စိတ်ပင်ပန်း လူပင်ပန်းဖြစ်ကြတဲ့ သွေးဆုံးချိန်အတွက် သိထားသင့်တဲ့ အကြောင်းအရာများ
သွေးဆုံးချိန်မှာ ဟော်မုန်းအပြောင်းအလဲများနဲ့ အခြားသော အပြောင်းအလဲများကြောင့် အမျိုးသမီးအများစု စိတ်ပင်ပန်း လူပင်ပန်း ဖြစ်ကြပါတယ်။ ဒါကြောင့် သွေးဆုံးချိန်ကို ပုံမှန်အတိုင်း ဖြတ်သန်းနိုင်ဖို့အတွက် သိထားသင့်တဲ့ အကြောင်းအရာလေးတွေကို မျှဝေပေးလိုက်ပါတယ်။
>> သွေးဆုံးပြီးချိန်မှာ လိုအပ်သောအာဟာရများ
အသက်အရွယ် ပြောင်းလဲတာနဲ့ အာဟာရလိုအပ်ချက်များလည်း ပြောင်းလဲလာပါတယ်။ အသက်အရွယ်ကြီးလာချိန်မှာ အရင်ကလို အစာများများ မစားနိုင်တာကြောင့် စားလိုက်တဲ့ အစားအစာတိုင်းမှာ အာဟာရပြည့်ဝနေစေဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် သွေးဆုံးပြီးချိန်မှာ အီစရိုဂျင်ဟော်မုန်း လျော့နည်းလာတာကြောင့် ကယ်လ်စီယမ် စုပ်ယူမှုလည်း အားနည်းလာပါတယ်။ ကယ်လ်စီယမ်စုပ်ယူမှု အားနည်းလာတာနဲ့ အရိုးပွရောဂါဖြစ်နိုင်ခြေလည်း မြင့်တက်လာပါတယ်။ ဒါကြောင့် သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေအနေနဲ့ တစ်နေ့ကို ကယ်လ်စီယမ်ပမာဏ 1200 mg မှီဝဲပေးသင့်တယ်လို့ အမေရိကန် အရိုးခွဲစိတ်ဆရာဝန်များက အကြံပြုထားပါတယ်။
ဒါ့အပြင် ဗီတာမင် D ဓာတ်ကလည်း ကယ်လ်စီယမ် စုပ်ယူမှုမှာလည်း အရေးပါတာကြောင့် ဗီတာမင် D ကြွယ်ဝတဲ့ နို့နှင့်နို့ထွက်ပစ္စည်းများ၊ တူနာငါး စတာတွေကိုလည်း မှီဝဲသင့်ပါတယ်။ ထို့ပြင် ဗီတာမင် A နဲ့ C ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်များ၊ ဂျုံနဲ့ ပြုလုပ်ထားတဲ့ အစားအစာများကို ရွေးချယ်စားသုံးသင့်ပါတယ်။
အဆီများသော အစားအစာ၊ အပူအစပ်လွန်ကဲတဲ့ အစားအစာ၊ ဟင်းခတ်အမွှေးအကြိုင်လွန်ကဲတဲ့ အစားအစာ၊ ဝက်ပေါင်ခြောက်ကဲ့သို့သော ဆားပါဝင်မှုများတဲ့ အစားအစာများ၊ ကဖင်းနဲ့ အရက် စတာတွေကို ရှောင်ရှားပြီး ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်သင့်ပါတယ်။
Menopace 1
>> သွေးဆုံးပြီးချိန်မှာ ကျန်းမာသန်စွမ်းဖို့ ပြုလုပ်သင့်သောလေ့ကျင့်ခန်း
သွေးဆုံးပြီးချိန်မှာ အီစထရိုဂျင်ပမာဏ လျော့နည်းလာတာကြောင့် ကိုယ်အလေးချိန် တိုးလာလေ့ ရှိပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းထားနိုင်ပြီး နှလုံးကျန်းမာရေးနဲ့ အရိုးကျန်းမာရေးတို့ကို အထောက်အကူပြုပါတယ်။ လေ့ကျင့်ခန်းလုပ်ချိန်မှာ စိတ်ခံစားမှုကောင်းစေတဲ့ အန်ဒရိုဖင်းဟော်မုန်း ထွက်ရှိတာကြောင့် သွေးဆုံးချိန်မှာဖြစ်တတ်တဲ့ စိတ်ခံစားမှုဝေဒနာနဲ့ စိတ်ဂဏှာမငြိမ်တာတွေကို သက်သာစေပါတယ်။
လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ ထိုက်ကျိကစားခြင်းတို့ဟာ သင့်တင့်တဲ့ လေ့ကျင့်ခန်းတွေဖြစ်ကြပြီး မကောင်းတဲ့ကိုလက်စရောပမာဏကို လျော့နည်းစေပါတယ်။
>> သွေးဆုံးပြီးချိန်မှာ အိမ်ထောင်ရေးသုခ ပြည့်ဝစေရန် နေထိုင်နည်း
သွေးဆုံးချိန်မှာ အီစထရိုဂျင်ပမာဏ လျော့နည်းလာပြီး မိန်းမကိုယ်များ ခြောက်သွေ့လာတာကြောင့် အိမ်ထောင်ရေးသုခကို ခံစားလိုစိတ်များ လျော့ပါးလာပါတယ်။ အဲဒီပြဿနာကို အီစထရိုဂျင်ပါဝင်တဲ့ ခရင်မ်များနဲ့ ဆေးဝါးများကိုသုံးစွဲပြီး ဖြေရှင်းနိုင်ပါတယ်။ ၎င်းဆေးဝါးများက မိန်းမကိုယ်ရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းကို ကောင်းမွန်စေပြီး မိန်းမကိုယ်လမ်းကြောင်းတစ်လျှောက် ချောမွေ့အောင် ပြုလုပ်ပေးတာကြောင့် အိမ်ထောင်ရေးသုခကို အပြည့်အဝ ခံစားနိုင်မှာ ဖြစ်ပါတယ်။
Menopace 2
>> သွေးဆုံးချိန်ကို ကျန်းမာပျော်ရွှင်စွာ ဖြတ်ကျော်သွားနိုင်မယ့်နည်းလမ်းများကိုလည်း ဖော်ပြလိုက်ပါတယ်။
● ရေများများသောက်ပါ။
● အာဟာရပြည့်ဝသော အဆီနည်းသော အစားအစာများကို စားသုံးပါ။
● ဆေးလိပ်ဖြတ်ပါ။
● လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
● စိတ်ဖိစီးမှုကို လျှော့ချပါ။
● ကိုယ်အလေးချိန် ထိန်းပါ။
● သွေးတိုးရောဂါရှိပါက ဆေး ပုံမှန်သောက်ပါ။
● ဟော်မုန်းဆေးသုံးစွဲရန် ဆန္ဒရှိပါက ဆရာဝန်နှင့် သေသေချာချာ တိုင်ပင်ဆွေးနွေးပါ။
Dr. Htet Htet Aung (www.drmyanmar.com)
















