိုယ်တွေ၊ လက်တွေ မသယ်ချင်ဘူး။ အိပ်ရာထဲပဲ ခွေနေချင်တယ်။ အသားအရေတွေ ဖြူဖျော့ဖျော့ အရောင်ပြောင်းလာတယ်။ ခဏခဏ မျက်ရည်ကျတယ်။ နောက်ဆုံး ဆရာဝန်နဲ့ ပြန်လည်ပြသပြီး ဆေးတွေသောက်၊ နှစ်သိမ့်ဆွေးနွေး ကုသမှုတွေ ထပ်ခါထပ်ခါ ခံယူခဲ့ရပါတယ်။
==========================================================
မိမိပတ်ဝန်းကျင်မှာ ကလေးပျက်ကျထားတဲ့ အမျိုးသမီးတွေကို လျစ်လျူမရှုမိပါစေနဲ့နော်။
သူတို့ဟာ ကူညီဖေးမတာ၊ စကားပြောပေးတာ၊ ကြင်နာယုယမှုတွေကို သူများထက် ပိုလိုအပ်နေပါတယ်။ ဖွင့်ဟမပြောပေမယ့် သူတို့လေးတွေရဲ့ စိတ်ထဲမှာ ငိုပွဲဆင်ရင်း ကိုယ်ပါနွမ်းလျ သွားရတဲ့ အခြေအနေတွေ အများကြီးနော်။ သနေ္ဓသားဆုံးရှုံးရသူ မိခင်တိုင်းကို ကိုယ်ချင်းစာနာစိတ်၊ သနားနားလည်စိတ် အပြည့်အဝနဲ့ ကြိုးစားအားပေး အချိန်ပေးကြပါစို့လား။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















