ဝိတ်ချဖို့ကြိုးစားနေတဲ့ အမျိုးသမီးတို့ရဲ့အမှားများ
သင်ဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေလည်း စားနေတယ်၊ လေ့ကျင့်ခန်းဆိုလည်း ပုံမှန်လုပ်နေပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် နေ,နေပါရဲ့နဲ့ တစ်နေကုန် ပင်ပန်းနွမ်းနယ်ပြီး အိပ်ချင်နေတာမျိုး ဖြစ်နေပါသလား။ ဒီလိုမျိုးဟာ ကိုယ်အလေးချိန် လျှော့ချဖို့ ကြိုးစားနေတဲ့ အမျိုးသမီးတွေမှာ တွေ့ရတတ်ပါတယ်။ ဒါဟာ ကိုယ်တွေမသိဘဲနဲ့ တချို့အမှားသေးသေးလေးတွေကို လုပ်နေမိလို့ ဖြစ်ပါတယ်။
၁။ ရေကို လုံလုံလောက်လောက် မသောက်တာ
အမျိုးသမီးတွေ အပြောများဆုံးက တစ်နေ့ကို ရေ ၈ ဖန်ခွက်သောက်ဖို့က မလွယ်ကူပါဘူး ဆိုတာပဲ။ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီတိုင်းသောက်လို့မရရင် အရသာရှိအောင်လုပ်ပြီး သောက်လို့ရပါတယ်။ ဥပမာ - ဘယ်ရီသီးလိုမျိုး လတ်ဆတ်တဲ့အသီးတွေကို ထည့်ပြီး သောက်တာမျိုးပေါ့။
ရေဓာတ် ခမ်းခြောက်လာရင် အာခေါင်တွေ ခြောက်မယ်၊ ပင်ပန်းမယ်၊ စိတ်တိုမယ်၊ ဝမ်းချုပ်မယ်။ ရေကို လုံလုံလောက်လောက် သောက်တာက ဗိုက် သိပ်မဆာစေဘဲ ကိုယ်အလေးချိန်ကိုလည်း မြန်မြန်ကျစေမှာပါ။
၂။ အစာကို အချိန်မှန် မစားတာ
အစာကို တစ်နပ်ကျော်စားတာမျိုးက နောက်တစ်ခေါက်စားရင် ပိုစားမိစေပါတယ်။ ပြီးရင် ဆန်၊ ဂျုံ၊ ပြောင်း၊ ပဲ၊ အစေ့အဆံတွေ၊ အသီးအနှံ၊ အသီးအရွက်ကို လုံလောက်စွာ မစားရင်လည်း တစ်နေကုန် ပင်ပန်းပြီး အိပ်ချင်နေတတ်ပါတယ်။
ဒါတွေကို စားပေးခြင်းက အစာခြေဖျက်တာကို မြန်စေတယ်၊ အင်အားပြည့်စေတယ်၊ ကျန်းမာရေးကို အထောက်အကူပြုပါတယ်။
၃။ အသားဓာတ် လုံလုံလောက်လောက် မရတာ
တချို့တွေ ထင်တာက သက်သက်လွတ်စားမှပဲ အသားဓာတ် မလုံလောက်တာလို့ ထင်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ အသားတော့ စားပါရဲ့ လုံလောက်တဲ့ပမာဏ မပြည့်ရင်လည်း ချို့တဲ့နိုင်ပါသေးတယ်။ အသားဓာတ် လုံလောက်မှ သွေးတွင်းအချိုဓာတ်ကို ထိန်းထားနိုင်မယ်၊ ဗိုက်လည်း သိပ်မဆာတော့ဘူး၊ ကြွက်သားပဲ တက်လာပြီး အဆီတွေကို လျော့ကျစေပါတယ်။ ဥ၊ ပဲ စတာတွေကိုလည်း ထည့်စားဖို့ လိုပါတယ်။
၄။ ကစီဓာတ်ကို လုံလုံလောက်လောက် မစားတာ
ကစီဓာတ် မလုံလောက်ရင် ခေါင်းကိုက်တာ၊ ပင်ပန်းတာ၊ စိတ်ရှုပ်တာ၊ မူးမော်တာ၊ ဝမ်းချုပ်တာတွေကို ဖြစ်စေတယ်။ ပြီးတော့ တခြားဟာတွေကို အလွန်အကျွံ စားမိစေပါတယ်။ ဒါပေမဲ့ ကစီဓာတ်ကို သေချာရွေးချယ် စားသင့်ပါတယ်။
အထူးသဖြင့် ဆန်ကြမ်း၊ ဂျုံကြမ်း၊ ပဲ၊ အစေ့အဆံ၊ အသီးနဲ့ အရွက်တွေကို စားပြီး ကိတ်မုန့်တွေ ချိုတဲ့ အသီးခြောက်တွေ ယိုတွေကိုတော့ ရှောင်သင့်ပါတယ်။
၅။ အဆီကို လုံလောက်အောင် မစားတာ
ထူးဆန်းသွားလား။ အဆီကလည်း သေချာရွေးချယ်စားတတ်ရင် ဝိတ်မတက်စေပါဘူး။ လုံလောက်အောင် မစားတာ၊ လုံးဝမစားတာကလည်း ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ခန္ဓာကိုယ်က သေချာ အလုပ်လုပ်ဖို့ အဆီ လိုပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီကို နည်းနည်းဆီ ထည့်စားဖို့ လိုပါတယ်။ သံလွင်ဆီ၊ ထောပတ်သီး၊ အစေ့အဆံတွေကို စားသင့်ပါတယ်။ တိရစ္ဆာန်ကရတဲ့ အဆီတွေကိုတော့ ရှောင်ရပါမယ်။
၆။ လေ့ကျင့်ခန်း အလွန်အကျွံလုပ်တာ
လေ့ကျင့်ခန်း အလွန်အကျွံလုပ်ရင် ပင်ပန်းစေပြီး ကြွက်သားတွေကို ထိခိုက်စေပါတယ်။ ပိုဆိုးလာရင် စိတ်ကျရောဂါအထိ ဖြစ်စေပါတယ်။ ပြီးတော့ အစားလည်း ပိုပြီးစားမိစေပါတယ်။ ဘာလို့ဆို လေ့ကျင့်ခန်းလုပ်ထားလို့ အဆီတွေ သိပ်မတက်နိုင်ဘူးလို့ ထင်ပြီးတော့ပါ။ တကယ်တော့ အဲလိုထင်တာ မှားပါတယ်။
တစ်နေ့ကို မိနစ် ၃၀- ၆၀ လောက်လုပ်ရင် လုံလောက်ပါပြီ။
၇။ အိပ်ရေးဝဝ မအိပ်တာ
လူတိုင်းနီးပါးပါဘဲ။ အလုပ်တွေ ရှုပ်တာ၊ ပါတီတွေတက်တာ၊ TV ဖုန်းတွေ ကြည့်တာနဲ့ပဲ အိပ်ရေးဝဝ မအိပ်ဖြစ်ကြပါဘူး။
တစ်နေ့ကို ၇ နာရီမှ မအိပ်ရင် စိတ်ဖိစီးမှုတွေ တက်လာပြီး စိတ်ကျတာတွေ၊ အိပ်မပျော်တာတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တာတွေ ပိုစားမိတာတွေ၊ အဝလွန်တာတွေအပြင် တခြားရောဂါတွေကိုလည်း ဖြစ်စေပါတယ်။
၈။ လေ့ကျင့်ခန်းပုံမှန် မလုပ်တာ
ဒီနေ့တော့ ပင်ပန်းနေလို့၊ မအားလို့ စတဲ့ အကြောင်းပြချက်တွေနဲ့ လေ့ကျင့်ခန်းလုပ်ဖို့ကို ကျော်ချလိုက်ကြတတ်ပါတယ်။ လှုပ်လှုပ်ရှားရှားမရှိတာက ရောဂါအမျိုးမျိုးကို ဖြစ်စေတဲ့အပြင် အဝလွန်တာ၊ အစာမကြေတာ၊ စိတ်ကျရောဂါတွေကိုပါ ဖြစ်စေပါတယ်။
လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာ၊ ယောဂ ဆော့တာတွေအပြင် ကတာ ဝါသနာပါရင်လည်း ကတာ အဆင်ပြေပါတယ်။ အဓိကက လှုပ်လှုပ်ရှားရှားနေဖို့ပါပဲ။
၉။ အသင့်စား အစားအစာတွေ၊ သရေစာတွေ ခဏခဏစားတာ
အဲလို အစားအစာတွေဟာ ဈေးလည်းပေါပြီး အရသာလည်း ရှိပေမယ့် ကျန်းမာရေးနဲ့တော့ မညီညွတ်ပါဘူး။ အချိုတွေ၊ အဆီတွေ များတာကြောင့် အဝလွန်စေသလို နှလုံးရောဂါလည်း ဖြစ်စေပါတယ်။
Dr. Htar (www.drmyanmar.com)
















