/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ဓမ္မတာလာခြင်းနဲ့-ပတ်သက်ပြီး-သင်မသိသေးတဲ့အချက်များ

ဓမ္မတာလာခြင်းနဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့အချက်များ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

        ဓမ္မတာလာတယ်ဆိုတာ ကျန်းမာရေးနဲ့ ပြည့်စုံပြီး ကိုယ်ဝန်ဆောင်နိုင်တဲ့ အသက်အရွယ် အပိုင်းအခြားမှာရှိတဲ့ အမျိုးသမီးတိုင်းအတွက်တော့ သူမဘဝရဲ့ သာမန်ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုပါ။ ဒါပေမဲ့ ဒီလိုသဘာဝအတိုင်း မထူးခြားတဲ့ဖြစ်ရပ်တစ်ခုကို ကမ္ဘာအနှံ့အပြားက နေရာဒေသတစ်ချို့တွေမှာ ယုတ်ညံ့ပြီး မသန့်ရှင်းတဲ့ကိစ္စတစ်ခုအဖြစ် လက်ခံနေကြဆဲပါ။
       ဓမ္မတာလာတာနဲ့ ပတ်သက်ပြီး သေချာနားမလည်ဘဲ မှားယွင်းတဲ့သိရှိမှုတွေ၊ လူအများကြားမှာ ပြောခွင့်မရှိ၊ မမေးသင့်တဲ့ အကြောင်းအရာအဖြစ် တွေးထင်တတ်ကြတာတွေကြောင့် အပျိုဖော်ဝင်စ မိန်းကလေးတွေဟာ ကိုယ့်ခန္ဓာကိုယ်ကို သေချာစွာ နားလည်ဖို့ အခွင့်အရေးဆုံးရှုံးစေတဲ့အပြင် ကလေးတစ်ယောက်အဖြစ်နဲ့ ရသင့်တဲ့လွတ်လပ်မှုတွေကိုပါ ဆုံးရှုံးစေပါတယ်။
       UNICEF ရဲ့ ဌာနမှုးတစ်ယောက်ဖြစ်တဲ့ Sanjay Wijesekera ကတော့ " မိန်းကလေးတိုင်းဟာ သူတို့ကျန်းမာရေးကို စောင့်ရှောက်တဲ့နေရာမှာ ဘယ်လိုစိတ်ဖိစီးမှု၊ အရှက်ရမှုမှ မကြုံတွေ့ရဘဲ လိုအပ်တဲ့အသိပညာနဲ့ သန့်ရှင်းတဲ့ အသုံးအဆောင်ပစ္စည်းကို လွယ်လွယ်ကူကူ ရရှိနိုင်တဲ့ ကမ္ဘာကြီးဆီကို သွားနိုင်အောင် ကြိုးစားနေတယ်" လို့ ပြောပါတယ်။

>>    ဓမ္မတာလာခြင်းနဲ့ ပတ်သက်ပြီး အဓိကကျတဲ့ အချက် (၉) ချက်
●       မိန်းမတစ်ယောက် သူ့ဘဝတစ်လျှောက်မှာ ဓမ္မတာလာတဲ့အချိန် စုစုပေါင်းဟာ ၇ နှစ်ခန့် ရှိပါတယ်။
●       မိန်းကလေးတစ်ယောက်အတွက် ပထမဆုံး ဓမ္မတာစလာချိန်ဟာ ကလေးငယ်ဘဝကနေ မိန်းမတစ်ယောက်အဖြစ် စတင်ကူးပြောင်းတဲ့အချိန်ဖြစ်တာမို့ မိသားစု၊ သူငယ်ချင်းတွေရဲ့ နားလည်ပြီး နွေးထွေးတဲ့စောင့်ရှောက်မှုဟာ အရမ်းအရေးကြီးပါတယ်။
●       စစ်တမ်းတွေအရ မိန်းကလေး တော်တော်များများဟာ ဓမ္မတာလာတဲ့အခါ ကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်စဉ်တွေ ဘယ်လိုပြောင်းလဲတယ်၊ ဘာကြောင့်ဖြစ်တယ်ဆိုတာ မသိကြပါဘူးတဲ့။ ဒါကြောင့်မို့ မိန်းကလေးတွေကို ပထမဆုံးအကြိမ် ဓမ္မတာမလာခင်မှာ သေချာအသိပေး သင်ကြားထားမှသာ ကိုယ်တိုင် ဘယ်လိုကျန်းမာရေးကို ထိန်းသိမ်းရမလဲသာမက လှုမှုပတ်ဝန်းကျင်ပါ အသိပညာတွေ တိုးတက်လာမှာ ဖြစ်ပါတယ်။ ပိုအရေးကြီးတာကတော့ ဒီကိစ္စကို မိန်းကလေးတွေအပြင် ယောက်ျားလေးတွေကိုပါ သင်ကြားပေးထားရမှာပါ။
●       ဓမ္မတာလာတဲ့အခါမှာ သေချာသန့်ရှင်းရေးလုပ်ဖို့နဲ့ သန့်ရှင်းတဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ လုံလုံလောက်လောက် ရရှိဖို့အတွက် တချို့နေရာတွေမှာ ခက်ခဲနေတုန်းပါပဲ။ ဒီအချိန်မှာ သန့်ရှင်းမှု အားနည်းရင် မျိုးပွားအင်္ဂါနဲ့ ဆီးလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် လုံလောက်တဲ့ ရေနဲ့ ဈေးသက်သာပြီး စိတ်ချရတဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို ထောက်ပံ့ပေးနိုင်ရင် ဒီရောဂါဖြစ်ပွားနှုန်းတွေလည်း ကျဆင်းလာပါလိမ့်မယ်။
●       ကိုယ်လက်အင်္ဂါ မသန်စွမ်းတဲ့ လူတစ်ယောက်ရဲ့ အကူအညီကို လိုအပ်တဲ့ မိန်းကလေးတွေ၊ အမျိုးသမီးတွေအတွက်တော့ ဓမ္မတာလာတဲ့အခါမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေဟာ သာမန်မိန်းကလေးတွေ ကြုံတွေ့ရတာထက် ပိုပါတယ်။
●       အရေးပေါ်အခြေအနေတွေ (ဥပမာ - စစ်တွင်းကာလ၊ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ကာလတွေ) မှာ ဓမ္မတာလာတဲ့မိန်းကလေးတွေအဖို့ သုံးစရာပစ္စည်း မရနိုင်တဲ့ အခက်အခဲတွေ ရှိပါတယ်။ ဒီလိုအချိန်တွေမှာ အသုံးပြုဖို့ UNICEF ကနေ ဂွမ်းထုတ်ရယ်၊ ဓာတ်မီးရယ် နောက်ပြီး အိမ်သာသုံးနေတုန်း လုံခြုံရေးအတွက် လိုအပ်ရင်သုံးဖို့ ဝီစီပါပါတဲ့ အရေးပေါ်သုံးပုံးလေးတွေကို ဖြန့်ဝေပါတယ်။
●       တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ပြောရရင် လူ ၂.၃ ဘီလီယံဟာ အခြေခံကျတဲ့ သန့်ရှင်းရေးကို ပြုလုပ်ဖို့တောင် လုံလောက်တဲ့ပစ္စည်း မရှိပါဘူးတဲ့။ တိုးတက်မှု အရမ်းနောက်ကျတဲ့ နိုင်ငံတချို့မှာတော့ပဲရှိတာမို့ လက်ဆေးဖို့ လိုအပ်တဲ့ ဆပ်ပြာနဲ့ရေကိုတောင် လက်လှမ်းမီတဲ့လူဦးရေက ၂၇% လောက်ပဲ ရှိတာမို့ မိန်းကလေးတွေအဖို့ ဓမ္မတာလာချိန်မှာ သန့်သန့်ရှင်းရှင်းဖြစ်ဖို့ဆိုတာ ကြီးမားတဲ့စိန်ခေါ်မှုပါပဲ။
●       ဝင်ငွေနိမ့်ပါးတဲ့နိုင်ငံတွေက ကျောင်းတစ်ဝက်လောက်မှာ သန့်ရှင်းတဲ့သောက်ရေ၊ အိမ်သာအပြင် ကျောင်းသူနဲ့ ဆရာမတွေအဖို့ ဓမ္မတာလာချိန်မှာ သန့်ရှင်းရေးဆောင်ရွက်ဖို့ လုံလောက်တဲ့ပစ္စည်း မရှိတဲ့အတွက် ဒီလိုအချိန်တွေမှာ ကျောင်းပျက်တာမျိုးတွေအထိ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကျောင်းတွေမှာလည်း ဒီလိုအပ်ချက်တွေကို သတိထားပြီး ဖြည့်ဆည်းပေးနိုင်ဖို့လိုတယ်။
●       UNICEF ဟာ ဒေသခံအဖွဲ့အစည်း၊ အသင်းအဖွဲ့၊ အစိုးရဌာနတွေနဲ့ ပူးပေါင်းပြီး ဓမ္မတာနဲ့ ပတ်သက်တဲ့ အတွေးအခေါ်မှားတွေကို ချေဖျက်ပြီး မှန်ကန်တဲ့အသိတွေ ရလာအောင် သန့်သန့်ရှင်းရှင်းရှင်းနဲ့ နည်းမှန်လမ်းမှန် ဖြေရှင်းတတ်အောင် သတင်းအချက်အလက်တွေ ဖြန့်ဝေပေးတာ၊ နောက် တချို့ဆင်းရဲတဲ့ဒေသတွေ၊ ကျောင်းတွေမှာ ရေ၊ ဆပ်ပြာ၊ လစဉ်သုံးပစ္စည်းသာမက အိမ်သာ ဆောက်ပေးတာအဆုံး ထောက်ပံ့မှုမျိုးတွေ ပြုလုပ်ပေးနေပါတယ်။

Htar (www.drmyanmar.com)