/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သားအိမ်ကင်ဆာကို-ဘယ်လိုကာကွယ်ကြမလဲ

သားအိမ်ကင်ဆာကို ဘယ်လိုကာကွယ်ကြမလဲ?

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          ဒီမနက်ခင်းမှာ ကျွန်မရဲ့ ပထမဆုံးလူနာဟာ စမ်းသပ်ခန်းထဲမှာ စိတ်ပျက်လက်ပျက်နဲ့ ဒါလုပ်ရတာ အရမ်းမုန်းတာပဲလို့ ဆိုပါတယ်။ စမ်းသပ်ခန်းထဲ ခြေထောက်တင်စင်ပေါ် ခြေထောက်တင် ပေါင်ကားပြီး သားအိမ်ခေါင်းချွဲ ယူရတာကို ဆိုလိုတာပါ။ ဆရာမတို့ ဒါကို ဘယ်လိုတောင် နေ့စဉ်ရက်ဆက် လုပ်နိုင်ရတာလဲလို့ တအံ့တသြနဲ့ မေးပါသေးတယ်။

          တကယ်တမ်းပြောရရင် ဒီလို သားအိမ်ခေါင်းချွဲ ယူရတာရော၊ အယူခံရတာကိုပါ ကျွန်မလည်း မကြိုက်လှပါဘူး။ ဒါပေမဲ့ အမျိုးသမီးတွေကို သားအိမ်ခေါင်းကင်ဆာ ရောဂါဆိုးကြီးကနေ ကာကွယ်ရာမှာ တစ်စိတ်တစ်ပိုင်း ကူညီနိုင်လို့ အရမ်းဝမ်းသာရပါတယ်။

          ကျွန်မ အပါအဝင် သားဖွားမီးယပ်ဆရာဝန်တွေရဲ့ ကြိုးစားကာကွယ်မှုနဲ့တောင်မှ သားအိမ်ခေါင်းကင်ဆာ ဖြစ်နေကြသူတွေ သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးသူတွေ အများကြီး ရှိနေပါသေးတယ်။ သတင်းကောင်းတစ်ခုကတော့ အခုခေတ်နောက်ပိုင်းမှာ သားအိမ်ခေါင်းကင်ဆာရဲ့ ဇစ်မြစ်ကို သိရှိလာရတဲ့အတွက် ကာကွယ်နိုင်မယ့်နည်းလမ်းတွေ ပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။

 

1.      လိင်ဆက်ဆံဖက် မများပါနဲ့။

          သားအိမ်ခေါင်းကင်ဆာဟာ အမျိုးသမီး 75% လောက် ဖြစ်ဖူးကြတဲ့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ HPV (human papilloma virus) ကြောင့် ဖြစ်ရတာပါ။ အများစုမှာတော့ ဒီဗိုငး်ရပ်စ်ပိုးကို ခုခံအားစနစ်က တိုက်ခိုက်နိုင်တာကြောင့် ရောဂါပိုး ဝင်မှန်းတောင်မသိလိုက်ဘဲ နှစ်ပေါင်း အနည်းငယ်အတွင်းမှာတင် ပျောက်ကင်းသွားတတ်ကြပါတယ်။ ဒါပေမဲ့ ကံမကောင်း အကြောင်းမလှသူ အမျိုးသမီးအချို့မှာတော့ ဗိုင်းရပ်စ်ပိုးဟာ သားအိမ်ကင်ဆာ အကြိုအဆင့်ကို ပြောင်းလဲနိုင်ပြီး မကုသဘဲ ထားလိုက်ပါက ကင်ဆာ ပြောင်းလဲသွားနိုင်ပါတယ်။

          ဒီပိုးဟာ တစ်ယောက်ထက် ပိုပြီးဆက်ဆံမှုရှိတဲ့ အမျိုးသမီးတွေနဲ့ တစ်ယောက်ထက် ပိုပြီး ဆက်ဆံမှုရှိတဲ့ အမျိုးသားတွေရဲ့ ဆက်ဆံဖော်အမျိုသမီးတွေမှာ တွေ့ရနိုင်ပါတယ်။

          ဒါကြောင့် တစ်လင်တစ်မယားစနစ်နဲ့ နေထိုင်ဖို့ အထူးအရေးကြီးပါတယ်။

 

2.      ကာကွယ်ဆေး ထိုးပါ။

          သားအိမ်ခေါင်းကင်ဆာဟာ ဗိုငး်ရပ်စ်ပိုးကြောင့်ဖြစ်တာ ဖြစ်တဲ့အတွက် ကာကွယ်ဆေး ထုတ်လုပ်အောင်မြင်ခဲ့ပါတယ်။ ဗိုင်းရပ်စ်ပိုး မဝင်ရောက်မီထိုးဖု့ိ အထူးလိုအပ်ပါတယ်။ အသက် 11 နှစ်အရွယ်ကတည်းက စထိုးနိုင်ပြီး အသက် 26 နှစ်အရွယ်မှာ နောက်တစ်ကြိမ် ထပ်ထိုးနိုင်ပါတယ်။ သတိထားဖို့က ဒီဆေးဟာ ကင်ဆာရောဂါကို ကုသနိုင်တာမဟုတ်ဘဲ ကာကွယ်ရုံသက်သက်သာ ဖြစ်တယ်ဆိုတာပါပဲ။

          ကာကွယ်ဆေးကို သန်းပေါင်း 50 ကျော်အောင် ထိုးဖူးပြီး ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမားရှိတာကို မတွေ့ရပါဘူး။ ကျွန်မရဲ့ သမီးတွေကိုလည်း ထိုးပေးထားတဲ့အပြင် အမျိုးသမီးတိုင်းကိုလည်း ကာကွယ်ဆေးထိုးဖို့ သတိပေးပါရစေ။

 

3.      HPV ပိုး ရှိ၊ မရှိ စစ်ဆေးပါ။

          သိပ္ပံပညာတွေ ဘယ်လောက်ပဲထွန်းကားကား အကောင်းဆုံးနည်းကတော့ သားအိမ်ခေါင်းချွဲယူခြင်းပဲ ဖြစ်ပါတယ်။ သားအိမ်ခေါင်းချွဲ ယူတယ်ဆိုတာဟာ ပလတ်စတစ်အတံလေးနဲ့ သားအိမ်ခေါင်းက အချွဲလေးကို ခြစ်ယူပြီး အဏုကြည့်မှန်ပြောင်းအောက်မှာ ကင်ဆာဆဲလ် ပြောင်းလဲမှု ရှိ၊ မရှိ စစ်ဆေးရတာပဲ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ အသက် 30 နှောင်းပိုင်းအမျိုးသမီးတွေကို သားအိမ်ခေါင်းချွဲအပြင် HPV ပိုးကိုပါ ရှာကြည့်တာက ကင်ဆာရောဂါ ရှာဖွေရေးအတွက် ပိုပြီးအရေးပါကြောင်း သိလာပါတယ်။ အကယ်၍ HPV ပိုး မရှိခဲ့ရင် နောက်နှစ်အနည်းငယ်အတွင်း သားအိမ်ခေါင်းကင်ဆာဖြစ်ဖို့ အလွန်နည်းပါးကြောင်း သိနိုင်ပြီး သားအိမ်ခေါင်းချွဲ စစ်ဆေးမှုကို ခြားခြားပြီး လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် တစ်နှစ်တစ်ခါ သားဥအိမ်ကင်ဆာနဲ့ အခြားကာကွယ်နိုင်တဲ့ရောဂါတွေကို ဆရာဝန်နဲ့ တိုင်ပင်ကာ စစ်ဆေးမှု ခံယူဖို့ လိုအပ်ပါတယ်။

          သားအိမ်ခေါင်းချွဲ ပုံမမှန်ဖြစ်ဖူးသူ၊ ခုခံအားနည်းနေသူတွေမှာ နှစ်စဉ်နှစ်တိုင်း သားအိမ်ခေါင်းချွဲ စစ်ဆေးသင့်ပါတယ်။

          ပုံမှန်သားအိမ်ခေါင်းချွဲ မယူဖြစ်ဘူးဆိုရင် မြန်မြန်အပြေးလေး စစ်ဆေးမှု သွားခံယူလိုက်ပါလို့ တိုက်တွန်းချင်ပါတယ်။ အသက် 26 နှစ်အောက် အမျိုးသမီးတွေမှာ HPV ကာကွယ်ဆေးပါ ထိုးထားနိုင်ပါတယ်။

          အဓိက မှာချင်တာကတော့ ဆေးထိုးအပ်တွေ၊ သားအိမ်ခေါင်းချွဲယူတဲ့ အေးစက်စက် ခြစ်တံတွေဟာ သားအိမ်ခေါင်းကင်ဆာလောက်တော့ မဆိုးနိုင်ဘူး ဆိုတာပါပဲ။

Dr. Emerald (www.drmyanmar.com)