သားအိမ်ပြင်ပ သနေ္ဓတည်ခြင်း
သနေ္ဓသားလေးဟာ ပုံမှန်သားအိမ်အတွင်းသားမှာ သနေ္ဓမတွယ်ဘဲ တခြားတစ်နေရာရာမှာ သွားတွယ်နေတဲ့အခါ ပုံမှန်မကြီးထွားနိုင်ဘဲ ဆိုးဆိုးရွားရွားပြဿနာတွေ ဖြစ်လာနိ်ုင်ပါတယ်။
အများစုကို သားဥပြွန်မှာ တွေ့ရတတ်တယ်။ တခြားတွေ့နိုင်တဲ့နေရာတွေကတော့ သားအိမ်ထွက်ပေါက်၊ သားဥအိမ်၊ ဝမ်းခေါင်းတွေမှာပါ။
ပုံမှန်ဆိုရင် သားဥပြွန်ထဲမှာ သားဥနဲ့ သုတ်ကောင်တို့ တွေ့ဆုံပြီး မျိုးဥလေး ဖြစ်လာတယ်။ ဒီမျိုးဥဟာ သားအိမ်ထဲမှာ သွားတွယ်ပြီး တဖြည်းဖြည်း သနေ္ဓသားအဖြစ်ကို ကြီးထွားလာပါတယ်။
နေရာမှား သနေ္ဓတည်တဲ့အခါ အသက်အန္တရာယ် စိုးရိမ်ရတတ်ပါတယ်။ ဥပမာအားဖြင့် သားဥပြွန်မှာ သွားတည်တဲ့အခါ ပေါက်ထွက်ပြီး ကိုယ်တွင်းသွေးယိုစီးမှု ဖြစ်တတ်တယ်။
နေရာမှားသနေ္ဓတည်တာဟာ ကိုယ်ဝန်ဆောင်သူတွေအားလုံးရဲ့ ၁-၂ ရာခိုင်နှုန်းလောက် ရှိနိုင်တယ်။
>> အကြမ်းဖျင်းပြောရမယ်ဆိုရင် ...
သနေ္ဓသားလေး ပုံမှန်နေရာမှာ သနေ္ဓမတွယ်ဘဲ တခြားနေရာမှာ သွားတွယ်နေတာကို နေရာမှား သနေ္ဓတည်တယ်လို့ ခေါ်တယ်။ များသောအားဖြင့် သားဥပြွန်မှာ တွယ်တတ်တယ်။
ဒီလို နေရာမှား သနေ္ဓတွယ်တဲ့အခါ သနေ္ဓသားလေး အသက်မရှင်နိုင်ဘူး။ ပေါက်ထွက်တဲ့အခါ ပိုဆိုးပြီး အမေကိုပါ အသက်အန္တရာယ်ရှိနိုင်တယ်။
သားဥပြွန် ပိုးဝင်ဖူးသူတွေ၊ ဆေးလိပ်သောက်သူတွေ၊ ကလေး မရနိုင်သူတွေ၊ သားအိမ်ထဲ သနေ္ဓတားဆေး ထည့်ထားသူတွေ၊ အသက်ကြီးသူတွေမှာ ဖြစ်တတ်တယ်။
မှန်ပြောင်းထည့် ခွဲစိတ်နိုင်သလို methotrexate ဆိုတဲ့ ဆေး သောက်လို့ရတယ်။
>> ဘယ်လိုလက္ခဏာတွေနဲ့ နေရာမှား သနေ္ဓတည်နေတာကို သိနိုင်မလဲ?
● အစောပိုင်းမှာတော့ ပုံမှန်ကိုယ်ဝန်လိုပါပဲ။ ကိုယ်ဝန် စစ်ကြည့်လိုက်တော့ နှစ်ကြောင်း ပေါ်နေလိမ့်မယ်။
● ရာသီမလာတော့ဘဲ ပျို့ချင်၊ အန်ချင် ဖြစ်နေလိမ့်မယ်။ ရင်သားတွေ နာလာပြီး နုံးနေလိမ့်မယ်။
● ၄ ပတ်ကနေ ၁၀ ပတ်လောက် ရောက်လာတဲ့အခါ ပုံမမှန်တာတွေ စပေါ်လာတော့တာပဲ။
● ဝမ်းဗိုက်တစ်ခြမ်းက နာလာခြင်း : တောက်လျှောက်ကို ဆိုးဆိုးရွားရွား နာလာပါလိမ့်မယ်။
● သွေးဆင်းခြင်း : ပုံမှန်ရာသီသွေးဆင်းတာထက် ပိုနည်းပြီး ပိုမည်းနေတတ်တယ်။ ကိုယ်ဝန်ရှိမှန်း မသိခဲ့ရင် ပုံမှန်ရာသီလာတာနဲ့ မှားတတ်တယ်။
● ပခုံးထိပ် နာလာခြင်း : ဒါဟာ ကိုယ်တွင်းသွေးယိုစီးမှု ဖြစ်နေတာကို ပြနေတယ်။
● ဆီးသွား၊ ဝမ်းသွားတဲ့အခါ နာနေခြင်း
● မူးမေ့လဲခြင်း : သားဥပြွန် ပေါက်ထွက်တဲ့အခါ မူးလဲတတ်တယ်။ ဒါဆိုရင်တော့ အရေးပေါ်အခြေနေပါပဲ။
>> ကိုယ်တွင်း သွေးယိုစီးတဲ့အခါ -
● မိုက်ခနဲဖြစ်ခြင်း
● ဝမ်းလျှောခြင်း
● ဖြူဖျော့ခြင်း ဒီလိုလက္ခဏာတွေလည်း ဖြစ်တတ်သေးတယ်။
ကိုယ်ဝန် ၆ ပတ်ကနေ ၁၆ ပတ်လောက်အတွင်းမှာ သားဥပြွန် ပေါက်ထွက်တတ်တယ်။ ပေါက်သွားပေမယ့်လည်း ကုသလို့ ရပါသေးတယ်။
သနေ္ဓသားလေးကတော့ သားအိမ်ပြင်ပမှာ အသက်မရှင်နိုင်တာမို့ ကိုယ်ဝန်ကတော့ ပျက်ကျပါတယ်။
>> ဒီလိုနေရာမှား သနေ္ဓတည်ခြင်းကြောင့် ...
● ကိုယ်တွင်း သွေးယိုစီးခြင်း : အချိန်မီ မကုသနိုင်ခဲ့ရင် သွေးထွက်များပြီး စိုးရိမ်ရတတ်တယ်။
● သားဥပြွန် ပျက်စီးခြင်း : ကုသမှုကို နှောင့်နှေးခဲ့ရင် သားဥပြွန် ပေါက်ထွက်တတ်တယ်။
● စိတ်ဓာတ်ကျခြင်း : ကလေးကို အဖတ် မဆယ်နိုင်တာရယ်၊ နောက် ကိုယ်ဝန်အတွက် စိုးရိမ်တာကြောင့်ရယ် ဖြစ်နိုင်တယ်။
သားဥပြွန်တစ်ဖက် ဖြတ်လိုက်ရရင်တောင် ကလေးရနိုင်သေးတယ်ဆိုတာ မမေ့နဲ့နော်။ နောက်ဆုံး ၂ ဖက်လုံး ဖြတ်လိုက်ရင်တောင် ဖန်ပြွန်သနေ္ဓသားနည်း ကြိုးစားလို့ရသေးတယ်။
>> ဘာကြောင့် ဒီလိုနေရာမှား သနေ္ဓတည်ရသလဲဆိုတာ သိထားဖို့ လိုတယ်နော်။
● အရင်က ဒီလိုနေရာမှား သနေ္ဓတည်ဖူးခြင်း
● အသက်ကြီးခြင်း
● သားဥပြွန်၊ သားအိမ်၊ သားဥအိမ် ပိုးဝင်ဖူးခြင်း
● လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါတွေ ရှိဖူးခြင်း
● ဆေးလိပ်သောက်ခြင်း
● ကိုယ်ဝန်ဆေးတွေ သောက်နေခြင်း၊ ကလေး မရနိုင်ခြင်း
● သားဥပြွန် ပုံမမှန်ခြင်း
● ယခင်က ခွဲစိတ်ဖူးခြင်း (ကလေးမွေးခြင်း၊ သားအိမ်အသားလုံး ခွဲစိတ်ခြင်း)
● သနေ္ဓတားဆေးတွေ သောက်နေခြင်း၊ သားအိမ်ထဲ ထည့်ထားခြင်း
● သားကြောဖြတ်ထားခြင်း
Dr. Mya Phoo Ngon (www.drmyanmar.com)
















