တားဆေးသောက်နေရင်း ဘာကြောင့် ကလေးရ,ရတာလဲ?
တားဆေးတွေဟာ ကလေးမရအောင် ကာကွယ်ပေးနိုင်တယ် ဆိုပေမယ့် တစ်ခါတစ်ရံ မထင်မှတ်ဘဲ ကိုယ်ဝန်ရှိသွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလို တားဆေးသောက်ရင်း ကလေးရသွားသူတွေကို မေးမြန်းကြည့်တဲ့အခါ ဆေးကို ပုံမှန်သောက်နေသူများဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် ဘယ်လို အခြေအနေမျိုးမှာ တားဆေးရဲ့အာနိသင် ဆုတ်ယုတ်တတ်သလဲဆိုတာ သိထားသင့်ပါတယ်။
1. ဆေးသောက်ပြီးပြီးချင်း အန်ခြင်း
ဆေးသောက်ပြီး 2 နာရီအတွင်း အန်တာ၊ ဒါမှမဟုတ် 24 နာရီကျော်အောင် ဝမ်းသွားနေတာမျိုး ရှိပါက သောက်ထားတဲ့ ဆေးရဲ့အာနိသင် ရမှာမဟုတ်ပါဘူး။ တစ်လုံးလောက် လွတ်ခြင်းဟာ အကြောင်း မဟုတ်ပေမယ့် ဆက်တိုက် 2 လုံးထက် ပိုလွတ်လာပြီဆိုရင်တော့ ကလေးရဖို့လမ်းစ ပိုများလာပါပြီ။
2. ဆေးတစ်မျိုးမျိုး သောက်နေရခြင်း
တားဆေးသောက်နေချိန်မှာ သတိထားရမယ့် ဆေးကတော့ Rifampicin လို့ခေါ်တဲ့ တီဘီဆေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မှိုပိုးသတ်ဆေး၊ HIV ဆေးနဲ့ အတက်ကျဆေးများ သောက်နေရပါက တားဆေးရဲ့အာနိသင် ယုတ်လျော့စေနိုင်တဲ့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
3. ဆေးကို အပူထဲ ထားမိခြင်း
ဆေးကို ကားထဲ၊ အိတ်ထဲ၊ ရေချိုးခန်းထဲ စတဲ့ အပူချိန် 77°C ထက် ပူနွေးတဲ့နေရာများမှာ ထားမိပါက ဆေးရဲ့အာနိသင် လျော့ကျနိုင်ပါတယ်။ ဒါကြောင့် မသေချာရင် ဆေးနောက်တစ်ကတ် မပြောင်းမီစပ်ကြား ကွန်ဒုံးလို အကာအကွယ်တစ်မျိုးမျိုး သုံးသင့်ပါတယ်။
4. St John's Wort ခေါ် သဘာဝဆေးဖက်ဝင်အပင်
ဒီဆေးဖက်ဝင်အပင်ဟာ စိတ်ကျဝေဒနာရှင်တွေအတွက် ကောင်းပေမယ့် အမျိုးသမီးဟော်မုန်း Estrogen ပါဝင်တဲ့ တားဆေးနဲ့ တွဲသောက်မိတဲ့အခါ ကိုယ်ဝန်ရှိဖို့ အလားအလာ များစေနိုင်ပါတယ်။
5. ဆေးသောက်ဖို့ မေ့နေတတ်ခြင်း
ဆေးမှန်မှန် မသောက်ခြင်း၊ ညွှန်ပြထားတဲအတိုင်း မသောက်ခြင်းဟာ ကလေးရစေဖို့ နံပါတ် 1 အကြောင်းရင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ဆေးသောက်မိ၊ မသောက်မိ မဝေခွဲနိုင်ခဲ့ရင် ဆေးဆက်သောက်တဲ့အပြင် ကွန်ဒုံးကို မေ့တဲ့ရက်ကစပြီး 7 ရက်တိတိ အသုံးပြုသင့်ပါတယ်။
6. ဆေး စသောက်ချိန်
ဆေး စသောက်တဲ့အခါ ရာသီပြီးပြီးချင်း ရက်ကစပြီး ဆေးသောက်ခြင်းက ပြဿနာမရှိပေမယ့် ကြားရက်မှာ အဆင်ပြေသလို စပြီး သောက်ခဲ့ရင်တော့ ပထမ 7 ရက်မှာ နည်းလမ်းတစ်မျိုးမျိုးနဲ့ ကိုယ်ဝန်မရအောင် တားသင့်ပါတယ်။
ဒါတွေဟာ တားဆေးသုံးသူ အမျိုးသမီးများ ဂရုမမူမိတဲ့ အလွဲတချို့ပဲ ဖြစ်ပါတယ်။ ဒီလိုအမှား တစ်စုံတစ်ရာ လုပ်မိပါက ကိုယ်ဝန်ရနိုင်ခြေ နည်းတယ်ဆိုပေမယ့် ဘယ်အချိန်မျိုးမှာ အရေးပေါ် တားသင့်တယ်ဆိုတာ သိထားခြင်းက စိတ်ပူပန်မှုကို လျော့နည်းစေနိုင်ပါတယ်။
Dr. Emerald (www.drmyanmar.com)
















