ရာသီလာရာဝယ်
တကယ်တမ်း ရာသီလာတယ် ဆိုတာဟာ မိန်းကလေးတွေအတွက် စိတ်ညစ်စရာကောင်းတဲ့ ကိစ္စတစ်ရပ် ဖြစ်ပါတယ်။ ရာသီလာတဲ့အခါ စိတ်အတက်အကျတွေ၊ ဗိုက်နာတာတွေ၊ ခေါင်းကိုက်တာတွေနဲ့ စိတ်ပျက်ဖွယ် ရင်ဆိုင်ရပါတယ်။ ဒါပေမဲ့ ဒီပြဿနာတွေဟာ ပုံမှန်ပဲဖြစ်ပြီး စိတ်ပူပန်စရာ မလိုအပ်ပါဘူး။
ဓမ္မတာလာစဉ်မှာ အတုံးအခဲတွေ ဆင်းတယ်ဆိုတာဟာ ပုံမှန်ပါပဲ။ ဓမ္မတာဆိုတာ သားအိမ်ရဲ့ အလွှာတစ်လွှာ ကြွေကျတာဖြစ်လို့ အသားအပိုင်းအစလေးတွေ ပါလာတာသာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပုံမှန်ထက် ပိုကြီးလာတာ၊ များလာတာမျိုး ရှိရင်တော့ ဆရာဝန်နဲ့ ပြသဆွေးနွေးကြည့်တာဟာ အကောင်းဆုံးဖြစ်မှာပါ။
ဓမ္မတာ များတယ်လို့ ဆိုတဲ့အခါမှာလည်း ၁ နာရီ၊ ၂ နာရီခြား တစ်ခါလောက် လစဉ်သုံးပစ္စည်း လဲရတယ် ဆိုရင်တော့ ကျွမ်းကျင်သူတွေနဲ့ ပြသသင့်ပါပြီ။ ရာသီလာတာ ၁ ပတ်ထက် ပိုကြာတာ၊ လာနေစဉ်မှာ ပြင်းထန်ဆိုးရွားစွာ ကိုက်ခဲတာတွေ ရှိရင်လည်း ဆရာဝန်နဲ့ ပြသကြည့်ဖို့ တိုက်တွန်းလိုပါတယ်။
တချို့အမျိုးသမီးတွေအတွက် ဓမ္မတာလာရက်ဟာ ပြက္ခဒိန်ထက်တောင် မှန်နေတတ်ပေမယ့် တချို့အမျိုးသမီးတွေအဖို့တော့ အနည်းငယ် ကွဲပြားမှု ရှိနိုင်ပါတယ်။ အများစုကတော့ တစ်လတစ်ခါ ပုံမှန်လာလေ့ရှိပါတယ်။ ဒါပေမဲ့ စိတ်ဖိစီးမှု၊ ကိုယ်ဖိစီးမှုတွေ ရှိနေတဲ့အချိန်မျိုးမှာ ရာသီ ကျော်သွားတာ၊ ပိုလာတာမျိုးတွေ ရှိနေနိုင်ပါတယ်။ အထူးသဖြင့် ခရီးသွားချိန်တွေနဲ့ အချိန်အလွဲအပြောင်း ရှိတဲ့အချိန်မျိုးမှာ ရာသီ နောက်ကျတတ်ပါတယ်။ ဒီလိုဖြစ်တာဟာ ပုံမှန်ပါပဲ။
ရာသီလာတဲ့ရက် အရေအတွက်ဟာလည်း အပြောင်းအလဲ ရှိနိုင်ပါတယ်။ တစ်ခါတလေ ၂ ရက်လောက်ပဲ လာတတ်ပေမယ့် တစ်ခါတလေ ၁ ပတ်လောက်ထိ ကြာနေတာ ဖြစ်နိုင်ပါတယ်။ ဒီလို အမျိုးမျိုး အပြောင်းအလဲ ဖြစ်ရတာဟာ ခန္ဓာကိုယ်အတွင်း ဟော်မုန်းအပြောင်းအလဲတွေကြောင့်ပဲ ဖြစ်ပါတယ်။
အများစုမှာ ဓမ္မတာစလာစဉ် ဆယ်ကျော်သက်ဘဝမှာ ရာသီ ကမောက်ကမ ဖြစ်တတ်ပေမယ့် ၃ နှစ်လောက် ကြာလာတဲ့အခါ ပုံမှန်စက်ဝန်း ဖြစ်လာပါတယ်။
Dr. Emerald (www.drmyanmar.com)
















