/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ရာသီလာချိန်-ပူလောင်အိုက်စက်တတ်တာ-ပုံမှန်ပဲလား

ရာသီလာချိန် ပူလောင်အိုက်စက်တတ်တာ ပုံမှန်ပဲလား?

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

တချို့အမျိုးသမီးတွေ ရာသီလာချိန်ဆို အထူးသဖြင့် မျက်နှာ၊ လည်ပင်းနဲ့ ကိုယ်ခန္ဓာအပေါ်ပိုင်းမှာ ပူလောင်အိုက်စက်ပြီး ချွေးတဒီးဒီးကျတာမျိုး ဖြစ်ဖူးကြမှာပါ။

Dolfenal 2022 IA 1

ဒီလိုဖြစ်တာ ပုံမှန်ပဲလား? ဘာကြောင့် ဖြစ်ရတာလဲ?

အဓိကကတော့ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်ရတာပါ။ အကြမ်းဖျင်းပြောရရင် အမျိုးသမီးအများစုဟာ ဒီလိုလက္ခဏာတွေကို သွေးဆုံးချိန်ရောက်မှသာ ခံစားရလေ့ရှိကြပါတယ်။ ဒါပေမယ့် ဓမ္မတာလာတဲ့ အသက်အရွယ်မှာလည်း ဖြစ်နိုင်တယ်ဆိုတာကို မမေ့သင့်ပါဘူး။

• အသက် ၄၀ နောက်ပိုင်းမှာဖြစ်ရင် သွေးဆုံးခါနီးလက္ခဏာကို ခံစားရတာကြောင့်ဖြစ်ပြီး သိပ်စိုးရိမ်စရာ မလိုပါဘူး။
• အသက်ငယ်ရွယ်စဥ်မှာဖြစ်ရင်တော့ ရာသီမှန်တယ်၊ တခြားဘာလက္ခဏာမှ ကြီးကြီးမားမားမရှိဘူးဆို အဆင်ပြေပါတယ်။
• အသက် ၃၅ နဲ့ ၄၀ ကြားမှာဖြစ်ရင်တော့ အရွယ်မတိုင်ခင်သွေးဆုံးချင်တာများ ဖြစ်နေမလားလို့ သတိထားသင့်ပါတယ်။
• တခြားအကြောင်းတွေကတော့ ရောဂါပိုးတွေ၊ သိုင်းရိုက်ဂလင်းပြဿနာတွေ၊ စိတ်ဖိစီးမှုတွေနဲ့ ဆေးဝါးတချို့ရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ဖြစ်နိုင်ပါတယ်။

Dolfenal 2022 IA 2

ဘယ်လိုကုသရမလဲ?

နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲပေးသင့်သလို လိုအပ်ရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဟော်မုန်းဆေးဝါးတွေနဲ့ ကုသမှုခံယူတာမျိုး လုပ်ပေးသင့်ပါတယ်။ နေထိုင်စားသောက်မှုပုံစံကိုတော့ ဒီလိုလေး ပြောင်းလဲကြည့်လိုက်ပါနော်။
• ကဖင်း၊ အရက် (အထူးသဖြင့် ဝိုင်နီ)၊ အပူအစပ်၊ နှစ်ချို့ဒိန်ခဲနဲ့ ချောကလက်တို့ကို ချင့်ချိန်စားသောက်ပါ။
• ပဲပိစပ်ထုတ်ကုန်တွေ စားသုံးပေးပါ။
• ဆေးလိပ်ဖြတ်ပါ။
• လေ့ကျင့်ခန်းလုပ်ပါ။
• စိတ်အပန်းပြေအောင် အသက်ရှူလေ့ကျင့်ခန်း၊ ယောဂနဲ့ တရားထိုင်တာမျိုး လုပ်ကြည့်ပါ။
• ရေအေးအေးလေး သောက်ပါ။
• ချောင်ချောင်ချိချိ အဝတ်အစားကို ဝတ်ဆင်ပါ။

အကယ်၍ ဒါတွေလုပ်လို့မှ မသက်သာရင်၊ ပူအိုက်တာ အရမ်းဆိုးပြီး မကြာခဏဖြစ်နေရင်၊ နေ့စဥ်အလုပ်တွေ မလုပ်နိုင်လောက်အောင် အနှောင့်အယှက်ဖြစ်ရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ကုသမှုခံယူသင့်ပါတယ်။ ဒါ့အပြင် စားမဝင်အိပ်မပျော်တာ၊ ဖျားတာ၊ ဝိတ်ကျသွားတာ၊ အကျိတ်ရောင်တာတွေ ရှိလာရင်လည်း ပြသသင့်ပါတယ်နော်။

www.drmyanmar.com