တစ်လတည်း ၂ ကြိမ်လာတဲ့ ဧည့်သည်
အရွယ်ရောက်ပြီး အမျိုးသမီးတစ်ယောက်မှာ ပုံမှန်ဆိုရင် ၂၄-၃၈ ရက်တစ်ကြိမ် ရာသီသွေးဆင်းလေ့ရှိပြီးတော့ ဆယ်ကျော်သက် အရွယ်တွေမှာတော့ ၃၈ ရက် (သို့) ဒီထက်ကြာမှတစ်ကြိမ် ရာသီလာလေ့ရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် လာတဲ့ပုံစံခြင်း မတူသလို တစ်ယောက်တည်းမှာတောင်မှ တစ်လနဲ့တစ်လ မတူတာရှိပါတယ်။ တချို့လတွေမှာဆိုရင် တခြားလတွေထက် ရာသီလာချိန် ပိုတိုတာ (သို့) ပိုကြာတာရှိသလို ဒီလ ဒီရက် လာပေမယ့် နောက်လ ဒီရက် လာချင်မှလာတာမျိုးပါ။
ရာသီစက်ဝန်းက တိုတယ်ဆိုရင် လအစမှာ လာထားပြီးတော့ လဆုံးရင် တစ်ခါပြန်လာတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါပေမဲ့လည်း ရာသီလာတဲ့ပုံစံက ပုံမှန်အတိုင်း မဟုတ်ဘဲနဲ့ တစ်လတည်းကို ၂ ကြိမ် ပြန်လာတယ်လို့ထင်ရင် အရင်ဆုံးတော့ အကွက်လောက်ပဲ နည်းနည်းလေး ဆင်းတာလား ရာသီ တကယ်လာတာလားဆိုတာကို ဆန်းစစ်ဖို့ လိုပါတယ်။
● ရာသီလာတယ်ဆိုရင် အောက်မှာခံတဲ့ pad (သို့) tampon က ၄ နာရီတစ်ကြိမ်လောက် စိုရွှဲနေရပါမယ်။ သွေးရောင်ကလည်း အနီရဲရဲ ဖြစ်ရပါမယ်။
● နည်းနည်းလေးပဲ ဆင်းတာ ဆိုရင်တော့ pad (သို့) tampon ရွှဲမှာ မဟုတ်ပါဘူး။ ဆငး်တဲ့သွေးရောင်ကလည်း နီညိုရောင် (သို့) အညိုရောင် ဖြစ်နေပါတယ်။
ဒီလိုခွဲပြီးပြီဆိုရင်တော့ ဘာကြောင့် ၂ ကြိမ် သွေးဆင်းရလဲဆိုတာကို ရှာရပါမယ်။
>> အကြောင်းအရင်းများ
ဒီလိုမျိုး တစ်လတည်းနဲ့ ရာသီ ၂ ကြိမ် ပြန်လာတာက ရာသီစက်ဝန်းတိုလို့ (သို့) မိန်းမကိုယ်ကနေ သွေးဆင်းစေတဲ့ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။
>> ရာသီစက်ဝန်း တိုစေသော အကြောင်းအရင်းများ -
အောက်ပါအကြောင်းအရင်းတွေကြောင့် ရာသီစက်ဝန်းကြာချိန် တိုသွားစေနိုင်ပါတယ်။
● သားဥမကြွေခြင်း
● သိုင်းရွိုက်ဟော်မုန်းများလွန်းခြင်း
● သိုင်းရွိုက်ဟော်မုန်းချို့တဲ့ခြင်း
● သွေးဆုံးချိန် အစပြုလာခြင်း
● အရွယ်ရောက်လာခြင်း
● သားအိမ်အသားလုံး (သို့) ရေအိတ်တည်ခြင်း
● စိတ်ဖိစီးမှု
● ကိုယ်အလေးချိန် အလွန်အကျွံတက်ခြင်း၊ ကျခြင်း
● တားဆေးများသုံးခြင်း
● နေမကောင်းခြင်း
>> သွေးဆင်းများစေသော အကြောင်းအရင်းများ
● ကိုယ်ဝန်ဆောင်ချိန်မှာလည်း သွေးနည်းနည်း ဆင်းတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးနည်းနည်းဆင်းတာ စိုးရိမ်စရာမရှိပေမယ့်လည်း သွေးဆင်းရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
● လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများကြောင့် အဖြူဆင်းခြင်း၊ သွေးဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။
● ကိုယ်ဝန်ပျက်ကျခြင်းကြောင့် သွေးတွေ အများကြီးဆင်းနိုင်ပါတယ်။ ကိုယ်ဝန်ရှိပြီးတော့ ရာသီလာသလို သွေးဆင်းနေရင်တော့ ဆေးရုံ၊ ဆေးခန်း ချက်ချင်းသွားပါ။
>> ဖြစ်နိုင်ချေများသောအချက်များ
မိသားစုထဲမှာ သားအိမ်အသားလုံး၊ သားအိမ် ရေအိတ်တည်ခြင်းနဲ့ အရွယ်ငယ်ငယ်နဲ့ သွေးဆုံးတဲ့ရာဇဝင်တွေရှိရင် ကိုယ့်မှာလည်း တစ်လတည်းနဲ့ ရာသီ ၂ ကြိမ် လာနိုင်ချေ များပါတယ်။
အောက်ပါအချက်တွေ ကြုံရရင် ဆရာဝန်နဲ့ ရက်ချိန်းယူပြီးတော့ ပြသသင့်ပါတယ်။
● ဝမ်းဗိုက်အောက်ပိုင်းမှာ ရက်အတော်ကြာအောင် အောင့်နေခြင်း
● ရာသီသွေးဆင်းများခြင်း
● ရာသီလာချိန်တွေကြားထဲမှာ သွေးဆင်းခြင်းကြောင့် ရာသီ၂ ကြိမ်ဆင်းတယ်လို့ အထင်မှားခြင်း
● လိင်ဆက်ဆံလျှင် နာကျင်ခြင်း
● ရာသီလာချိန်မှာ ပုံမှန်ထက် ပိုပြီးနာကျင်ကိုက်ခဲခြင်း
● ရာသီလာချိန်မှာ သွေးခဲမဲမဲများ ဆင်းခြင်း
>> နောက်ဆက်တွဲဆိုးကျိုးများ
မကြာခဏ သွေးဆင်းတဲ့အခါမှာ သွေးဆုံးရှုံးမှုများပြီးတော့ သွေးထဲက သံဓာတ်တွေ ကုန်ဆုံးသွားတဲ့အတွက် သွေးအားနည်းတတ်ပါတယ်။ သွေးအားနည်းတဲ့ လက္ခဏာတွေကတော့ -
● ပင်ပန်းနွမ်းနယ်ခြင်း
● ခေါင်းကိုက်ခြင်း
● အားနည်းခြင်း
● မူးဝေထိုင်းမှိုင်းခြင်း
● အသက်ရှူမြန်ခြင်း
● နှလုံးခုန်နှုန်းပုံမမှန်ခြင်း
>> ကုထုံးများ
ကုထုံးကတော့ ဖြစ်ရတဲ့အကြောင်းအရင်းအပေါ် မူတည်ပါတယ်။ ကိုယ့်ရဲ့သဘာဝအရကို ရာသီစက်ဝန်းတိုနေတာ (သို့) ရာသီ စလာတာ မကြာသေးဘူးဆိုရင်တော့ ကုသမှု မလိုပါဘူး။ သွေးအားနည်းမှာ စိုးရိမ်ရင်တော့ သံဓာတ်အားဆေးသောက်ဖို့ ညွှန်ပါလိမ့်မယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















