/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/လွန်ကဲစွာ-ပိန််ချင်ခြင်းနှင့်-စိတ်ကျရောဂါ

လွန်ကဲစွာ ပိန််ချင်ခြင်းနှင့် စိတ်ကျရောဂါ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          ကေသရီဆိုတဲ့ မိန်းကလေးချောလေးဟာ ကျန်းမာပြီး ပြည့်ပြည့်ဖြိုးဖြိုး ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါတယ်။ သူမဟာ သူငယ်ချင်းတွေ မော်ဒယ်ဓာတ်ပုံတွေကိုကြည့်ရင်း သူမခန္ဓာကိုယ်ကို စိတ်တိုင်းမကျ ဖြစ်လာပါတယ်။ သူမဟာ အလွန်ပိန်ချင်လာပြီး ရုတ်တရက် အစားရှောင်၊ လေ့ကျင့်ခန်း လုပ်ပါတယ်။

          ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းတွေ သုံးလခန့်လုပ်ပြီး သူမ ပေါင် ၄၀ ခန့် ကျသွားပါတယ်။ ဒါပေမဲ့ မျက်နှာက သွေးရောင် မရှိတော့ပါဘူး။ ဆံပင်တွေ ကျွတ်ပြီး ဓမ္မတာလည်း ရပ်သွားပါတယ်။ သူမကို ကုသပေးတဲ့ ဆရာဝန်က သူမကို အပိန်လွန် စိတ်ကျရောဂါ " Anorexia Narvosa " အဖြစ် ရောဂါနာမည်တပ်ပြီး ပြန်လည်ကုသနေရပါတယ်။

 

>>    အပိန်လွန် စိတ်ကျရောဂါဆိုတာ ဘာလဲ?

          မိမိ ကိုယ်ခန္ဓာနဲ့ ပတ်သက်ပြီး ယုံကြည်မှု ကျဆင်းတာကနေ စတင်ပါတယ်။

●        အစား မစားဘူး။

●        စားပြီးတိုင်း ရေချိုးခန်းထဲမှာ ဝင်နေမယ်။

●        ဝလွန်းကြောင်း၊ ခါးတုတ်ကြောင်း မကြာခဏ ပြောမယ်။

●        ဝမ်းပျော့ဆေး၊ ဆီးဆေးတွေ သုံးတတ်လာမယ်။

●        တစ်ရက်တည်း ဆယ်ကြိမ်လောက် ပေါင်ချိန်မယ်။

●        ပိန်သွားကြောင်း ပြောပေမယ့် မယုံကြည်ဘူး။

●        ညကို မကြာခဏ လန့်နိုးပြီး မှန်ကြည့်နေတတ်မယ်။

●        အစားအသောက်တွေကို တောက်လျှောက် လွှင့်ပစ်မယ်။

●        လူကြားထဲမှာ မဝံ့မရဲ၊ လူတော မတိုးတတ်အောင် ယုံကြည်မှု ကျဆင်းနေမယ်။

●        လေ့ကျင့်ခန်းတွေ တပင်တပန်း လုပ်သလောက်  စိတ်တိုင်းမကျ ဝမ်းနည်းနေတတ်မယ်။

●        ပေါင်ချိန်တွေ ခဏလေးနဲ့ ထိုးကျသွားမယ်။

●        မျက်နှာတွေ ချောင်ကျလာပြီး မျက်တွင်းတွေ ကျမယ်။

●        ဆံပင်တွေ အထွေးလိုက် ကျွတ်မယ်။

●        ရာသီ ရပ်သွားမယ်။

          ဒါဆို ... အပိန်လွန်စိတ်ကျရောဂါ ဖြစ်နေပြီလို့ အမည်တပ်နိုင်ပါတယ်။

          ဒီလိုဝေဒနာ ခံစားရပြီဆို အာဟာရချို့တဲ့တာရယ်၊ စိတ်ဝေဒနာရယ်ကို ပေါင်းစပ်ကုသရတာမို့ ကုသချိန် ကြာမြင့်လေ့ ရှိပါတယ်။ ဒီရောဂါ ရလာရင် သေဆုံးသည်အထိ ဖြစ်နိုင်တာကို သတိချပ်သင့်ပါတယ်နော်။

 

>>    အပိန်လွန် စိတ်ကျရောဂါ မဖြစ်ရအောင် ...

●        ဝိတ်ချတဲ့အခါ ကျွမ်းကျင် အားကစားဆရာ၊ ကျန်းမာရေး ဆရာဝန်၊ ဆရာမနဲ့ တိုင်ပင် အစီအစဉ် ရေးဆွဲပါ။

●        လွန်ကဲ မသွားရအောင် ဘေးက မိသားစု၊ သူငယ်ချင်းက နွေးထွေးစွာ သတိပေးပါ၊ တိုးတက်မှုကို ချီးကျူးပါ။

●        အာဟာရ ပြည့်ပြည့်ဝဝစားဖို့ သိပ်အရေးကြီးကြောင်း လမ်းညွှန်ပြသပေးမယ့်သူ အနားမှာ ရှိနေပါစေ။

 

          တိုင်တန်းနစ်မင်းသမီး ကိတ်ဝင်းစလက်ဟာ ဇာတ်ကားထဲက ကိုယ်လုံးတီးနဲ့ ပန်းချီ ရေးဆွဲတဲ့အခန်းကို မရိုက်ကူးခင် ဝိတ်လျှော့ခဲ့ရပါတယ်။

          ဒါပေမဲ့ ဇာတ်ကားအပြီးမှာ သူမဟာ စွမ်းအင်ကုန်ခန်း၊ အားအင်မပြည့်ဝသလို ခံစားရလို့ ကိုယ်အလေးချိန် လျှော့ချဖို့ကို စွန့်လွှတ်လိုက်ပြီး ပြန်လည်စားပါတယ်။

          သူမဟာ ပြည့်ဖြိုးမို့မောက်တဲ့ ခန္ဓာကိုယ်နဲ့ ကျေနပ်နှစ်သိမ့်စွာ နေခဲ့ပါတယ်။ အော်စကာပွဲ တက်ရောက်လာတဲ့ကိတ်ဟာ ကိတ်ကိတ်လေးနဲ့ လှပတင့်တယ်နေခဲ့တာကို မြင်တွေ့ခဲ့ကြပါတယ်။

          အပိန်လွန် စိတ်ကျရောဂါကို ရှောင်နိုင်ဖို့ အန္တရယ်ကင်းကင်း ဝိတ်ချပြီး သဘာဝက ပေးထားတဲ့ မိမိကိုယ်ခန္ဓာသွင်ပြင်ကို ရသလောက်နဲ့ ရောင့်ရဲကျေနပ်ကြဖို့၊ ဇွတ်မပြုပြင်ကြဖို့  တိုက်တွန်းလိုက်ပါတယ်နော်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)