စတိုင်ကျကျ လှပဖို့ နည်းလမ်း (၁၀) မျိုး
ကျန်းမာဖျတ်လတ်တဲ့ ကောက်ကြောင်းသွင်ပြင် ရရှိဖို့ဆိုတာ အမျိုးသား၊ အမျိုးသမီးတိုင်းရဲ့အိမ်မက်ပါ။ ကြည့်လိုက်တိုင်း ဖျတ်လတ်နေတဲ့အသွင်ဖြစ်အောင် ဘယ်လိုနေထိုင်မလဲ?
● ရှေးလူကြီးတွေက " ဟဲ့ ... ပျင်းမနေနဲ့ မတ်မတ်ထိုင်စမ်းတဲ့ ... " သူတို့စကားမှာ အကျိုးအကြောင်း ရှိပါတယ်။ အသက်ကြီးလာတဲ့အခါ အရိုးအားနည်းရောဂါရှိသူတောင် ခါးမကုန်းသွားတတ်ပါဘူးတဲ့။ ဒါပေမဲ့ ကိုယ် တစ်သက်လုံး နေထိုင်ခဲ့တဲ့ အပြုအမူပေါ် မူတည်ပြီး ခါးရိုးအနေအထား အနည်းငယ် အပြောင်းအလဲ ရှိလာမယ်တဲ့။ မတ်နေတဲ့ ကိုယ်နေဟန်ထားဟာ ဆွဲဆောင်မှုရှိတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ တစ်ဆက်တည်းမှာပဲ ပျင်းရိပျင်းတွဲ လှဲလျောင်းနေထိုင်တတ်သူအဖို့ ခါးကုန်းလာလိမ့်မယ်ဆိုတာလည်း သေချာသလောက်ပါပဲ။
● ခါးကိုဆန့် ရင်ကိုဖွင့် ထားပါ။ လက်ပြင်ကုန်းနေပြီထင်ရင် စတင်ပြုပြင်ပါတော့။ လျှောက်လမ်းပေါ်က မော်ဒယ်လေးလို ကိုယ့််ကိုယ်ကိုယ် သဘောထားလိုက်ပါ။ ရင်ကို ဖွင့်လိုက်ခြင်းဖြင့် အဆုတ်ဧရိယာ ပိုကျယ်ကျယ်ရလာပြီး အသက်ရှူအား ပိုကောင်းလာလို့ ရှူနာရှိုက်ကုန်းလေး မဖြစ်တော့ဘူးပေါ့။
● ခေါင်းကို မော့ထားပါ။ လည်ပင်းကို တစ်ချိန်လုံးငုံ့ အလုပ်လုပ်မယ့်အစား မကြာခဏမော့ကာ လေ့ကျင့်ခန်း လုပ်ပါ။ သင့်ရဲ့ဂုတ်ကျောတွေကို တင်းမနေပါစေနဲ့။
● ခြေထောက်လေးကို ကွေးချည်ဆန့်ချည် လှုပ်ရှားပါ။ ထိုင်နေရင်းတောင် အမြဲလုပ်ဖြစ်ဖို့ ကြိုးစားပါ။ သွေးကြောတွေ ဖောင်းနေတာ သက်သာသွားပြီး သွေးလည်ပတ်မှု ကောင်းလာတတ်လို့ ခြေသလုံး အသားအရေ ပိုလှလာပြီပေါ့။
● ခုန်ကြည့်ပါ။ မအံ့သြပါနဲ့။ ရေမချိုးခင် ၁ မိနစ်ခန့် ခြေထောက်လေးကြွပြီး ခုန်ဆွခုန်ဆွ လုပ်ကြည့်တာဟာ အကြောတွေကို ပြေသွားစေပြီး ရေဆက်ချိုးလိုက်တဲ့အခါ အရသာ ရှိလှပါတယ်။ အပူတွေ ထွက်သွားပြီး အာရုံခံစားမှုတွေ ကောင်းလာပါတယ်။
● အိပ်ခန်းထဲမှာ ကိုယ်လုံးပေါ်မှန် ထားပါ။ မှန်ကြည့်ပြီး မကြာခဏ မိမိကိုယ်ကို ပြုံးပြတာဟာ လှပတဲ့မျက်နှာထားနဲ့ ကိုယ်နေဟန်ထားအတွက် အကောင်းဆုံး လေ့ကျင့်ခန်းပါပဲတဲ့။ မိမိကိုယ်ကို အားပေးတဲ့ ကိုယ်ပိုင်အပြုံးဟာ ကိုယ်နေဟန်ထားရဲ့ ယုံကြည်မှု မျှခြေအတွက် အကောင်းဆုံး ဆေးတစ်လက်ပါပဲ။
● ကမ္ဘာကျော်မော်ဒယ် စင်ဒီကရောဖို့ဟာ သွားလေရာ မှန်လေးတစ်ချပ် ကပ်ထောင်ထားပါတယ်။ သူ့မှာရှိတဲ့ မကောင်းဆုံး ဟန်အမူအရာတွေ အနေအထားတွေကို မှန်ကြည့်ပြီး ပြုပြင်သွားတတ်လို့ အလှဆုံးနေတတ်သူလို့ နာမည်ကျော်ခဲ့ပါတယ်။
● ဗြိတိန်မင်းသားဝီလီယံရဲ့ဇနီး တော်ဝင်မင်းသမီး ကိတ်မင်ဒယ်လတန်ကို သိပ်လှတဲ့ သွယ်လျတဲ့ ကိုယ်နေဟန်ထားကြောင့် အများအားကျကြရပါတယ်။ သူမရဲ့ ချက်ပြုတ်ပုံစနစ်ကြောင့် သူပါ ပိန်နေရပါကြောင်း ဝီလီယံမင်းသားက အရွှန်း ဖောက်ခဲ့ဖူးပါတယ်။ ပိန်သွယ်လှပပြီး ဖျတ်လတ်ချင်ရင်တော့ ကိုယ်ဘာစားလဲ ဆင်ခြင်ရတော့မှာပါပဲ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ဆိုတာ အဆီနည်းပြီး သစ်ဥသစ်ဖု၊ အသား၊ ငါး ဦးစားပေးတဲ့ စားနည်းပါ။
● အမေရိကန်မင်းသမီး မက်ဂန်မာဂယ်က သူမအလှရဲ့ လျှို့ဝှက်ချက်ထဲမှာ ကိုယ်ပိုင်အချိန်ရှိခြင်းကို ထည့်သွင်းထားပါတယ်။ မိသားစု၊ သူငယ်ချင်းနဲ့ အချိန်ကုန်ပြီးတဲ့အခါ မိမိ တစ်ကိုယ်တည်း နာရီဝက်ခန့် နေပေးပါတဲ့။ လူရှေ့မှာ အလှဆုံးအနေအထား ရချင်ရင် စိတ်ရောကိုယ်ပါ ဖြေလျော့နေတဲ့ တစ်ချိန်တော့ ရှိရမှာပါပဲ။
● ယောဂကျင့်ပါ။ ပိန်ပိန်ဝဝ ... လူတိုင်းအတွက် ယောဂဟာ လှပတင့်တယ်တဲ့ ကိုယ်နေဟန်ထားကို အကောင်းဆုံး ပံ့ပိုးပေးနိုင်ပါတယ်။ ဟန်ချက်ညီလာပြီး စည်းချက်ကျန လှပတဲ့ လမ်းလျှောက်ခြင်း၊ ထိုင်ခြင်း၊ ထခြင်း၊ ခေါင်းလေးစောင်းတာ၊ ကိုယ်လေးငဲ့လိုက်တာကအစ လှချင်ရင်တော့ ဟန်ချက်ညီလေ့ကျင့်ခန်းဖြစ်တဲ့ ယောဂကိုသာ အမြန်ဆုံး စတင်လိုက်ပါတော့လို့ အကြံပြုလိုက်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















