မိန်းမကိုယ်မှ အနံဆိုးထွက်တာ ဘာကြောင့်လဲ?
သိပ်ကို သန့်ရှင်းလှပါတယ်ဆိုတဲ့ အမျိုးသမီးတွေတောင် မိန်းမကိုယ် အနံ့ထွက်တာကို မရှောင်ရှားနိုင်ပါဘူး။ အမျိုးသမီးအင်္ဂါဟာ ပုံမှန်ဆို အနံ့ ကင်းနေရမှာပါ။ ချွေးထွက်များတဲ့အခါ အနံ့ ပြင်းလာလေ့ ရှိသလို ရာသီလာတဲ့အခါလည်း ညှီစို့စို့ နံတတ်ပါတယ်။ အနံ့ထွက်တာဟာ အမြဲဖြစ်လာတဲ့အခါ အမျိုးသမီးလေးတွေဟာ ရှက်လည်း ရှက်၊ စိတ်လည်း ညစ်ကြရပါတယ်။
တချို့တွေက ပုံမှန်အတိုင်း ဘာမှမဖြစ်ဘဲကို အနံ့တစ်မျိုး ထွက်နေလေ့ ရှိပါသတဲ့။ ဒီအတွက် စိတ်ညစ်ရသူ ပျိုမေတွေအတွက် နည်းလမ်းလေးတွေ တင်ပြပါရစေ။ သန့်သန့်ရှင်းရှင်း ထားနိုင်တိုင်းလည်း သိပ်သန့်သွားနိုင်တဲ့နေရာ မဟုတ်ဘူးဆိုတာ အရင်ဆုံး သိစေချင်ပါတယ်။
မိနိးမကိုယ်က ပုံမှန် အဖြူနည်းနည်းလောက် ဆင်းတတ်တာက ပြဿနာ မဟုတ်ပါ။ ယားတာရယ်၊ အနံ့ ဆိုးတာရယ်၊ ငါးညှီနံ့လိုပါ နံလာရင် ပိုးဝင်နေတာကို ပြသပါတယ်။ ဒီတော့ ဆရာဝန်နဲ့ အမြန်ပြသ တိုင်ပင်မှ အဆင်ပြေမှာပါ။ ပုံမှန်ဆေးကြောနေရုံနဲ့တော့ ပြေလည်သွားဖို့ မလွယ်ပါ။ မိန်းမကိုယ် ပိုး၀င်တဲ့အခါ ကုသတဲ့နည်းတွေ အမျိုးမျိုးတွေ ရှိနိုင်ပါတယ်။ မှိုပိုး၀င်တဲ့ရောဂါဆိုရင် ဆေးတောင့်သွင်း ကုသပါတယ်။ လိမ်းဆေး လိမ်းလို့ ရပါတယ်။ ဘက်တီးရီးယားပိုး၀င်ရင် ဆေးသောက်ရပါတယ်။ အနည်းဆုံး တစ်ပတ်ကနေ ဆယ်ရက်ထိ ဆေးပတ်လည်အောင် သောက်ရလေ့ ရှိပါတယ်။ မိန်းမကို်ယ်ကဆင်းတဲ့ အရည်ရဲ့အရောင်ပေါ် မူတည်ပြီး ရောဂါ အဖြေထုတ်တာ ရှိသလို ပိုပြီးတိကျတဲ့နည်းကတော့ အရည်နမူနာကို မိုက်ခရိုစကုပ်နဲ့ ပိုးမွေး စစ်ဆေးတာ ဖြစ်ပါတယ်။
နောက်တစ်ခုက လိင်နဲ့ ပတ်သက်တဲ့ ကူးစက်ရောဂါတချို့ ဖြစ်ပွားတဲ့အခါ မိန်းမကိုယ်က အနံ့ ထွက်ပါတယ်။ ဆက်ဆံဖက် အမျိုးသားက မသန့်ရှင်းရင် ကူးလာနိုင်ပါတယ်။ ကွန်ဒုံး သုံးပါ။ လိင်ဆက်ဆံပြီးတိုင်း ဆီး သွားပါ။ အမျိုးသားမှာ ကျင်ချောင်း နာကျင်တာ၊ ပြည်လို အရည်ထွက်တတ်တာတွေ ရှိလာခဲ့ရင် ဆရာ၀န်နဲ့ နှစ်ဦးလုံး ပြသတိုင်ပင်စေလိုပါတယ်။
မာလာခင် (စိန်ပန်း) (www.drmyanmar.com)
















