/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း

သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာရှိ/မရှိ စစ်ဆေးတဲ့နည်းကို pap smear လို့ခေါ်ပါတယ်။ သားအိမ်ခေါင်းမှာရှိတဲ့ ဆဲလ်လေးတွေကိုယူပြီး စစ်ဆေးခြင်းဖြစ်ပြီး ရောဂါကိုစောစောတွေ့ခဲ့မယ်ဆိုရင် ကုသလို့ပျောက်ကင်းနိုင်ပါတယ်။ ဒါ့အပြင် ကင်ဆာဖြစ်လာနိုင်ချေရှိတဲ့ ဆဲလ်အပြောင်းအလဲတွေကိုလည်းတွေ့ရှိနိုင်တဲ့အတွက် ကင်ဆာမဖြစ်အောင်ကြိုတင်ကာကွယ်နိုင်ပါတယ်။

♦ Pap smear ဘာကြောင့်လုပ်ရသလဲ

သားအိမ်ခေါင်းကင်ဆာကို စစ်ဆေးဖို့အတွက်သုံးပြီး အသက် 30 အထက်အမျိုးသမီးတွေမှာဆိုရင် လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါပိုးတစ်မျိုးဖြစ်တဲ့ HPV ဗိုင်းရပ်စ်နဲ့တွဲပြီး စစ်လေ့ရှိပါတယ်။

♦ ဘယ်လိုလူတွေ စစ်ဆေးသင့်သလဲ

Pap smear စစ်ဖို့လို/မလိုနဲ့ ဘယ်လောက်ကြာရင်ထပ်ပြီးစစ်သင့်တယ်ဆိုတာကို ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးရပါမယ်။ ယေဘူယျအားဖြင့်တော့ အသက် 21 ဆိုရင် စပြီးစစ်ဆေးလို့ ရပါပြီ။

♦ ဘယ်လောက်ကြာရင်ထပ်ပြီး စစ်ဆေးမှုခံယူသင့်သလဲ

- အသက် 21- 65 နှစ်အမျိုးသမီးတွေမှာဆိုရင်  3 နှစ်တစ်ကြိမ် စစ်သင့်ပါတယ်။

- အသက် 30 နှစ် နှင့်အထက်အမျိုးသမီးတွေမှာ HPV နဲ့ပါ တွဲပြီးစစ်ဆေးတာဆိုရင်တော့ 5 နှစ်တစ်ကြိမ် စစ်သင့်ပါတယ်။

ကင်ဆာဖြစ်နိုင်ချေများတယ်ဆိုရင်တော့ ဆရာဝန်က ဒီထက်ပိုပြီးမကြာခဏစစ်ဖို့ညွှန်ကြားပါလိမ့်မယ်။ ဒီဖြစ်နိုင်ချေများတဲ့အချက်တွေကတော့ -

- ကင်ဆာဖြစ်ရန်အလားအလာရှိသောဆဲလ်များတွေ့ရှိခြင်း

- ကလေးမမွေးမီ Diethystilbestrol ဓာတ်နှင့်ထိတွေ့မှုရှိခြင်း

- HIV ပိုးကူးစက်ခံရခြင်း

- ကိုယ်အင်္ဂါအစိတ်အပိုင်းအစားထိုးခြင်း၊ ဓာတ်ကင်ခြင်း၊ corticosteroid ဆေးကိုကာလကြာရှည်စွာသုံးစွဲခြင်း စသည်တို့ကြောင့် ကိုယ်ခံအားနည်းနေခြင်း

♦ ဘယ်အချိန်တွေမှာစစ်ဖို့မလိုတော့သလဲ

သားအိမ်နှင့် သားအိမ်ခေါင်းထုတ်ပြီးနောက် - pap smear ဆက်ပြီးစစ်ဖို့လို/မလိုဆိုတာ ဆရာဝန်ကိုသေချာမေးမြန်းပါ။ သားအိမ်အသားလုံးလိုမျိုး ကင်ဆာမဟုတ်တဲ့အခြေအနေကြောင့် သားအိမ်ထုတ်လိုက်တာဆိုရင်တော့ pap smear ဆက်စစ်ဖို့မလိုပါဘူး။ ဒါပေမယ့် သားအိမ်ခေါင်းကင်ဆာဖြစ်ဖို့ အလားအလာရှိလို့ (သို့) ကင်ဆာကြောင့် သားအိမ်ထုတ်လိုက်တာဆိုရင်တော့ ဆက်ပြီးစစ်ဆေးနေဖို့လိုအပ်ပါတယ်။

အသက် 65 နှစ်အထက် - အရင်ကဆေးစစ်ချက်တွေမှာ ကင်ဆာမဟုတ်ဘူးဆိုရင် အသက် 65 နှစ်ကျောက်ရင် ဆက်ပြီးမစစ်လို့လည်းရပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ချေများတယ် (သို့) လိင်ဆက်ဆံဖက်များတယ်ဆိုရင် ဆက်ပြီးစစ်ဆေးမှုပြုလုပ်ဖို့ ညွှန်ကြားပါလိမ့်မယ်။

♦ Pap smear စစ်ဆေးရာတွင်ကြုံတွေ့ရနိုင်သော ဆိုးကျိုးများ

သားအိမ်အသားစယူပြီးစစ်ဆေးခြင်းက သားအိမ်ကင်ဆာကို စောင့်ကြည့်ပြီးစစ်ဆေးဖို့အတွက် စိတ်ချရတဲ့နည်းလမ်းဖြစ်ပါတယ်။ ဒါပေမယ့် အမြဲတော့မဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ ပုံမှန်မဟုတ်တဲ့ဆဲလ်တွေရှိနေပေမယ့် အဖြေက ပုံမှန်ထွက်နေတာမျိုးတွေ ရှိတတ်ပါတယ်။ အဖြေမှားရတဲ့အချက်တွေကတော့ -

- ဆဲလ်ယူရာတွင်မလုံလောက်ခြင်း

- ပုံမမှန်သောဆဲလ်အနည်းငယ်သာရှိသေးခြင်း

- ပုံမှန်မဟုတ်သောဆဲလ်များကို သွေး (သို့) ရောင်နေသောဆဲလ်များက ပိတ်ထားခြင်း

♦ Pap smear ယူနေစဉ်အတွင်း

ဆေးခန်းမှာလုပ်ရမှာဖြစ်ပြီး မိနစ်အနည်းငယ်သာကြာမှာပါ။ ဒူးထောင်ပေါင်ကားပြီး အောက်ပိုင်းကိုလှန်ထားရပါမယ်။ သားအိမ်ခေါင်းကို သေချာမြင်ရဖို့အတွက် ဆရာဝန်က မွေးလမ်းကြောင်းထဲကို ဘဲနှုတ်သီးကိရိယာကို ညင်သာစွာထည့်ပါလိမ့်မယ်။ ပြီးရင် နူးညံ့တဲ့ဘရပ်စ်လေးနဲ့ သားအိမ်ခေါင်းကဆဲလ်နမူနာကိုယူပါလိမ့်မယ်။ နာကျင်ခြင်းမရှိပါဘူး။

♦ Pap smear ယူပြီးနောက်

Pap smear ယူပြီးနောက် ပုံမှန်အတိုင်းနေနိုင်ပါတယ်။ ရှောင်ကြဉ်ရမယ့် အချက်တွေမရှိပါဘူး။ ဓာတ်ခွဲခန်းမှာ စစ်ဆေးပြီးနောက် ကင်ဆာရှိ/မရှိအဖြေကို ပြောပါလိမ့်မယ်။

 

Dr. Mya Myo Myo Swe

www.drmyanmar.com