ရင်သားကင်ဆာကို ကာကွယ်နိုင်မယ့် နည်းလမ်း (၈) သွယ်
၁။ ကိုယ်အလေးချိန်ကို အမြဲသတိရှိပါ။
လူတိုင်းလူတိုင်းအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားဖို့ အရမ်းကို အရေးကြီးပါတယ်။ အဝလွန်ခြင်းက ရင်သားကင်ဆာအပြင် ကင်ဆာရောဂါအမျိုးမျိုး ဖြစ်နိုင်ချေကို မြင့်တက်စေပါတယ်။ အထူးသဖြင့်တော့ သွေးဆုံးပြီးအမျိုးသမီးတွေမှာ သတိထားကြပါ။
၂။ ကိုယ်လက်လှုပ်ရှားမှုရှိပါစေ။
ယနေ့ခေတ်မှာ ဘယ်ရောဂါကိုမဆို ကြည့်လိုက်ရင် လေ့ကျင့်ခန်းက အဓိကအရာအနေနဲ့ ပါဝင်လာတာကို တွေ့ရပါတယ်။ အမျိုးသမီးတွေမှာဆိုရင် တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ ခန့် လမ်းလျှောက်ပေးခြင်းအားဖြင့် ရင်သားကင်ဆာ ဖြစ်နိုင်ချေကို လျော့ကျစေနိုင်ပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်တာက ကိုယ်အလေးချိန်ကိုလည်း ထိန်းထားပေးနိုင်ပါတယ်။
၃။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် များများစားပါ။ အရက်မသောက်ပါနဲ့။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံဖြစ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပေးမယ်ဆိုရင် ရင်သားကင်ဆာ ဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။ အရက် အသင့်အတင့် သောက်သုံးခြင်းက အသက်ကြီးတဲ့သူတွေမှာ နှလုံးကျန်းမာရေးအတွက် ကောင်းပေမယ့်လည်း ရင်သားကင်ဆာနဲ့ ပတ်သက်လာရင်တော့ နည်းနည်းလေး သောက်တာကတောင်မှ ကင်ဆာဖြစ်နိုင်ချေကို မြင့်တက်စေပါသတဲ့။ ဒီတော့ အရက်ကို အလွန်အကျွံ လုံးဝမသောက်ပါနဲ့။
၄။ ဆေးလိပ်မသောက်ပါနဲ့။
ဆေးလိပ်သောက်တာက နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ ရင်သားကင်ဆာအပြင် ကင်ဆာအမျိုးပေါင်း အနည်းဆုံး ၁၅ မျိုးလောက်နဲ့ ဆက်စပ်နေသလို ဆေးလိပ်သောက်တဲ့သူတွေမှာ ခံတွင်းနံ့ နံတာ၊ သွားတွေ မကောင်းတာ၊ ပါးရည်တွန့်တာတွေကို ဖြစ်စေပါတယ်။ ဒီတော့ ကိုယ်တိုင် ဆေးလိပ်မသောက်သလို အလုပ်မှာလည်း ဆေးလိပ်ငွေ့တွေ ကင်းစင်ရင်တော့ အကောင်းဆုံးပါပဲ။
၅။ ဖြစ်နိုင်ရင် မိမိရဲ့ရင်သွေးကို မိခင်နို့ပဲ တိုက်ပါ။
မိခင်တစ်ယောက်ရဲ့သက်တမ်းမှာ ရင်သွေးတွေကို တစ်နှစ်နဲ့အထက် မိခင်နို့ တိုက်ကျွေးဖူးတယ်ဆိုရင် ရင်သားကင်ဆာ ဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။ ပြီးတော့ မိခင်နို့က ကလေးအတွက်လည်း အကျိုးကျေးဇူးတွေ အများကြီး ရှိစေပါတယ်။
၆။ အထူးသဖြင့် အသက် ၃၅ နှစ် ကျော်လာပြီဆိုရင် (သို့) ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေမှာ သနေ္ဓတားဆေးတွေ မသောက်ပါနဲ့။
သနေ္ဓတားဆေးမှာက ကောင်းကျိုးရှိသလို ဆိုးကျိုးတွေလည်း ရှိပါတယ်။ အသက်ငယ်ရင်တော့ ဆိုးကျိုးနည်းပါတယ်။ သနေ္ဓတားဆေး သောက်နေချိန်မှာ ရင်သားကင်ဆာ ဖြစ်နိုင်ချေ အနည်းငယ်ရှိပြီးတော့ တားဆေးဖြတ်လိုက်ချိန်မှာ ဒီဆိုးကျိုးက မြန်မြန်ကြီးမြင့်တက်လာပါတယ်။ ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေ သနေ္ဓတားဆေးသောက်ရင် လေဖြတ်နိုင်ချေနဲ့ နှလုံးတိုက်ခိုက်ခံရနိုင်ချေတွေ များပါတယ်။ တစ်ဖက်က ပြောရရင်လည်း ဆေးကို ကြာရှည်စွဲသောက်ခြင်းဖြင့် သားဥအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ သားအိမ်ကင်ဆာ စတဲ့ ကင်ဆာတွေ ဖြစ်နိုင်ချေကို လျော့ကျစေနိုင်ပါတယ်။ ရင်သားကင်ဆာဖြစ်မှာ အရမ်းစိုးရိမ်နေရင်တော့ သနေ္ဓတားဆေးကို ရပ်လိုက်တာက ကာကွယ်နည်းတစ်ခု ဖြစ်နိုင်ပါတယ်။
၇။ သွေးဆုံးပြီးသောက်ရတဲ့ ဟော်မုန်းဆေးတွေကို ရှောင်ပါ။
အရိုးပွခြင်း၊ နှလုံးရောဂါစတဲ့ နာတာရှည်ရောဂါတွေကို ကာကွယ်နိုင်ဖို့အတွက် သွေးဆုံးပြီးချိန်မှာ သောက်ရတဲ့ ဟော်မုန်းဆေးတွေကို စွဲပြီးမသောက်သင့်ပါဘူး။ သောက်ကို သောက်ဖို့ လိုတယ်ဆိုရင်လည်း သောက်တဲ့အချိ်န် တိုလေကောင်းလေပါပဲ။ ဆရာဝန် ညွှန်ကြားချက်နဲ့ပဲ သောက်ပါ။
၈။ ရင်သားကင်ဆာ ဖြစ်နိုင်ချေများတဲ့ အမျိုးသမီးတွေအနေန့ဲ Tamoxifen, Raloxifene တွေ သောက်လို့ရပါတယ်။
ဒီဆေးတွေက ရင်သားကင်ဆာ ဖြစ်နိုင်ချေများတဲ့ အမျိုးသမီးတွေမှာ ဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။ ဒီဆေးတွေမှာ ဆိုးကျိုးတွေလည်း ရှိတဲ့အတွက် ဆရာဝန် ညွှန်ကြားချက်နဲ့ပဲ သောက်သင့်ပါတယ်။
>> ကိုယ့်မိသားစုထဲမှာ၊ မျိုးရိုးထဲမှာ ရင်သားကင်ဆာဖြစ်ဖူးတာ ရှိ၊ မရှိ ရှာဖွေဖော်ထုတ်ပါ။
မျိုးရိုး၊ မိသားစုထဲမှာ ရင်သားကင်ဆာ ဖြစ်ဖူးတယ်ဆိုရင် ကိုယ့်မှာလည်း ဖြစ်နိုင်ချေများတဲ့အတွက် ကိုယ့်ရဲ့မိသားစုရာဇဝင်ကိုလည်း သိထားဖို့ လိုပါတယ်။ ကိုယ့်ရဲ့အမေ/အစ်မ/ညီမ တစ်ယောက်ယောက်မှာ ရင်သားကင်ဆာ (သို့) သားဥအိမ်ကင်ဆာဖြစ်ဖူးရင် (အထူးသဖြင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ရောဂါဖြစ်ထားရင်) (သို့) ကိုယ့်ရဲ့မိသားစုဝင်တွေမှာ (အမျိုးသားတွေ အပါအဝင်) ရင်သား၊ သားဥအိမ်နဲ့ ဆီးကျိတ်ကင်ဆာတွေ ဖြစ်ဖူးရင် အထူးသတိထားရပါမယ်။
>> စစ်ဆေးမှုခံယူဖို့ မမေ့ပါနဲ့။
ရင်သားကင်ဆာကို mammography လို့ခေါ်တဲ့ စစ်ဆေးနည်းနဲ့ စစ်ဆေးနိုင်ပါတယ်။ ဒါကတော့ ကင်ဆာကို မကာကွယ်နိုင်ပေမယ့် စောစောသိတော့ စောစောကုသလို့ ပျောက်ကင်းနိုင်ပါတယ်။
အသက် ၄၀ အရွယ်ကစပြီးတော့ ရင်သားဓာတ်မှန် (mammogram) တစ်နှစ်တစ်ကြိမ် ရိုက်သင့်ပါတယ်။
ရင်သားကင်ဆာ ဖြစ်နိုင်ချေကို များစေတဲ့ အခြားအရေးကြီးတဲ့အချက်တွေ -
စိတ်မကောင်းစရာအချက်က ကိုယ့်အနေနဲ့ ထိန်းချုပ်လို့မရနိုင်တဲ့ တခြားအချက်တွေ ရှိနေတာပါ။ ကိုယ့်ကိုယ်ကိုယ် ရင်သားကင်ဆာ ဖြစ်နိုင်ချေ အရမ်းများနေတယ်လို့ထင်ရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
● အသက်ကြီးခြင်း (အထူးသဖြင့် အသက် ၆၀ နှစ်နှင့်အထက်)
● မိသားစုထဲတွင် ရင်သားကင်ဆာဖြစ်ဖူးခြင်း
● အသက် ၁၂ နှစ်မတိုင်မီ ရာသီစလာခြင်း
● အသက် ၅၅ နှစ်ကျော်မှ သွေးဆုံးခြင်း
● အသက် ၃၅ နှစ်ကျော်မှ သက်ဦးကလေးမွေးခြင်း
● ကလေးမရှိခြင်း
● အရပ်ရှည်ခြင်း ( ၅ပေ ၈ လက်မနှင့််အထက်)
● ရင်သားအကျိတ် (Benign breast disease) ဖြစ်ဖူးခြင်း
Dr. Mya Myo Myo Swe (www.drmyanmar.com)
















