/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ပျိုပျိုမေတို့-ဓမ္မတာမလာခင်-လက္ခဏာတွေသက်သာစေဖို့

ပျိုပျိုမေတို့ ဓမ္မတာမလာခင် လက္ခဏာတွေသက်သာစေဖို့

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

အလိုလိုနေရင်း စိတ်တို စိတ်ရှုပ်တာ၊ ဒေါသကြီးလာတာတွေ ဖြစ်လာတဲ့အခါ အမျိုးသမီးတွေဟာ ရာသီလာခါနီးပြီလားဆိုတာ အရင်ဆန်းစစ်ကြည့်မိတတ်ပါတယ်။

>>  ဓမ္မတာမလာခင်လက္ခဏာတွေ ဆိုတာကတော့ -
●  ဓမ္မတာစက်ဝန်းရဲ့ နောက်ပိုင်း ၁၄ ရက် (ဓမ္မတာမလာခင်အချိန်) မှာ ဖြစ်တတ်တဲ့လက္ခဏာတွေပါ။
●  ဓမ္မတာစလာပြီဆိုတာနဲ့ တစ်ရက်၊ နှစ်ရက်လောက်အတွင်း ပျောက်သွားတတ်ပါတယ်။

>>  ရောဂါလက္ခဏာတွေကို မှတ်တမ်းချရေးထားသင့်ပါတယ်။
ကိုယ့်ကို အဓိကပြဿနာပေးနေတဲ့ လက္ခဏာတွေကို မှတ်သားထားဖို့လိုပါတယ်။ ဒီလိုမှတ်သားထားခြင်းဖြင့် ဒီလိုလက္ခဏာတွေကိုဖြစ်စေဖို့ ဘာတွေက လှုံ့ဆော်သလဲဆိုတာကို သိနိုင်ပါတယ်။ ဆရာဝန်အနေနဲ့လည်း ဒီလက္ခဏာတွေကို သက်သာစေဖို့ ဘယ်နည်းနဲ့ ကုသရမယ်ဆိုတာကို ပိုမိုသေချာသိရှိစေပါတယ်။
●  ဘယ်လိုလက္ခဏာတွေဖြစ်တယ်
●  ဘယ်လောက်ထိဆိုးတယ်
●  ဘယ်လောက်ကြာကြာဖြစ်တယ်
●  ဘယ်လိုကုထုံးတွေကို တုံ့ပြန်မှုရှိတယ်ဆိုတာတွေကို မှတ်သားထားဖို့ လိုပါတယ်။
ဒီလက္ခဏာတွေကို ကုသပေးဖို့ နည်းအမျိုးမျိုး သုံးကြည့်နိုင်ပါတယ်။ တချို့နည်းတွေက အလုပ်ဖြစ်ပေမယ့် တချို့နည်းတွေက အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ မှတ်တမ်းမှတ်ရာ လုပ်ထားခြင်းအားဖြင့် ဘယ်နည်းတွေက သက်သာစေတယ်ဆိုတာကို သိရှိစေပါတယ်။

Dolfenal 1

>>  ကျန်းမာရေးနဲ့ညီညွတ်တဲ့ လူနေမှုပုံစံကို နေထိုင်ပါ။
ပထမဆုံးလုပ်ရမှာကတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ လူနေမှုပုံစံနေထိုင်ဖို့ပါ။ အမျိုးသမီး အတော်များများမှာ ဒီလိုနေထိုင်မှုပုံစံ ပြောင်းလဲလိုက်ရုံနဲ့ အလုပ်ဖြစ်ပါတယ်။

ဓမ္မတာစက်ဝန်း ဒုတိယကာလမှာ -
●  မပြုပြင်ထားတဲ့အစေ့အနှံတွေ၊ အသီးအရွက်တွေ များများစားပေးပါ။ ဆားနဲ့သကြားကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။
●  ရေများများ သောက်ပါ။ အချိုရည်တွေ၊ ကော်ဖီတွေ၊ အရက်တွေကို ရှောင်ပါ။
●  တစ်နေ့ကို ၃ ကြိမ် အဝစားမယ့်အစား နည်းနည်းနဲ့ မကြာမကြာ စားပေးပါ။ ၃ နာရီခြားတစ်ခါလောက်ပေါ့။ ဒါပေမဲ့ နင်းကန်တော့ မစားပါနဲ့။
●  လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။

>>  စိတ်ဖိစီးမှုများတဲ့အခါ၊ ဝမ်းနည်းမှုခံစားရတဲ့အခါ -
တချို့အမျိုးသမီးတွေမှာ ဓမ္မတာမလာခင်လက္ခဏာတွေဟာ စိတ်အခြေအနေနဲ့ အိပ်တဲ့ပုံစံကို ထိခိုက်တာမျိုး ရှိပါတယ်။
●  တစ်လလုံး အိပ်ရေးဝဝအိပ်ပါ။
●  အိပ်ဆေးတွေ မသောက်ခင် ညဘက်အိပ်တဲ့ပုံစံကို ပြောင်းကြည့်ပါ။ ဥပမာ - အေးအေးဆေးဆေးလုပ်ရတဲ့ လှုပ်ရှားမှုတစ်ခုခုလုပ်တာ၊ မအိပ်ခင် သီချင်းအေးအေးလေး နားထောင်တာလိုမျိုးပေါ့။

Dolfenal 2

>>  စိတ်ဖိစီးမှုနဲ့ စိတ်ပူပန်လွန်တာတွေ သက်သာစေဖို့ -
●  အသက်ရှူလေ့ကျင့်ခန်း၊ ကြွက်သားပြေလျော့လေ့ကျင့်ခန်းတွေ လုပ်ပါ။
●  ယောဂတွေ၊ လေ့ကျင့်ခန်းတွေ လုပ်ပါ။
●  နှိပ်နယ်ပေးပါ။
အရမ်းဆိုးလာရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပါ။

>>  ဆရာဝန်နဲ့ ဘယ်အချိန်ပြသင့်သလဲ?
●  မိမိဘာသာ ကြိုးစားကြည့်လို့ မပျောက်ရင်
●  ရင်သားမှာ ခါတိုင်းနဲ့မတူတဲ့ အဖုအကြိတ်တွေ စမ်းမိရင်
●  နို့သီးခေါင်းမှ အရည်စိမ့်ထွက်လာရင်
●  အရမ်းဝမ်းနည်းနေရင်/အသက်ရှင်လိုစိတ်မရှိတာမျိုး ခံစားရရင် ဆရာဝန်နဲ့ ပြကြည့်ပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)