စိတ်ဖိစီးမှုရဲ့နောက်ဆက်တွဲ အစားအစာစွဲလမ်းခြင်း
ရုပ်ပိုင်းဆိုင်ရာ(သို့)စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရရှိပြီးနောက် စိတ်ဖိစီးမှုကိုခံစားရတဲ့ အမျိုးသမီးတွေ ဟာအစာစွဲလမ်းတဲ့ရောဂါကို ခံစားရလေ့ရှိတယ်လို့ သိရပါတယ်။ သုတေသီများကအသက် 25 နှစ်မှ 42 နှစ်အတွင်းရှိ အမျိုးသမီးလေးသောင်းကိုးထောင်ကျော်ကို ရုပ်ပိုင်းဆိုင်ရာ(သို့) စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိမရှိ၊ ရှိခဲ့ပါက ထိုသို့ကြုံတွေ့ခဲ့ပြီးနောက် အစားအစာပေါ် အလွန်အမင်းစွဲလမ်းစိတ် ရှိ/မရှိစတဲ့ မေးခွန်းများကိုမေးမြန်းခဲ့ရာ ပါ၀င်စမ်းသပ်သူ အမျိုးသမီးများရဲ့ 18% ဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများခံစားပြီးနောက် အစားအစာကို အလွန်အမင်းစွဲလမ်းလာတယ်လို့ သိရပါတယ်။
အကယ်၍ အသက် 10 နှစ်မတိုင်မီထိုကဲ့သို့သော ဖိစီးမှုများကိုခံစားရပါက အစားအစာကို အလွန်အမင်းစွဲလမ်းစိတ်ပိုမိုပြင်းထန်တယ်လို့လည်းတွေ့ရပါတယ်။ ထိုအမျိုးသမီးတွေအနေနဲ့ အစားအစာနဲ့ စိတ်ဖိစီးမှုကိုတွန်းလှန်နိုင်အောင် ကြိုးစားတာကြောင့် တဖြည်းဖြည်းကိုယ်အလေးချိန်တိုးလာပြီး အ၀လွန်ခြင်းနဲ့ တခြားဆက်စပ်ရောဂါများကိုပါ ခံစားလာရပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကိုတွန်းလှန်နိုင်အောင် လေ့ကျင့်ခန်း လုပ်ခြင်း၊ တရားထိုင်ခြင်းနဲ့ စိတ်ခွန်အားကို မြှင့်တင်ပေးနိုင်တဲ့ စာပေများဖတ်ရှုခြင်းတို့ကို ပြုလုပ်ပေးသင့်ပါတယ်။
Dr. Htet Htet Aung (www.drmyanmar.com)
















